HCF

HCF MYANMAR IN SINGAPORE

Monday, May 10, 2010

ကျွန်ုပ်တို့၏ ထာဝရဘုရင် ယေရှုခရစ်




ကျွန်ုပ်တို့၏ ထာဝရ ဘုရင် ယေရှုခရစ်

Jesus Christ Our King Forever

သင်ခန်းစာ (၁၂)

''...အကြောင်းမူကားသိုးသငယ်သည်သခင်တို့၏သခင်၊ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။''(ဗျာ၊၁၇း၁၄)

ချစ်သော မိတ်ဆွေ

ခရစ်ဝင်ကျမ်းများ၌ ခရစ်တော်ကို ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခဲ့သောသူ၊ ဒုက္ခဆင်းရဲခံတော်မူသော ကယ်တင်ရှင် အဖြစ်မြင်တွေ့ခဲ့ရသည်။ ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်၏သားတော်ကို ခြားနားသောပုံတခုအဖြစ် ဘုရားက ဖေါ်ပြခဲ့သည်။ သူ့ကို ဘုရားသခင်၏ လင်္ကျာဘက်တွင် ထိုင်တော်မူသော ဘုန်းကြီးသော ခရစ်တော်အဖြစ် မြင်တွေ့ရပေသည်။

ယေရှုသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်သည်။

တမန်တော်ယောဟန်သည် ပတ်မုကျွန်း၌ရှိစဉ် ဘုန်းကြီးသောခရစ်တော်သည် သူအားထင်ရှားပြတော်မူခဲ့သည်။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့်ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။ အသံတော်သည်လည်း သမုဒ္ဒရာသံတော်ကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။(ဗျာ၊၁း၁၄-၁၆)

ယောဟန်သည် တန်ခိုးကြီးသော၊ဘုန်းနှင့်ပြည့်စုံတော်မူသော ခရစ်တော်ကိုမြင်သောအခါ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌လဲ လျက်နေ၏။ ထိုနောက် ခရစ်တော်သည် ယောဟန်၏အပေါ် လင်္ကျာလက်ကိုတင်လျက် ပြောသည်မှာ''ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံး သောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည်အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။''(ဗျာ၊၁း၁၇-၁၈)

ဤကား သခင်ယေရှုခရစ်တော်သည် ယနေ့၌ ဘုရင်တကာတို့ဘုရင်၊ သခင်တကာတို့သခင် အဖြစ်ရှိနေခြင်းဖြစ်သည်။ သူ သည် မကြာခင် အလျှင်အမြန် ဤလောကသို့ တဖန်ပြန်လည်ကြွလာလိမ့်မည်။ သူ၏ပြန်ကြွလာခြင်းက ယုံကြည်သူများနှင့် မယုံကြည် သူ များအတွက် ဘယ်ကဲ့သို့အဓိပ္ပါယ်ဆောင်ပါသနည်း။ ကျွန်ုပ်တို့မြင်ခြင်ပါသည်။

ရှင်ဘုရင်သည် သူ၏ရန်သူများကို ဖျက်ဆီးရန် လာမည်။

သခင်ယေရှုကို ကယ်တင်ရှင့်နှင့်အရှင်သခင်အဖြစ် လက်မခံခဲ့သောသူများ၌ ဤကြွလာခြင်းသည် ကြောက်ရွံ့ခြင်းနှင့် တရား စီရင်ခြင်းအချိန်ဖြစ်သည်။ခ ရစ်တော်ပြန်လာခြင်းက အပြစ်ကိုတရားစီရင်ရန်နှင့် သူ၏ရန်သူများကို ဖျက်ဆီးရန်ဖြစ်သည်။ ယောဟန်က ''ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊မြင်းဖြူရှိ၏။ မြင်းစီးသောသူသည် သစ္စာဟူသောအမည် သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူသည်တရားသဖြင့်စီရင်တတ်၏။တရားသဖြင့်စစ်တိုက်တတ်၏။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၄င်း၊ ပေါင်တော်၌၄င်းရေးထားလျက်ရှိ၏။ ခရစ်တော်ပြန်လာချိန်၌ ဆိုးသွမ်းသောသူများတို့သည် ကြောက်ရွံ့၍ သူတို့သည်ကျောက်ဂူများတွင် ကိုယ်တိုင် ပုန်းနေကြလိမ့်မည်။ သူတို့သည်ကျောက်များ၊ တောင်များတို့ကိုခေါ်လျက် ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ် ၏ အမျက် တော်မှ ကွယ်ကာရန်နှင့် သူတို့ကို ဖုန်းအုပ်ရန်ဖြစ်သည်။

ကျမ်းစာက ''ကြောက်တတ်သောသူ''နှင့် မယုံကြည်သောသူများ၊ ဆိုးသွမ်းသူများနှင့် မုသာသုံးသော သူများတို့သည် ကန့်နှင့် မီးလောင်သောအိုင်ထဲသို့ ပြစ်ချခြင်းခံရလိမ့်မည်။ ထိုထဲ၌ ကြောက်ရွံ့သောသူများသည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံခြင်း ဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သိသော်လည်း သို့သော်လက်မခံပါ။ သူတပါးတို့၏အပြောကို ကြောက်သောကြောင့် ဖြစ် သည်။ လူကို ''ကြောက်ရွံ့ခြင်း''ကြောင့် ထာဝရပျက်စီးဆုံးရှုံးခြင်းသို့ရောက်ရခြင်းသည် အလွန်မှကြောက်ဘွယ်ဖြစ်သည်။

ရှင်ဘုရင်သည် သူ၏ယုံကြည်သူများကို သူနှင့်အတူ အစဉ်နေရန် သိမ်းဆည်းရန် လာခြင်းဖြစ်သည်။

ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သူများသည် သူပြန်လာခြင်းသည် ဘုန်းကြီးသောအချိန် ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့ကို သူနှင့်အတူအစဉ်နေရန် ပြန်လာသိမ်းယူခြင်းဖြစ်သည်။ ပထမဦးစွာ ကောင်းကင်သို့ သခင်ဘုရားထံသို့ ချီဆောင်ခံပြီး နောက် ကယ်တင်ခြင်းသို့ ရောက်ပြီး၊ ဘယ်ကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းအပေါ် တရားစီရင်ခြင်းကိုခံရပေမည်။ သခင်ဘုရားအား သစ္စာရှိစွာ အစေခံခဲ့သူများ သည်အံ့ဘွယ် ဆုလပ်များကို ရကြပေလိမ့်မည်။

ထိုနောက်ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်အတူ ဤကမ္ဘာမြေပေါ်သို့တန်ခိုးနှင့်ဘုန်းနှင့်ပြန်လာ၍ ရန်သူများကို ဖျက်ဆီးပြီး သူ၏ နိုင်ငံတော်ကို တည်ထောင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူနှင့်အတူ နှစ် ၁ဝဝဝ စိုးစံပေလိမ့်မည်။ ထိုနောက်မှ သခင်ဘုရား နှင့် အတူ ကောင်းကင်ဘုံ တွင် အစဉ်နေရန် ကျွန်ုပ်တို့သွားရောက်ရပေလိမ့်မည်။

ကောင်းကင်ဘုံကား အဘယ်ကဲ့သို့နည်း။

ကောင်းကင်ဘုံကား အဘယ်ကဲ့သို့နည်း၊ သင်သည် သိနားလည်ခဲ့ဘူးပါသလား။ ကောင်းကင်ဘုံ၏အကြောင်းအရာ အချက် သုံးချက်ကို စဉ်းစားကြပါစို့။

၁။ ကောင်းကင်ဘုံသည် လှပသောမြို့တော် ဖြစ်သည်။

ကောင်းကင်ဘုံသည် ကျွန်ုပ်တို့စဉ်းစားစိတ်ကူးနိုင်တာထက် သာ၍လှပပေသည်။ တမန်တော်ယောဟန်က ''သန့်ရှင်းသော မြို့သစ် တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဘို့တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရား သခင်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏။''ဟုဆို၏။(ဗျာ၊၂၁း၂)

ဘုရားသခင်ကိုယ်တော်တိုင် တည်ဆောက်ပြုလုပ်သော ဤကဲ့သို့ မြို့တမြို့ကို ကမ္ဘာကဘယ်သောအခါမျှ မတွေ့ခဲ့ရပါ။ ယောဟန်က ဘုရားသခင်၏ဘုန်းတော်နှင့် ပြည့်စုံသောမြို့ဟုရေးသားခဲ့ပါသည်။ ''ထိုမြို့၏အရောင် အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့်တူ၏။ ကြီးမြင့်သောမြို့ရိုးလည်းရှိ၏။ ...တခါးတဆယ်နှစ်ပေါက်ရှိ၏။ ထိုတခါး တဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါးရှိ၏။ ..မြို့ရိုးကိုယ်သည်နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သော ဖန်နှင့် တူသော ရွှေစင်ဖြစ်၏။'' (ဗျာ၊၂၁း၁၁,၁၂,၁၈)

စိတ်ကူးဖြင့်မြင်ကြည့်စမ်းပါ။ ဤမြို့သည် ကြည်လင်သောဖန်နှင့်တူသော ရွှေစင်ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ် အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ တခါးတဆယ်နှစ်ပေါက်ရှိ၏။ ကြီးသောတခါးရွက် တဆယ်နှစ်ရွက် အသီးအသီးတို့သည် လှပသော ပုလဲ တပြားစီဖြင့်ပြီး၍ ပုလဲ တဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည်ကြည်လင်သောဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။ ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကိုအလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်းတော်သည် ထိုမြို့ကိုလင်းစေ၏။ သိုးသငယ်သည် လည်း ထိုမြို့၏ဆီမီးဖြစ်၏။(ဗျာ၊၂၁း၂၃)

၂။ ကောင်းကင်ဘုံသည်ကြွယ်ဝပြည့်စုံသောမြို့ဖြစ်သည်။

ဘုရား၏မြို့တော်၏ အကျယ်အဝန်းကို လူများစွာကအံ့သြကြသည်။ ကျမ်းစာကမြို့သည် စတုရန်းလေးထောင့်ဖြစ်ပြီး အလျားတဘက် လျှင် မိုင်၁၅ဝဝခန့် ရှိသည်။ နယ်ပယ်အများရှိပြီး လူပေါင်းသန်းပေါင်းများစွာရှိနေပေလိမ့်မည်။ မည်သူတဦးတယောက်မျှ ဆာငတ်ခြင်း(သို့) တစုံတခု လျှော့နည်း လိုအပ်ခြင်းမရှိပါ။ ကျမ်းစာက ''သူတို့သည်နောက်တဖန်ရေစာကိုမငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်း မထိရ။ အဘယ်အပူကိုမျှ မခံရကြ။ -အကြောင်းမူကား ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည် ဟုဆိုလေ ၏။'' ဟုဆို၏။(ဗျာ၊၇း၁၆,၁၇)

၃။ ကောင်းကင်ဘုံသည် ပျော်ရွှင်ခြင်းနှင့်ပြည့်စုံသောမြို့ ဖြစ်သည်။

မြို့တော်၌နေကြသောသူများသည် ပျော်ရွှင်ကြသည်။ သူတို့သည်ချီးမွမ်းခြင်းသီချင်းများကို သီဆိုရန်နှစ်သက်ကြသည်။ သူ တို့အတွက် သခင်ယေရှုပြုခဲ့သောအမှုများအတွက် ကျေးဇူးတော်ချီးမွမ်းကြသည်။ ကောင်းကင်ဘုံ၌ ဖျားနာခြင်းမရှိ၊ နာကြင်ခြင်းမရှိ၊ ဝမ်းနည်းခြင်းမရှိ၊ အပြစ်မရှိ၊သေခြင်းမရှိတော့ပေ။ ဤအရာများအားလုံး ထာဝစဉ်ထွက်ခွါသွားပြီးဖြစ်သည်။ ကျမ်းစာက ''ဘုရားသခင် သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ၊ အကြောင်းမူကား ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီး။''ဟုဆို၏။(ဗျာ၊၂၁း၎)

ခရစ်တော်ကို ယုံကြည်ကိုးစားသော ကျွန်ုပ်တို့၏ချစ်ခင်သူများ အားလုံးထိုနေရာ၌ ရှိကြပေလိမ့်မည်။ အချို့က မေးပေမည်။ ''ကောင်းကင်ဘုံ၌ ချစ်ခင်သူများ တဦးကိုတဦး သိနိုင်လိမ့်မည်လား။''သိနိုင်ပါသည်။ ကျွန်ုပ်တို့သိကြလိမ့်မည်၊ အတူတကွအစဉ်နေရကြ လိမ့်မည်။ နောက်တဖန်ဘယ်သောအခါမျှ ခွဲခွါနှုတ်ဆက်ခြင်းစကား မပြောရတော့ပါ။ ကောင်းကင်ဘုံ၌ ကြီးစွာသောဝမ်းမြောက်ခြင်း ကား ကျွန်ုပ်တို့ ခရစ်တော်ထံ ပို့ဆောင်ခဲ့သူများနှင့်တွေ့ဆုံရခြင်းဖြစ်ပေလိမ့်မည်။ ကောင်းကင်ဘုံ၌ တဦးတယောက်က သင်ထံလာပြီး ''သင်က ကျွန်ုပ်အား ယေရှု၏အကြောင်းကို ပြောပြခဲ့တာကို မှတ်မိပါသလား။ ဤအကြောင်းအရာက ယေရှုကို ကျွန်ုပ်လိုအပ်ပြီး၊ သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပါ သည်။ သင်ပြောပြ၍ ဤလှပသောနေရာသို့ သခင်ယေရှုနှင့်အတူ အစဉ်နေရန်ရောက်ရှိလာရခြင်းကြောင့် သင့်အား ကျေးဇူးတင်ပါသည် ''ဟု ပြောလာပါက ဘယ်လောက်အံ့သြကြည်နူးဘွယ် ဖြစ်လိမ့်မည်နည်း၊ စဉ်းစားကြည့်ပါ။

သို့သော် အံ့သြဘွယ်အကောင်းဆုံး၊ ကောင်းကင်ဘုံအကြောင်းအရာကား၊ ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့နှင့်အတူ ရှိနေခြင်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့သည် သူ၏လူများဖြစ်ကြပေလိမ့်မည်။ ဘယ်အရာကမျှ ကျွန်ုပ်တို့အား နာကျင်စေခြင်း(သို့) ကြောက်ရွံ့စေခြင်း မပြုလုပ်နိုင်တော့ပါ။ ကျမ်းစာက''ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရား သခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည်ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။''ဟုဆိုသည်။(ဗျာ၊၂၁း၃)

ကျွန်ုပ်တို့ဘုရင်၏မြို့တော်၌ မည်သူတို့ နေထိုင်ကြရလိမ့်မည်နည်း။

သိုးသူငယ်၏အသက်စာစောင်၌ နာမည်ရေးထားခြင်းခံရသောသူများသည် ဘုရားသခင်၏လှပသောမြို့တော်တွင် နေရကြ လိမ့်မည်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံသောသူများဖြစ်သည်။ ကောင်းကင်ဘုံ၌ လူတိုင်းသည် သခင်ယေရှုကို ချစ်ကြ သည်၊ ကိုးကွယ် ကြသည်။ သင်သည် ကောင်းကင်ဘုံလမ်းများ၌ နှစ်သန်းပေါင်းများစွာ လျှောက်လှမ်းနိုင်ပြီး၊ သခင်ယေရှုကို ချီးမွမ်း ခြင်းနှင့် ကိုးကွယ်ခြင်းဆိုင်ရာ စကားများမှတပါး အခြားသောအရာများကို ဘယ်သောအခါမျှ ကြားရလိမ့်မည်မဟုတ်ပါ။ ဤအရာသည် အမှန်ဖြစ်သောကြောင့် သခင်ယေရှုကို မချစ်သောသူများအတွက် ဤလှပသောနေရာတွင်နေရာမရှိပါ။

ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ ဘာတွေကို လုပ်ဆောင်ရလိမ့်မည်နည်း။

၁။ ကျွန်ုပ်တို့ဘုရင်ကို မျက်နှာခြင်းဆိုင် တွေ့ရပေလိမ့်မည်။ ကျမ်းစာက''မျက်နှာတော်ကိုမြင်ရ၍''ဟု ဆိုပါသည်။

၂။ အသစ်သောသီချင်းကိုဆိုရလိမ့်မည်။ ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးခဲ့သော သခင်ယေရှုကို ချီးမွမ်းထားသော သီချင်းဖြစ်သည်။

၃။ ကျွန်ုပ်တို့၏ဘုရင်ကို အစေခံကြရပေလိမ့်မည်။ ကျမ်းစာက''သူ၏အစေခံများသည် အစေကိုခံကြလိမ့်မည်။'' ဘယ်ကဲ့သို့သောအစေကို ခံရမည် ကို အတိအကျမသိပါ။ သိုသော် အစေခံခြင်းအမှု၌ ဝမ်းမြောက်ကြ လိမ့်မည်။ သခင်ကိုချစ်သောကြောင့် ဖြစ်သည်။

၎။ ဘုရင်နှင့်အတူစိုးစံရကြလိမ့်မည်။ ကျမ်းစာက ကျွန်ုပ်တို့ သူနှင့်အတူ ကာလအစဉ်အဆက် စိုးစံရကြလိမ့်မည်။

၅။ ကျွန်ုပ်တို့၏ဘုရင်ကိုကိုးကွယ်ဝတ်ပြုရလိမ့်မည်။ သခင်ကို ကိုးကွယ်ခြင်းသည် သူကိုချီးမြောက်ခြင်းနှင့်ရိုသေခြင်း ဖြစ်ပြီး၊ သူသည် ကိုးကွယ်ခြင်း ကို ခံထိုက်ပေသည်။

ယေရှုခရစ်တော်သည် ကိုးကွယ်မှုအလုံးစုံကို ခံထိုက်ပေသည်။

ယောဟန်သည် ကောင်းကင်ဘုံ၌ဘုရားသခင်၏ ပလ္လင်ကိုမြင်တော်မူ၏။ ပလ္လင်၏အလယ်၌''အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ် '' ကိုမြင်တော်မူ၏။ ဤကားအခြားသောသူမဟုတ် ယေရှုခရစ်တော်ဖြစ်၏။ သခင်ယေရှု၌ ဘွဲ့နာမများစွာရှိပါသည်။ ''ဘုရားသခင်၏ သိုးသငယ်''ဟူသော ဘွဲ့နာမထက်သာ၍ အံ့ဘွယ်သောနာမ၊ မရှိပါ။

သခင်ယေရှုအားဘုရား၏သိုးသငယ်အဖြစ် ပြောဆိုခြင်း အဓိပ္ပါယ်ကား အဘယ်နည်း။ ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင် ပေါ် အသေခံခြင်းကို ကျွန်ုပ်တို့ဆိုလိုခြင်းဖြစ်ပါသည်။ ကျမ်းစာ၌တန်ဘိုးရှိဆုံး သစ္စာကားဘုရားသခင်၏ သားတော် သည် ကျွန်ုပ်တို့ကိုချစ်၍ ကောင်းကင်ဘုံကို စွန့်ပြီးကာ လူဇာတိကိုခံခဲ့ပြီး ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကြောင့်ကောင်းကင်ဘုံ၌ သူ့ကိုချစ်ခြင်းနှင့်ကိုးကွယ်ခြင်းကား အံ့သြစရာမဟုတ်ပါ။ ကျမ်းစာ၌''...ယေရှုခရစ် ထံတော် က ၄င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့်ငါတို့အပြစ်များကို ဆေးကြောတော်မူ၍ ..ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်''ဟုဆိုသည်။(ဗျာ၊၁း၅,၆)

ကမ္ဘာပေါ်ရှိ လူမျိုး၊နိုင်ငံ၊ လူအနွယ်ခပ်သိမ်းတို့အထဲက လူများစွာတို့သည် သခင်ယေရှု၏ပလ္လင်တော်ပတ်လည်၌ ဝန်းရန်၍ သူ့အား ချီးမွမ်းသီချင်းကို ဆိုကြလိမ့်မည်။ ကျမ်းစာ၌ ''ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကို ပြော သောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့်ဘုရားသခင်အဘို့ ရွေးနှုတ်တော် မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင် ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၄င်း၊ ယဇ်ပုရောဟိတ်အရာ၌၄င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံ ရသော အခွင့် ကိုပေးတော်မူ၏။ ထိုကြောင့် ကိုယ တော် သည် စာစောင်ကို ခံယူ၍ တံဆိတ်တို့ကိုဖွင့်ထိုက်တော်မူသည်ဟု အသစ်သောသီချင်းကို သီ၍လျှောက်ဆိုကြ၏။''ဟုဆို၏။(ဗျာ၊၅း၉,၁ဝ)

ယောဟန်သည် သခင်ယေရှု၏ပလ္လင်ပတ်လည်၌ကောင်းကင်တမန်များကိုမြင်တော်မူ၏။အရေအတွက်အလွန်များသောကြောင့် မရည် မတွက် နိုင်ခဲ့ပါ။ သူတို့သည်သခင်ယေရှုကိုကိုးကွယ်ကြ၏။ ''ထိုသူတို့ကလည်း အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊အစွမ်းသတ္တိ၊ဂုဏ်အသရေ ၊ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏ဟု၊ ကြီးသောအသံနှင့် ပြောဆိုကြ၏။'' (ဗျာ၊၅း၁၂)

ကောင်းကင်ဘုံ၌ အခြားသောမြင်ကွင်းကိုလည်း ယောဟန်သည်ရေးသားဖေါ်ပြခဲ့သည်။ ဤအချိန်၌ ကောင်းကင်ပေါ်၌ ၄င်း မြေကြီး ပေါ်၌၄င်း သတ္တဝါအားလုံး သခင်ယေရှုကိုကိုးကွယ်၍ ပြောဆိုသည်ကား ''ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာ အဆက် ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါ ကြားလေ ၏။''(ဗျာ၊၅း၁၃)

တနေ့သောအခါ သန်းပေါင်းများစွာသော ရွေးနှုတ်ခြင်းကိုခံရသောသူများတို့သည် သခင်ယေရှု၏ ပလ္လင်တော်ကိုဝန်းရန်ပြီး အတူတကွ ချီးမွမ်းခြင်းနှင့်ကိုးကွယ်ကြရပေလိမ့်မည်။ ကျွန်ုပ်တို့၏ဘုရင်သည် ကိုးကွယ်ခြင်း အလုံးစုံကို ခံထိုက်တော်မူ၏။

ဘုရင်သည် ပြန်ကြွလာမည်။

ဘုရင်သည်ပြန်ကြွလာမည် မှန်ပေသည်။ သူသည်အမြန်လာမည်။ သခင်ယေရှုက ''ငါသည်အလျှင် အမြန်လာ မည်။'' (ဗျာ၊၂၂း၁၂) မကြာခင် ကျွန်ုပ်တို့၏ဘုရင်နှင့်အတူ ထာဝစဉ်အမြဲနေရလိမ့်မည်။ ဤဘဝရှိပြသနာများနှင့်ဒုက္ခဆင်းရဲခြင်းသည် တခဏ မျှသာဖြစ်သည်။ ထိုအရာ များက ကျွန်ုပ်တို့ကောင်းကင်ဘုံ၌ ဘုန်းအသရေကိုအမှန်တကယ်ထပ်တိုး၍ရဘို့သာဖြစ်သည်။ ကျမ်းစာက ''ယခု ခဏ ခံရ၍ ပေါ့ပါးသော ဆင်းရဲ ခြင်း ဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့ အဘို့ ဖြစ်စေတတ်၏။''ဟုဆိုသည်။ (၂ကော၊၄း၁၈)

ဤလောက၏ ဒုက္ခဆင်းရဲခြင်းနှင့်ဝမ်းနည်းခြင်းများသည် တနေ့ခံစားရမည့် ဘုန်းအသရေနှင့်နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ပါ။ တမန်တော် ပေါလု က''ငါတို့အား ပေါ်ထွန်းလတံ့သောဘုန်းကို ထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏ မပြုထိုက်ဟု ငါသဘောရှိ၏။''ဟုဆိုသည်။(ရော၊၈း၁၈)

ကျွန်ုပ်တို့၏အနာဂတ်ကား အဘယ်မျှဘုန်းကြီးပါသနည်း။ အံ့ဘွယ်ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ဖြစ်မည်နည်းစသည် တို့ကို စိတ်ကူးနှင့်မျှ စဉ်းစား၍မမှီနိုင်ပါ။ ကျမ်းစာ၌ ''ကျမ်းစာလာသည်နှင့် အညီ၊ ဘုရားသခင်ကိုချစ်သောသူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင် တော် မူ သော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊စိတ်နှလုံးဖြင့်မကြံစည်သေး။''ဟုဆိုသည်။(၁ကော၂း၉)

ဤဘဝအသက်တာ၏ဆင်းရဲခြင်းနှင့် ဝမ်းနည်းခြင်းများထဲ၌ ကောင်းကင်ဘုန်းတော်သည် ကျွန်ုပ်တို့၏စိတ်ထဲတွင် ပြည့်စေခြင်းဖြင့် ဝမ်းမြောက်ခြင်းရှိပါစေ။

ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ပြည့်စေခြင်းဖြင့် သူ့အတွက် အသက်ရှင်နိုင်ပါစေသော။ သူ၏ကြွလာခြင်း ကို မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့အသက်တာကို သန့်ရှင်းစေပြီး သူပြန်လာချိန်၌ ကျွန်ုပ်တို့ကို အဆင်သင့် ဖြစ်စေ လိမ့်မည်။ ''သခင်ယေရှုကြွလာ တော်မူပါ။ ငါတို့ သခင်ယေရှု၏ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။'' ယေရှုမကြာခင်ပြန်လာမည်။ ကျွန်ုပ်တို့လည် ယေရှုဘုရင် နှင့် အစဉ်အမြဲ နေရကြလိမ့်မည်။ အာမင်။

ရှာဖွေ တွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ

ယေရှု အလျှင်အမြန် ပြန်လါမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘုရင်နှင့်အတူ ထာဝစဉ် အတူနေရပေ လိမ့်မည်။

မေးခွန်းများ။(အကောင်းဆုံးသော အဖြေမှန်ကို ရွေးပါ)

၁။ သခက်ယေရှုခရစ်တော်သည် ယနေ့ သူ မည်ကဲ့သို့ ရှိနေပါသနည်း။

(က) ဘုရင်တကာတို့၏ဘုရင် နှင့် သခင်တကာတို့၏သခင် ၊

(ခ ) ခရစ်ယာန် နိုင်ငံများကို အုပ်စိုးလျက် နေသည်။

(ဂ ) စင်္ကြာဝဠာ၏ အစိတ်အပိုင်း တစ်ခုကို အုပ်စိုးလျက် နေသည်။

၂။ ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းသည် အလွန်ကြောက်စရာကောင်းခြင်းနှင့် တရားစီရင်ခြင်း အချိန် ဖြစ်လိမ့်မည်။်

(က) လူတိုင်း၊

(ခ ) ခရစ်ယာန်များ၊

(ဂ ) သခင်ယေရှုကို ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် ဘယ်သောအခါမျှ လက်မခံခဲ့သော သူများ။

၃။ ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ မည်သူတို့ ပစ်ချခြင်းကို ခံရကြမည်နည်း။

(က) ယုံကြည်သူများ၊

(ခ ) ကြောက်တတ်သောသူ၊ မယုံကြည်သောသူများ၊ ဒုစရိုက်ပြုသောသူနှင့် သစ္စာပျက်သောသူများအားလုံး၊

(ဂ ) လိမ်ညာခြင်းအမှုကို ပြု သောသူများသာလျှင်၊

၎။ "ကြောက်တတ်သောသူ" များသည် မည်သူတို့ ဖြစ်ပါသနည်း။

(က) သေခြင်းကို ကြောက်သော သူများ၊

(ခ ) ကယ်တင်ခြင်းကို မည်ကဲ့သို့ ရောက်နိုင်ကြောင်းကို သိသောသူများဖြစ်သည်။ သို့သော် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်မခံပါ၊ အကြောင်းမှာ အခြားသောသူများ ၏ ကဲ့ရဲ့ ပြောဆိုခြင်းကို ကြောက်သောကြောင့် ဖြစ်သည်။

(ဂ ) ညအမှောင်ကို ကြောက်ကြသောသူများ၊

၅။ ဤ မည်သည့် ရေးသား ဖေါ်ပြချက်သည် အမှန် ဖြစ်ပါသနည်း။

(က) ကောင်းကင်ဘုံ မြို့တော်သည် မြေကြီးပေါ်ရှိ ကျွန်ုပ်တို့၏မြို့များကဲ့သို့ ဖြစ်သည်။

(ခ ) ထိုနေရာ ကောင်းကင်ဘုံ၌ လူတိုင်းအတွက် အခန်း အလုံအလောက် မရှိပါ။

(ဂ ) ကောင်းကင်ဘုံမြို့တော်သည် လှပခြင်း၊ ကြွယ်ဝခြင်းနှင့် ပျော်ရွှင်ခြင်းရှိသော မြို့ ဖြစ်သည်။

၆။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ ချစ်ခင်ရသောသူများနှင့် ပြန်လည်သိရလိမ့်မည်လား။

(က) မသိရပါ။ ကျွန်ုပ်တို့ အတိအကျ သိရလိမ့်မည် မဟုတ်ပါ။

(ခ ) မသိရပါ၊ သူတို့သည် ယခင်နှင့်မတူ ခြားနားခြင်းရှိပြီး၊ သူတို့ကို ကျွန်ုပ်တို့ မှတ်မိကြလိမ့်မည် မဟုတ်။

(ဂ ) သိရကြမည်။ ကျွန်ုပ်တို့သည် သူတို့ကို သိပြီး၊ သူတို့နှင့်အတူ အစဉ် အတူနေရကြလိမ့်မည်။

၇။ ကောင်းကင်ဘုံ၌ ကြီးစွာသော ၀မ်းမြောက်စရာအကောင်းဆုံးအရာများအနက် တွေ့ရမည့် အရာ တစ်ခုမှာ၊

(က) ကောင်းကင်တမန်များ၊

(ခ ) ကျွန်ုပ်တို့၏ မိတ်ဆွေများ၊

(ဂ ) ကျွန်ုပ်တို့ ခရစ်တော်ထံ ပို့ဆောင် ပေးခဲ့သော သူများ။

၈။ ကောင်းကင်ဘုံနှင့် ပတ်သက်၍ အံ့သြဘွယ် အကောင်းဆုံးသော အကြောင်းအရာမှာ၊

(က) ကျွန်ုပ်တို့ ဘယ်သောအခါမျှ မသေရတော့ပါ။

(ခ ) ဘယ်သောအခါမျှ အမှောင် မရှိတော့ပါ။

(ဂ ) ဘုရားသခင် ကိုယ်တော်တိုင် ကျွန်ုပ်တို့နှင့်အတူ နေတော်မူလိမ့်မည်။

၉။ ဘုရားသခင်၏မြို့တော်၌ မည်သူတို့ နေရကြလိမ့်မည်နည်း။

(က) လူများ အားလုံး၊

(ခ ) သိုးသူငယ်၏ အသက်စာစေါင်၌ နာမည်ရေးထားခြင်းကို ခံရသောသူများ၊

(ဂ ) ကောင်းကင်တမန်များသာလျှင်။

၁၀။ သမ္မာကျမ်းစာ တစ်အုပ်လုံး၌ အဖိုးထိုက်ဆုံးသော သစ္စာတရားသည်၊

(က) ဘုရားသခင်၏သားတော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူပြီး၊ သူသည် ကောင်းကင်ဘုံကို စွန့်လျက် လူ့ဇာတိကို ခံယူခဲ့သည်။ ထို့ကြောင့် သူသည် ကျွန်ုပ်တို့အတွက် အသေခံနိုင်ခဲ့သည်။

(ခ ) ယေရှုသည် လူများကို ကူညီရန် နိမိတ်လက္ခဏာများစွာကို ပြုခဲ့သည်။

(ဂ )ကျွန်ုပ်တို့သည် ကောင်းကင်ဘုံ၌ ကိုယ်ခန္ဓာ အသစ်ကို ရကြလိမ့်မည်။

ဤ သင်ခန်းစာ၌ သင်သည် လေ့လာခဲ့ရပြီ၊ မည်သည့်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။

အန်ဒရူး





Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support