HCF

HCF MYANMAR IN SINGAPORE

Saturday, June 26, 2010

မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း (အပိုင်း ၂)


ပြသနာများကို ကိုင်တွယ်ခြင်း

Building Right Relationships (Part 2)

Handling Problems

Practical Christian Living Course

Lesson 20

သော့ချက် ကျမ်းပိုဒ်။ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလျှက်၊ သင်တို့ကိုလက်ခံတော်မူသည့်နည်းတူ၊ သင်တို့သည် တယောက်ကို တယောက် လက်ခံကြလော့။ (ရော၊ ၁၅း၇)


နည်းလမ်းမျိုးစုံသုံး၍ မိတ်ဆွေများရရှိအောင် လုပ်ဆောင်နိုင်သည်။ သို့သော် တချက်တည်းဖြင့် သူတို့ကို ပြန်လည် လက်လွှတ်ဆုံးရှုံး နိုင်ပါ သည်။ ကျွန်ုပ်တို့သည် မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ရုံသာမက ဆက်လက်တည်တံ့အောင် ထိန်းသိမ်းရမည်။ ပေါင်းသင်း ဆက်ဆံမှုများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများကို ဘုရားသခင်၏ ပုံစံမျိုးဖြင့် ဖြေရှင်းရမည်။ ဤသင်ခန်းစာတွင် အငြင်းအခုန်ဖြစ်ခြင်း၊ ကျူးလွန် စော်ကားခြင်း၊ မုန်းတီးခြင်း၊ အတားအဆီးများ နှင့် ငြင်းပယ်ခြင်းအစရှိသည့် ပြဿနာများကို ကြည့်ကြမည်ဖြစ်သည်။


အငြင်းအခုန်ဖြစ်ခြင်းများ

ကျွန်ုပ်တို့သည် ခရစ်တော်ကိုယ်ခန္ဓာ တခုတည်း၏ သင်းဝင်သူများဖြစ်ကြသော်လည်း ယုံကြည်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီ ကွဲပြားသူများဖြစ်ကြသည်။ ထို့ကြောင့် အငြင်းအခုန်ဖြစ်ကြသည့် အချိန်များလည်း ရှိပေမည်။ အငြင်းအခုန်ဖြစ်ခြင်းသည် ပုံမှန်သာဖြစ်သော်လည်း ပြဿနာကြီးများကို ဖြစ်စေနိုင်သည်။ အငြင်းပွားမှုများဖြစ်လာသောအခါ ကျွန်ုပ်တို့လုပ်သင့်သည့်အရာ အချို့တို့ကို လေ့လာကြ ပါစို့။


(၁) ကျွန်ုပ်တို့၏စိတ်သ ဘော ထားသည် မှန်ကန်ကြောင်း သေချာစေပါ။

ကျွန်ုပ်တို့ပြောသော အရာ များသည် မှန်နိုင်သော်လည်း ပြောသည့်ပုံစံသည် မှားယွင်းနိုင်းသည်။ ကျွန်ုပ်တို့၏ သဘောထား (သို့) စိတ်ဓာတ် သည် မှားယွင်းနေလျင် ကျွန်ုပ်တို့မှားသည်ဟု ဘုရားသခင်က ပြောသည်။

မှားယွင်းသောသဘောထားများသည် မှားယွင်းစွာတွေးတောခြင်းမှ ဖြစ်ပေါ်လာသည်။ ကျမ်းစာက ကျွန်ုပ်တို့၏ ဥာဏ်ပညာသည် ဘုရားသခင် ဆီမှ မလာလျှင် စာတန်ဆီမှ လာမည်ဟု ဆိုထားသည်။

ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ခါးသီးမှုနှင့် အငြင်းပွားလိုသောစိတ်ရှိပါက ကျွန်ုပ်တို့၏ ဥာဏ် ပညာသည် စာတန်မှလာသည်ကို သေချာ သိနိုင်သည်။ ကျမ်းစာက ""သို့မဟုတ် သင်တို့စိတ်ထဲတွင်၊ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မ၀ါကြွားကြ နှင့်"" ထိုသို့သော ပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်၊ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ် ၏""ဟုဆိုထားသည်။ (ယာကုပ် ၃း ၁၄-၁၅)

ကျွန်ုပ်တို့၏ ဥာဏ်ပညာသည် ဘုရားသခင်ဆီမှလာပါက ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့၍ ပေါင်းသင်းဆက်ဆံရန် လွယ်ကူသူများ ဖြစ်ကြမည်ဖြစ်သည်။ ကျမ်းစာက ""အထက်မှသက်ရောက်သော ပညာမူကား၊ ရှေးဦးစွာစင်ကြယ်၏။ ထိုမှတပါး အသင့်အတင့်နေတက်၍၊ ဖြည်းညှင်း သောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ဂရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်းပြည့်စုံ၏။ လျစ်လျူရှူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏""ဟု ဆိုထားသည်။ (ယာ ၃း ၁၇)


(၂) ကျွန်ုပ်တို့၏လျှာကို ချုပ်တည်းရမည်။

ကျမ်းစာက လူမိုက်သည် ""စိတ်ထဲမှာရှိသမျှအရာအားလုံးကို ဖွင့်ပြောတတ်သည်""ဟု ဆိုထားသည်။ လျှာသည် ကိုယ်ခန္ဓာ၏ အသေးဆုံး သော အင်္ဂါများထဲမှတစ်ခုဖြစ်သော်လည်း အခြားအင်္ဂါများအားလုံး စုပေါင်း၍လုပ်သော အပျက်အစီးထက် သာ၍ကြီးသောအပျက်အစီးကို ဖြစ်စေနိုင် သည်။ ကျမ်းစာက ""လျှာ သည်မီးဖြစ်၏။ မိမိ သည်လည်း ငရဲမီး ရှို့ခြင်းကိုခံလျက်ရှိ၏။ သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ ငါးတို့ကို လူမျိုးတို့သည် အောင်တက်သည့်အတိုင်း အောင်ခဲ့ပြီ။ လျှာကိုကား၊ အဘယ်သူမျှ မအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏""ဟု ဆိုသည်။ (ယာ ၃း ၆-၈)

ကျွန်ုပ်တို့ပြောသောစကားများအားဖြင့် အခြားသူများအား နာကျင်စေခဲ့သည်ကို ကျွန်ုပ်တို့အားလုံး သတိရပေလိမ့်မည်။ စကားများသည် နာကျင်စေပြီး ဆက်လက်နာကျင်နေဆဲဖြစ်သည်။ ဆာလံဆရာကဲ့သို့ ဆုတောင်းရန်လိုအပ်သည်။ ""အို ထာဝရဘုရား အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ် ၏ နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။"" (ဆာလံ ၁၄၁း ၃)


(၃) အခြားသူများပြောတာကို ဂရုစိုက်နားထောင်ရမည်။

အဓိပ္ပာယ်ရှိသော ဆက်ဆံ မှုတိုင်းတွင်အပြန်အ လှန်ပြောဆိုဆက်သွယ်ခြင်းသည် အလွန်အရေးကြီး သည်။ အငြင်းပွားမှုများဖြစ်လာချိန်တွင် အခြားသူတစ်ဦးနှင့် ပြောဆိုဆက်သွယ်မှုရှိရန်မှာ အလွန် အရေးကြီးသည်။ ဤစကားလုံးများသည် ၀မ်းနည်းဖွယ်ကောင်းလေစွ။ ""သူ/သူမက ကျွန်ုပ်ပြောတာကို လုံးဝနားမထောင်တော့ဘူး"" အများအားဖြင့် တစုံတဦးသည် စိတ်ဆိုးနေချိန်တွင် ပြဿနတစ်ခုကို ဖြေရှင်း ရန်မှာ ခက်ခဲသည်။ ဤသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့လုပ်နိုင်သော အကောင်းဆုံးအရာတစ်ခုမှာ နားထောင်ပေးခြင်းဖြစ်သည်။

တစုံတဦးသည် စိတ်ဆိုး၊ စိတ်ပျက်နေချိန်တွင် ထိုသူ၏စိတ်ခံစားမှုများကို တင်းတင်းမှုတ်ထားသော ဘောလုံးနှင့်ခိုင်းနှိုင်းနိုင်သည်။ ဘောလုံး ကို လေမလျော့ပေးဘဲ ဖိအားများထပ်ပေးမည်ဆိုပါက ပေါက်ကွဲ သွားမှာသေချာသည်။

အကယ်၍ သင်သည် သူပြောတာကို ကြားဖြတ်မပြောဘဲ စိတ်ပါဝင်စားစွာ နားထောင်ပေးမည်ဆို ပါက ""ဘောလုံး""သည် လေလျော့သွားပြီး ဖိအားလည်း အနည်းငယ်ပြေလျော့သွားလိမ့်မည်။ ထိုအချိန်တွင် ပြဿနာကို ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။


(၄) ကျွန်ုပ်တို့သည် အမှုကိစ္စတို့ကို အခြားသူ၏ ရှုထောင့်ဘက်မှလည်း ရိုသားစွာ ကြည့်ရှု၍ မြင် နိုင်သည်။

တစုံတဦးသည် သူတွေးတောလုပ်ဆောင်သောအရာရာတိုင်းအတွက် အကြောင်းပြချက်တစ်ခု သူ၌ ရှိသည်။ သင်သည် ရိုးသားစွာ သူ့နေရာ ကို ၀င်ယူ၍ သူ့အမြင်ဘက်မှ အမှုကိစ္စတို့ကို ကြည့်ကြည့်ပါ။ သူသည်မှန်ကန်၍ သင်သည်မှားယွင်းနေကြောင်း သင်သိကောင်းသိလာလိမ့်မည်။


ထိပါးစော်ကားခြင်းများ

ခရစ်ယာန်များသည် ထိပါးစော်ကားမှုကို လွယ်လွယ်ကူကူမခံယူဘဲ အခြားသူများနှင့် ပတ်သက်၍ စိတ်ရှည်သည်းခံတတ်ရန် သင်ယူ သင့် သည်။ ကျမ်းစာက ""ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို သည်းခံတတ်၏"" ဟုဆိုသည်။ သို့သော် ထိပါးစော်ကားမှုများရှိနိုင်သည်။ ထိပါးမှုများ ကို ကိုင်တွယ်ရာ၌ အခြေခံစည်းမျဉ်းတစ်ခုမှာ ထိုလူထံသို့သွား၍ ပြည်လည်ပြေလည်အောင် လုပ်ဆောင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့ ကိုင်တွယ်ရမည့် ထိပါးစော်ကားမှု (၂)ခုရှိသည်။ (၁) ကျွန်ုပ်တို့က အခြားသူများအပေါ် ထိပါးစော်ကားမှုများနှင့် (၂) ကျွန်ုပ်တို့ကို အခြားသူများက ထိပါးစော်ကားမှုများဖြစ်သည်။ ဤတစ်ခုစီကို မည်သို့ကိုင်တွယ်ရမည်ကို ကြည့်ကြပါစို့။


(၁) ကျွန်ုပ်က သူတပါးအပေါ် ထိပါးမှု

ကျွနုပ်သည် တစုံတဦးအပေါ် ထိပါးစော်ကားသောအခါ ထိုသူနှင့် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ဖို့ ကျွန်ုပ်တွင် တာဝန်ရှိသည်။ သခင်ယေရှုက ""ထို့ကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက်၊ သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။""ဟု ဆိုခဲ့သည်။ (မ၊ ၅း၂၃-၂၄)

ကျွန်ုပ်တို့သည် အမှားလုပ်သောအခါ ရိုးသားစွာဖြင့် လှိုက်လှုက်လှဲလှဲ တောင်းပန်မှုသည် ပြဿနာ များပြေလည်စေရန် များစွာ အထောက် အကူပြုပေမည်။ မှန်ကန်စွာ တောင်းပန်နိုင်ရန်အတွက် ....

(၁) ကျွန်ုပ်သည် ကျွန်ုပ်ကျူးလွန်ခဲ့သော ထိပါးမှုအတွက် တာဝန်အပြည့်အ၀ယူ၍ မည်သူ့ အပေါ်မှလည်း အပြစ်ပုံမချပါ။

(၂) မည်သို့သော ထိပါးစော်ကားမှုဖြစ်သည်ကို နာမည်တပ်၍ ပြောမည်။

(၃) ထိုလူအား ကျွန်ုပ်ကို ခွင့်လွှတ်ပေးရန်ပြောပြီး သူ၏အဖြေကို စောင့်ဆိုင်းမည်။

အကယ်၍ ကျွန်ုပ်သည် တစုံတဦးကို ဆုံးရှုံးမှုများဖြစ်စေခဲ့ပါက ထိုက်သင့်သောအဖိုးအခကို ပြန်လျောပေးရမည်ဖြစ်သည်။


(၂) အခြားသူတစ်ဦး ကျွန်ုပ်အပေါ် ထိပါးခြင်း

အခြားသူတစ်ဦးသည် ကျွန်ုပ်အပေါ် ထိပါးလာပါက ကျွန်ုပ်လုပ်ရမည့် ပထမဆုံးတာဝန်မှာ သူ့ထံ သွား၍ သူ့အမှားကို ထောက်ပြရန်ဖြစ်သည်။ ယေရှုက ""ထိုကြောင့်သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှား လျင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍၊ ဆုံးမလော့။"" ဟု ဆိုခဲ့သည်။ (မသဲ ၁၈း၁၅)

တစုံတဦးက ကျွန်ုပ်တို့ကို ထိပါးသောအခါ ပထမဆုံး ကျွန်ုပ်တို့လုပ်လေ့လုပ်ထရှိသော အရာ တစ်ခုမှာ ကျွန်ုပ်တို့သည် မည်သို့ ဆိုးရွာစွာ ဆက်ဆံခြင်းခံခဲ့ရကြောင်းကို အခြားသူတစ်ဦးအား ပြောပြခြင်း ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် လုံးဝမှားယွင်းသည်။ ကျွန်ုပ်တို့ကို ထိပါးခဲ့သောသူထံသို့ ပထမဆုံး မသွားမပြီးမချင်း အခြားသူတစ်ဦးဦးကို လုံးဝမပြောရပါ။ တောင်းပန်ရန်အတွက် သူ့အားအခွင့်အရေး ပေးရမည်ဖြစ်ပြီး နားလည်မှုများ လွဲမှားနေပါကလည်း ရှင်းပြနိုင်ရန်အတွက် အခွင့်အရေးတစ်ခု သူ့အား ပေးရမည်ဖြစ်သည်။

တစုံတဦးက ကျွန်ုပ်တို့ကို ထိပါးသည်ဖြစ်စေ၊ ကျွန်ုပ်တို့က တစုံတဦးကို ထိပါးသည်ဖြစ်စေ၊ လုပ်ရ မည့်အရာမှာ ထိုသူထံသို့သွား၍ ကိစ္စတို့ကို ပြေလည်အောင်လုပ်ဆောင်ရန်ဖြစ်သည်။ လူနှစ်ဦးသည် ပြဿနာတက်နေပါက၊ သူတို့သည် ဘုရားသခင်ရှေ့၌ မိမိကိုယ်ကိုနှိမ့်ချခြင်းအားဖြင့်ဖြစ်စေ၊ ခွင့်လွှတ်ပေး ခြင်း နှင့် ပြဿနာကိုမေ့ပျောက်ခြင်းအားဖြင့် ဖြစ်စေ ပြဿနာကို ဖြေရှင်းနိုင်သည်။

မှတ်မိ သတိရရန်- ထိပါးစော်ကားခြင်းများ ကိုကိုင်တွယ်ရာ၌ အခြေခံနည်းလမ်းမှာ ထိုသူထံသို့ တစ်ဦးတည်းသွားပြီး ပြသနာကို ပြေလည် အောင် မှန်ကန်စွာ ပြုလုပ်ခြင်း ဖြစ်သည်။

ကျွန်ုပ်သည် အမှု့ကိစ္စတို့ကို ပြေလည်အောင် ဖြေရှင်းရန်အတွက် တစုံတဦးထံသွားသောအခါ မှန်ကန်သောစိတ်ဓါတ်ဖြင့် သွားရမည်ဖြစ်သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ သူ့ကို ကျွန်ုပ်အားတောင်းပန်လာ အောင်ပြုလုပ်ရန် မဟုတ်ဘဲ ကျွန်ုပ်နှင့်၊ ဘုရားသခင်နှင့် ပြန်လည်မိတ်သဟာယာဖွဲ့စေရန် ပြု လုပ်ရန်ဖြစ်သည်။ သူသာနောင်တရပါက ကျွုန်ုပ်သည် သူ့အားခွင့်လွတ်ရမည်ဖြစ်သည်။ သခင်ယေရှုက ""သင့်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့အားဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကို လွှတ်လော့။"" ဟုဆိုသည်။ လုကာ ၁၇း၃

တစ်ကြိမ်တစ်ခါတွင် ပေတရုက ယေရှုအား ""သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်များ၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့နည်း"" ဟုမေးသောအခါ ယေရှုက ""ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ် ခုနစ်ဆယ်ခုနစ်လီမြောက် အောင်လွှတ်ရမည်""ဟု ပြန်ဆိုခဲ့သည်။ (မဿဲ ၁၈း၂၁-၂၂)

ကျွန်ုပ်တို့သည် အတိုင်းအတာမရှိ ခွင့်လွှတ်ပေးကြရန် သခင်ယေရှုက သင်ကြားပေးနေခြင်းဖြစ် သည်။ ""ခုနစ်ဆယ် ခုနစ်လီမြောက်အောင်"" ခွင့်လွှတ်ပေးရမည်ဆိုသည်မှာ ကျွန်ုပ်တို့၏ညီအစ်ကိုများအား အကြိမ်ပေါင်း ၄၉၀ ခွင့်လွှတ်ပြီးပါက နောက်ထပ်ခွင့်လွှတ်ပေးရန် မလိုတော့ပါဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤနေရာတွင် သခင် သင်ကြားလိုသည်မှာ ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့အတွက် အလေ့အထတစ်ခုဖြစ်လာရန် ဖြစ်သည်။ ကျွန်ုပ်တို့ခွင့်လွှတ်ပေးရမည့် အကြိမ်ပေါင်းကို မရေမတွက်နိုင်ပါ။

ယေရှုက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့က ထိပါးခဲ့သောသူများထံမှ ခွင့်လွှတ်ခြင်းကို မရမချင်း၊ ကျွန်ုပ် တို့ကိုထိပါးခဲ့သောသူများအား ခွင့်မလွှတ် မချင်း၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့ပြန်လည်သင့်မြတ်ရန်မှာ မဖြစ် နိုင်ပါဟုဆိုသည်။ ထိပါးမှုများနှင့်ပတ်သက်၍ သခင်၏ သင်ကြားမှုကို အပြည့်အ၀ နားလည် နိုင်ရန်အတွက် မသဲအခန်းကြီး ၅၊၁၈ နှင့် လုကာအခန်းကြီး ၁၇ ကိုဖတ်ပါ။


မုန်းတီးစိတ်နှင့် အတားဆီးများ

ထိပါးမှုများကို ဆီလျှော်စွာ မကိုင်တွယ်မ ဖြေရှင်း ပါကမုန်တီးစိတ်နှင့် အတားအဆီးများသည် လူများကြားသို့ ၀င်ရောက်လာနိုင်သည်။ မုန်းတီးစိတ်ဆိုသည်မှာ အခြားသူအပေါ် စိတ်မကောင်းရြှိခင်းနှင့် ရန်လိုမုန်းတီးခြင်းကို ဆိုလိုသည်။ အတားအဆီးဆိုသည်မှာ လူများကြားတွင် နံရံကဲ့သို့ ဖြစ်သည်။ မုန်းတီးစိတ်နှင့် အတားအဆီးများရှိသော နေရာများတွင် စစ်မှန်သော ပြောဆိုဆက်သွယ်ခြင်းများရှိမည် မဟုတ်ပါ။

ဘုရားသခင်သည် မုန်းတီးစိတ်၊ အတားအဆီးနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်ခဲ့သည်ကို နားလည်နိုင်ရန်အတွက်၊ ကျွန်ုပ်တို့သည် အသင်းတော်၏ ကနဦးအစကို ပြန်ကြည့်ရမည်ဖြစ်သည်။ အစပိုင်းတွင် အသင်းတော်ကို ဂျူးယုံကြည်သူများဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်း ထားခဲ့ သည်။ နောက် ပိုင်းတွင် သတင်းကောင်းကို တပါးအမျိုးသားများ(ဂျူးမဟုတ်သူများ)ထံ ဟောပြောသောအခါ တပါးအမျိုး သားများစွာသည် ယုံကြည် ခဲ့ကြပြီး အသင်းတော်တွင်းသို့ ပေါင်းထည့်ခြင်းကို ခံခဲ့ကြသည်။

ဂျူးများနှင့်တပါးအမျိုးသားများကြားတွင် ကာလကြာရှည်စွာ တည်ရှိခဲ့သော မုန်းတီးစိတ်နှင့် အတားအဆီးများကြောင့် ဤသို့ ပေါင်းထည့်ခြင်း သည် ပြဿနာတစ်ခုကို ဖြစ်စေခဲ့သည်။ ဂျူးများက သူတို့ သည် တပါးအမျိုးသားများထက် မြင့်မြတ်သူများဖြစ်ကြသည်ဟု မှတ်ယူပြီး တပါးအမျိုးသားများ နှင့် အစာပင်အတူမစားပါ။ ထိုနည်းတူပင် တပါးအမျိုးသားတို့ကလည်း ဂျူးများကို ရွံ့ရှာကြသည်။

ဘုရားသခင်သည် ဂျူးများနှင့်တပါးအမျိုးသားများကြားတွင် ရှိသောမုန်းတီးစိတ်နှင့် အတားအဆီး ကိုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ ကားတိုင်တော်အားဖြင့် ဖြေရှင်းခဲ့သည်။ ကျမ်းစာက ဂျူးနှင့်တပါး အမျိုးသားများအပါအ၀င် ယုံကြည်သူတိုင်းသည် ခရစ်တော်နှင့်အတူ ကားတိုင်တော်၌ အသေသတ်ခြင်းကို ခံရသည်ဟု ပြောသည်။ ဂျူးနှင့်တပါးအမျိုးသားယုံကြည်သူများကို စုပေါင်းထားသော ""လူသစ်"" တစ်ဦးကို ဘုရားသခင်သည် ဖြစ်ပေါ်စေခဲ့သည်။ လူသစ်တွင် ယေရှုခရစ်တော်ကိုယ်တိုင်က ဦးခေါင်းဖြစ်ပြီး ကိုယ်ခန္ဓာကိုမူ ယုံကြည်သူများ အားဖြင့် ဖွဲ့စည်း ထား သည်။

သူ၏သေခြင်း အားဖြင့် သခင်ယေရှုသည် ဂျူးနှင့်တပါးအမျိုးသားများကြားတွင်ရှိသော အတား အဆီးကို ချိုးဖျက်၍ မုန်းတီးစိတ်ကို ဖယ်ရှား ခဲ့သည်။ ကျမ်းစာက ""အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏၏ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူ၏။ ၀ိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာပေါ်တွင် ပယ်ရှားတော်မူသဖြင့် ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တံတိုင်း၊ နံရံကိုဖြိုဖျက်၍လူမျိုးနှစ်ခုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင် ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ် တစ်ဦး တကိုယ် တည်း ဖြစ်စေခြင်းငှာ ပြင်ဆင်၍ တလုံးတ၀တည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ် ဖြတ်လျက်၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေမည်အကြောင်းတည်း။"ဟု ဆိုသည်။ (ဧဖက် ၂း၁၄-၁၆)

ဤအရာသည် ဂျူးများနှင့်တပါးအမျိုးသားတို့တွင် သာမက ယုံကြည်သူတိုင်းအတွက် မှန်ကန်သည်။ ကျွန်ုပ်တို့သည်လည်း ခရစ်တော် ကိုယ်ခန္ဓာ၏ သင်းဝင်သူများဖြစ်လာနိုင်ရန်အတွက် ခရစ်တော်နှင့် အတူကားတိုင်ထက်၌ အသေသတ်ခြင်းကို ခံခဲ့ကြပြီဖြစ်သည်။

ကားတိုင်တော်၏ လုပ်ဆောင်မှုအားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို ကွဲကွာစေသော အတား အဆီးရှိသမျှကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ကားတိုင်၌အသေခံခြင်းအားဖြင့် ယုံကြည်သူများကြားတွင်ရှိသော မုန်းတီးစိတ်ကိုလည်း ""သတ်ဖြတ်""ခဲ့ပြီဖြစ်သည်။ ခရစ်တော်သည် ယုံကြည်သူတိုင်း ကို သူနှင့်တလုံးတ၀ တည်းဖြစ်စေပြီး ယုံကြည်သူအချင်းချင်းလည်း တလုံးတ၀တည်းဖြစ်စေသည်။

ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်ထံပို့ဆောင်ရန်သာမက ကျွန်ုပ်တို့၏အချင်းချင်း ပေါင်းသင်းဆက်ဆံမှုတွင်ရှိသော အနာများ ကိုငြိမ်းစေရန်အတွက် ကားတိုင်ထက်၌ အသေခံခြင်းဖြစ်သည်။ ကျွန်ုပ်နှင့်အခြားယုံကြည်သူတဦးကြားတွင် အတားအဆီးနှင့် မုန်တီးစိတ်ကို တည်ရှိရန် ခွင့်ပြုပါက ထိုသို့ လုပ်ခြင်းသည် ခရစ်တော်၏ ကားတိုင်ထက်၌ လုပ်ဆောင်ခဲ့ခြင်းကို ငြင်းပယ်ခြင်းဖြစ်သောကြောင့် အပြစ် ဖြစ်သည်။


ငြင်းပယ်ခြင်း

ကျွန်ုပ်တို့၏ အခြားသူတဦးနှင့် ဆက်ဆံမှု၌ ကျွန်ုပ်တို့တွင် အခြေခံ စိတ်နေသဘောထား (၂)မျိုးအနက် တခု ရှိနိုင်သည်

(၁) သူ့ကိုငြင်းပယ်လိုသည့်သဘောထားနှင့်

(၂) သူ့ကိုလက်ခံလိုသည့် သဘောထားနှင်


အခြားသူတဦးကို ငြင်းပယ်ခြင်းသည
ထိုသူ၏လက်ရှိဖြစ်နေ သောဘ၀ကို ငြင်းပယ်ခြင်းဖြစ်သည်။ ငြင်းပယ်ခြင်းသည် သဘောထား တစ်ခုဖြစ်ပြီး ထိုသဘောထားက ""သင့်ကိုလက်ခံစေလိုပါက ကျွန်ုပ်ကို နှစ်သက်စေရန် သင့်ကိုသင်ပြောင်းလဲရမည်""ဟု ပြောနေခြင်းဖြစ်သည်။

အခြားသူတဦးကိုလက်ခံခြင်းဆိုသည်မှာ ထိုသူအပေါ်သို့ မည်သည့်ကန့်သတ် ချက်မှမထားရှိဘဲ သူအား လွတ်လပ်စွာလက်ခံခြင်းဖြစ်သည်။ ဤသို့လက်ခံခြင်းဖြင့် သင်သည် သူ၏အမှားများကို မမြင်ခြင်း(သို့) သူလုပ်သမျှအရာအားလုံးကို သဘောတူလက်ခံသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤအရာအား ရိုးရှင်းစွာဆိုလိုသည်မှာ ခရစ်တော်သည် သင့်ကိုလက်ခံခဲ့သလိုမျိုး ထိုသူကိုလက်ခံခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျမ်းစာက ""ခရစ်တော်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည့်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက် လက်ခံကြလော့""ဟု ဆိုသည်။ (ရောမ ၁၅း၇)

ကျွန်ုပ်တို့သည် အချင်းချင်းလက်ခံရမည့်အကြောင်းအရင်းမှာ ခရစ်တော်က ကျွန်ုပ်တို့ကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်သားဖြစ်စဉ်၌ပင် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။ သူက ""သင်တို့မပြောင်းမလဲမချင်း၊ သင်တို့ကို လက်မခံပါ"" ဟူ၍မပြောခဲ့ပါ။ သူသည် ကျွန်ုပ်တို့၏ လက်ရှိဘ၀၌ပင်ကျွန်ုပ်တို့ကို လွတ်လပ်စွာဖြင့် လုံးဝဥသုန်လက်ခံခဲ့ပြီး ဘုရားသားသမီးတဦးအနေဖြင့် ခံစားထိုက်သော အခွင့်ထူးများနှင့် အကျိုးကျေးဇူးများကို ရရှိနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ဤသဘောထားသည် ဘုရားသခင်က ကျွန်ုပ်တို့အား အခြားသူများအပေါ်တွင် ထားစေလိုသော သဘောထား ဖြစ်သည်။ ကျွန်ုပ်တို့နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အခြားသူတဦးအပေါ်တွင် ထားရှိသော ကျွန်ုပ်တို့၏သဘောထားသည် ထိုသူအပေါ်သို့ နက်ရှိုင်းသောအကျိုးသက်ရောက်မှု ရှိနိုင်သည်။

++လူတဦး ကို ငြင်းပယ်သောသဘောထားသည် ဘုရားသခင်၏ မေတ္တာတော်ကို သင့်အားဖြင့် ထိုသူအပေါ်သို့ စီဆင်းကျရောက်စေခြင်းကို တားဆီးသည်။ ထိုငြင်းပယ်ခြင်းသည် သူ့အား ""ချည်နှောင်၍"" ဘုရားသခင် ဖြစ်စေလိုသော သူတဦး မဖြစ်လာစေရန် တားဆီးသည်။


++လူတဦးကို လက်ခံခြင်းသဘောထားသည်
ဘုရားသခင်၏ မေတ္တာတော်ကို သင့်အားဖြင့် ထိုသူ အပေါ်သို့ စီးဆင်းကျရောက်စေရန် အခွင့်ပေးသည်။ ဤလက်ခံခြင်းသည် သူ့အား ""လွတ်မြောက်စေ""၍ သူ့ကို ဘုရားသခင်ဖြစ်စေလိုသောသူတဦး ဖြစ်လာစေသည်။

ခရစ်ယာန်ဖခင်တဦးက သူ့အသက်တာနှင့် သူ့သား၏အသက်တာတို့၌ ဘုရားသခင် လုပ်ဆောင်ခဲ့သောအမှုကို ဝေမျှပြောပြခဲ့သည်။


""ကျွန်တော်လိုက်ရမှာလား""ဟု ကျွန်တော်တို့၏ ၁၅ နှစ်အရွယ်သားက သုန်မှုန်စွာပြောသည်။ လေးလံသောခြေလှမ်းများဖြင့် လျှောက်၍ ကျွန်တော်အိမ်မှာပဲ သူငယ်ချင်းတွေနဲ့အတူ နေချင်တယ်"" ပြီးတော့ ကားကလည်း လူတွေပြည့်ကျပ်နေပြီ။ ဘယ်သူက မိုင် ၆၀၀ ခရီးကို ကားအစုတ်ပလုတ်ထဲမှာ ငချင်သိပ်ထားသလိုမျိုး ကျပ်ကျပ်သိပ်သိပ်နဲ့ လိုက်နိုင်မှာလဲ""ဟူ၍ ဆက်ပြောခဲ့သည်။

ဘရက်၏ မီးခိုးထွက်သလိုထွက်နေသော ဒေါသသည် မကြာသေးမီက ကျွန်ုပ်၏ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေခဲ့သော ကြီးထွားလာ နေသည့် ပြဿနာတခုကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်၏ နှလုံးသားအတွင်းပိုင်း နက်နက်ထဲ၌ ဘရက်ကို တဖြည်းဖြည်း မနှစ်မြို့ လာကြောင်းကို ၀န်ခံပါသည်။ ကျွန်တော်သည် သူ့သူငယ်ချင်းများကို မနှစ်သက်ပဲ သူဆံပင်ပုံစံကိုလည်း မနှစ်သက်ပါ။ သူစွဲလမ်း နေသည့် ဂီတအမျိုးအစားကို ကျွန်တော်အထူးသဖြင့် စိတ်ပျက်သည်။ ကျွန်တော်တို့နှစ်ဦးကြားရှိ ပြောဆို ဆက်ဆံမှုများမှာ အရောင်စွန်းထင်လာသည်။

ဘရက်သည် စိတ်မပါစွာဖြင့် ကျွန်တော်တို့နှင့်အတူလိုက်လာပြီး ကျွန်တော်တို့သည် တပတ်တာကို တော့ ဖြတ်ကျော်နိုင်ခဲ့သည်။ ကျွန်တော်တို့အိမ်ပြန်ရောက်သောအခါတွင်မူ မိဘများအဖြေင့် ကျွန်တော်တို့ သည် ဘုရားသခင်ရှေတွင် ဒူးထောက်၍ ""သခင်၊ ဘရက်သည် ယခုလိုသာ ဆက်ပြီးရိုင်းစိုင်း ပုန်ကန်နေ မည်ဆိုပါက ဘရက်ကိုသာမက အခြားသူများကိုပါ ထိခိုက်စေနိုင်သော အဖြစ်အပျက်ဆိုးကြီး ဖြစ်ပေါ်လာ စေနိုင်သည်ကို ကျွန်တော်တို့ သေချာသိပါ၏။ ကျွန်တော်တို့သည် သူ့ကို ဒီလိုမျိုးဆက်လက်ပြုမူစေမှာ မဟုတ်ဘူး။ ကိုယ်တော်အဖြေပေးပါ။ ကျွန်တော်တို့ တောင်းဆို ပါ၏။ ကျွန်တော်တို့ကို ပြသတော်မူပါ""ဟု ဆုတောင်းခဲ့သည်

ကျွန်တော်သည် ဘုရားသခင်၏ အဖြေအတွက် ပြင်ဆင်ထားခြင်း လုံးဝမရှိခဲ့ပါ။ သူသည် သူ၏ မီးမောင်းကို ကျွန်ုပ်နှလုံးသား၏ သဘောထားများအပေါ်သို့ အဓိကထား၍ ထိုးခဲ့သည်။ ကျွန်တော်၏ နှလုံးသားထဲမှ သဘောထားများသည် အချိန်တော်ကြာ အရိပ်ဖုံးလွှမ်းနေခဲ့ပြီး ယခုတွင်မှ နာကျင်စရာ ကောင်းလောက်အောင် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ ""သင်သည် ဘရက်ကို ငြင်းပယ်၊နာကြည်း၊ ရှုံ့ချ နေသမျှ ကာလ ပတ်လုံး ငါ့လက်တွေဟာ ချည်နှောင်ထားခြင်းခံရတယ်""ဟု ဘုရားကပြောသည်။ ငါသည် သင့်သားကို မထိတွေ့နိုင်အောင် သင်က ကာဆီးထားတယ်။ သင်ဟာ အဓိကပြဿနာပဲ"" ဟူ၍ဆက်ပြော ခဲ့သည်။


"အို၊ ဘုရားသခင်" ဟူ၍ ကျွန်တော်သည် အံ့အားသင့်စွာ ငြီးတွားမိသည်။ ဘုရားသခင်သည် ကျွန်တော့ကို ဆက်ရှာခဲ့သည်။ ""ငါသင့်ကို ငါ့သားယေရှုအားဖြင့် လက်မခံခဲမီက၊ သင်သည် သန့်ရှင်း၊ ဖြောင့်မတ်လာရမည်ဟု ငါတောင်းဆိုခဲ့သလော။ ထိုအချိန်၌ သင့်ဘ၀တွင် ငါ့ကို မနှစ်မြို့ စေသောအရာများ စွာမရှိခဲ့သလော။ အဲ့ဒါတောင် ငါသည်သင့်ကို ငါ့မေတ္တာတော်ပတ်စည်း၍ ငါ့သားတော်ကြောင့် သင့်ကို လက်ခံခဲ့သည်မဟုတ်လော။""

သူနောက်ထပ်ပြောသည့်စကားကို ကျွန်တော်ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ""သင် ယခု သင့်သားဆီသွားပြီး သင်၏ မှားယွင်းသော သဘောထားများနှင့် နာကြည်းခြင်း၊ ဝေဖန်ခြင်းနှင့် ငြင်း ပယ်ခြင်းတို့ကို သွား၍၀န်ခံမလား""ဟု သူ့အပေါ်တွင် ကျူးလွန်ခဲ့သော သင်၏အပြစ် အတွက် သင်သွား၍ တောင်းပန်မလား""


""ဒါပေမယ့်၊ သခင်၊ သူဟာ ပုန်ကန်ပြီး မှားယွင်းသူဖြစ်တယ်"" ဟု ကျွန်တော် အားတက်ခဲ့သည်။


""ငါ့သား၊ ငါသည် ထိုအရာကို သိ၏။ ငါ့တွင် အနာငြိမ်းစေနိုင်သော အစွမ်းလည်းရှိ၏။ သို့သော် သင်သည် သာ၍ကြီးသော ပြဿနာ ဖြစ် သည်။ ဒီလိုဆိုဘယ်လိုဘဲ။ သင်သည် ငါ့ကိုစောင့်ဆိုင်းစေလိုသမျှ ကာလပတ်လုံး ငါ့စောင့်ဆိုင်းနိုင်၏။ အကယ်၍သင်သာ ကတိကို ချိုးဖျက်ပါက သင်သည် သင့်သားကို ဆုံးရှုံးမှာမဟုတ်ဘူးဟု ငါကတိမပေးနိုင်ပါ။""

ကျွန်ုပ်သည် ဘုရားသခင်၏ ကမ်းလှမ်းချက်နှင့် ရုန်းကန်လွန်ဆွဲနေချိန်တွင် ဤကိစ္စသည် ကျွန်တော့်အတွက် နာကျင်ဖွယ် ကောင်းလောက် အောင် ပို၍ရှင်းလင်းလာခဲ့ပြီး ကျွန်တော့်သားနှင့်ပတ်သက် ၍ ဘာတွေဖြစ်ပျက်လာမည်ကိုလည်း ဘယ်သူကမှ အာမ၊ မခံနိုင်ပါ။ သူဖခင်၊ ကျွန်တော်သည် ဘယ်လို လုပ်ရမည်ကို နားလည်သွားခဲ့သည်။ ဘုရားသခင်က ကျွန်တော့သား၏ ပုန်ကန်မှုအားလက်ခံရန် ပြောနေခြင်း မဟုတ်ပါ။ ကျွန်တော် ဖြစ်စေ လို သည့်အတိုင်း မဟုတ်ဘဲ ကျွန်တော့်သား၏လက်ရှိဘ၀၌ပင် သူ့အား စစ်မှန် စွာနှင့် အကန့်အသတ်မရှိသော မေတ္တာမျိုးဖြင့် ချစ်ရန် ပြောနေခြင်း ဖြစ်သည်။ နှိမ့်ချခြင်းသည် ကျွန်တော့် အတွက် နာကျင်ဖွယ်ကောင်းသော်လည်း၊ ကျွန်တော့်အလိုကို မစွန့်လွှတ်ပါက ဘရက်နှင့် ကျွန်တော်တို့ တွင်ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကို ကျွန်တော်အလွန် ကြောက်လန့်ခဲ့သည်။ ဘုရား သခင်သည် ဘရက်ကို စောင့်ဆိုင်းနေခြင်း မဟုတ်ပါ။ ကျွန်တော့်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဖခင်က သူသည် ဘုရားသခင်၏စကားကို နာခံသောအခါ ဘာဖြစ်ခဲ့သည်ကိုပြောပြသည်။

ကျွန်တော်တို့သည် တဦးနှင့်တဦး ဖက်ထားစဉ်တွင် မျက်ရည်များသည် ဘရက်အပေါ်တွင်ထားရှိသော ကျွန်တော့်၏နာကြည်းမှုများကို တိုက်စားသွားခဲ့သည်။ ဘရက်သည်လည်း စတင်ငိုကြွေး၍ စိတ်နှလုံးကြွေကွဲစွာဖြင့် သူပုန်ကန်မှုကို အသိအမှတ်ပြုပြီး ခွင့်လွှတ်ပေးရန် တောင်းပန် ခဲ့သည်။ ထို့နောက် မိခင်ဘက်သို့လှည့်၍ သူမကိုပွေ့ဖက်ကာ သူမပေါ်တွင်ထားရှိသော သူ၏မှားယွင်းသော သဘောထားကို ငိုကြွေးခြင်းအားဖြင့် စွန့်ထုတ်ခဲ့သည်။

ထိုနေ့ရက်မှစတင်၍ ၂-နှစ်ကုန်ဆုံးခဲ့ချိန်တွင် ကျွန်ုပ်သည် ကျွန်တော်လုပ်သောအရာများ၌ ဆုံးရှုံးမှုများရှိခဲ့သော်လည်း ထိုအချိန်က ဘုရားသခင်၏ နက်ရှိုင်းစွာ လုပ်ဆောင်မှုကြောင့် ဘရက်သည် သခင် ရှိရာသို့ နီးကပ်စွာ ပုံမှန်လျှောက်လှမ်းလာခဲ့သည်။ ဘုရားသခင်က သူသည် ကျိုးပဲ့ကြွေမွသော နှလုံးသားကို မရွံရှာပါဟုပြောခဲ့သည်။ သူ၏ရွေးနှုတ်၍ အားကြီးသောမေတ္တာတော်သည် ကျွန်ုပ်တို့၌ လမ်းကြောင်း (Channel) တခုကို ရှာတွေ့သောအခါ အသက်တာများတွင် ဘာတွေဖြစ်လာမည်ကို မည်သူ ပြောနိုင်သနည်း။ ထိုမေတ္တာ တော်၏ စွမ်းအားသည် ဒိုင်းနမိုက် ကဲ့သို့ဖြစ်သည်။ (Will Longenecker)


ယခုတွင်ပင် လူများနှင့် သင့်မြတ်စေပါ။

ဤသင်ခန်းစာကို ဖတ်နေတုန်း ဖြစ်သင့်သလိုမဖြစ်သော သင်၏ပေါင်းသင်းဆက်ဆံမှုအချို့ကို ဘုရားသခင်သည် သင့်နှလုံးသားကို ပြောပြခဲ့သလော။ သင့်တွင် ဖြေရှင်ရန်လိုအပ်သော ထိပါးမှုတခုရှိ ကောင်းရှိလိမ့်မည်။ သင်သည် ကိုယ်ကိုကိုယ် နှိမ့်ချလျက် ဘုရားသခင်ကိုနာခံပါက ပြေလည်အောင်လုပ် နိုင်ပေမည်။

သင်နှင့်အခြားသူတဦးကြားတွင် မုန်းတီးစိတ်ရှိသလော၊ သင်နှင့်အခြားယုံကြည်သူတစ်ဦးကြားတွင် အတားအဆီးတခုရှိသလော၊ သခင်ယေရှု သည် မုန်းတီးစိတ်ကို ""သတ်ဖြတ်"" ရန်နှင့် အတားအဆီးအားလုံး ကို ဖယ်ရှားပစ်ရန်အတွက် ဒုက်္ခဝေဒနာခံစားကာ အသေခံခဲ့သည်ကို သတိရပါ။

သင်နှင့် အခြားသူတဦးကြားတွင် ငြင်းပယ်ခြင်းများရှိသလော။ သင်သည် သား(သို့) သမီးတဦး ဖြစ်ပါက သင့်အဖေနှင့် အမေကို ငြင်းပယ် ခဲ့ဖူးမည်။ သင်သည် မိဘတဦးဖြစ်ပါက သင့်သားနှင့်သမီးကို ငြင်းပယ်ခဲ့ပြီး။ သင်မိန်းမ(သို့)ယောက်ျားကိုလည်း ငြင်းပယ်ခဲ့ဖူးမည်။ သင်ငြင်းပယ်ခဲ့သူများ မှာ သင့် အစ်ကိုနှင့်အစ်မလည်းဖြစ်နိုင်သည်။ မည်သူကို ငြင်းပယ်ခဲ့သည်ဖြစ်စေ၊ သင်၏ငြင်းပယ်ခြင်းကို စွန့်လွှတ် ပြီး သင့်အားဖြင့် ဘုရားသခင်၏ မေတ္တာတော် ကို ထိုသူထံသို့စီးဆင်းကျရောက်စေရန် အခွင့်ပေးမည်လော။

နာခံခြင်းကြောင့် ကောင်းချီးခံစားရသည်။ ဘုရားသခင်က သင့်ကိုမည်သည့်အကြောင်းပြောသည်ဖြစ်စေ၊ သင်သည်နာခံမည်လော။


ရှာဖွေတွေ့ရှိသော ရတနာ

ကျွန်ုပ်နှင့် အခြားသူများ ပေါင်းသင်းဆက်ဆံရေး၌ အနာငြိမ်းစေရန် ယေရှုခရစ်တော်သည် ဒုက္ခဆင်းရဲခြင်းနှင့်အသေခံခြင်း ခံခဲ့၏။


မေးခွန်းများ

မှန်/မှား

၁. ကျွန်ုပ်တို့သည် အငြင်းအခုန်ဖြစ်ကြသောအခါ ကျွန်ုပ်တို့၏စိတ်သဘောထားသည် မှန်ကန်ကြောင်း သေချာစေပါ။


၂. မိမိထင်သောအရာများကို မိမိသိပါက အခြားသူများ၏ အမြင်မှာ အရေးမပါပါ။


၃. ကျွန်ုပ်တို့သည် မှားယွင်းသောအခါ၊ မိမိတို့၏ကျူးလွန်ခဲ့မှုအတွက် မည်သူ့အပေါ်မှ အပြစ်ပုံမချဘဲ မိမိဘာသာ တာဝန်အပြည့်အ၀ယူရမည်။


၎. ကျွန်ုပ်တို့သည် လူတဦးအားခုနှစ်ဆယ်ခုနှစ်လီမြောက်သောအကြိမ်သာ ခွင့်လွှတ်ရန်လိုအပ်သည်။


၅. အခြားသူတဦးအပ်ါတွင် ထားရှိသော ကျွန်ုပ်တို့၏သဘောထားသည် ထိုသူအပေါ်သို့ နက်ရှိုင်းသော အကျိုးသက်ရောက်မှုရှိနိုင်သည်။


၆. မုန်းတီးစိတ်ဆိုသည်မှာ အခြားသူတဦးအပေါ်တွင် စိတ်ကောင်းမရှိခြင်းနှင့် ရန်လိုစိတ်ရှိခြင်းကို ဆိုလိုသည်။


၇. တစုံတဦးသည် ကျွန်ုပ်တို့ကို အမှားကျူးလွန်သောအခါ ပထမဆုံးကျွန်ုပ်တို့လုပ်ရမည်မှာ အခြားသူ တဦးထံသွားရန် မိမိသည် မှားယွင်းစွာ ပြုတာခံရကြောင်း သဘောတူ/မတူ ထိုသူနှင့် တိုင်ပင်ရန်ဖြစ် သည်။


၈. ကျမ်းစာက ဂျူးများနှင့်တပါးအမျိုးသားများအပါအ၀င် ယုံကြည်သူတိုင်းသည် ခရစ်တော်နှင့်အတူ ကားတိုင်ထက်၌ အသေသတ်ခြင်းကို ခံရ သည်ဟု ပြောသည်။


၉. မည်သည့်အတားအဆီးနှင့် မုန်းတီးစိတ်ကိုမဆို သင်နှင့်အခြားယုံကြည်သူတဦးကြားတွင် ဖြစ်တည်ရန် ခွင့်ပြုခြင်းသည် ကားတိုင်ထက်၌ ခရစ်တော်၏လုပ်ဆောင်ခဲ့သော အမှုကိုငြင်းပယ်ခြင်းပင်ဖြစ်သည်။


၁၀. ဤသင်ခန်းစာ၌ ရှာဖွေတွေ့ရှိခဲ့သော အဖိုးထိုက်သောရတနာမှာ "" ယေရှုခရစ်သည် ကျွန်ုပ်တို့၏ပေါင်း သင်းဆက်ဆံမှုနှင့် ဆိုင်သော အနာများကို ငြိမ်းစေရန်အတွက် ဒုက္ခဝေဒနာခံစားကာ အသေခံခဲ့သည်။""


မိတ်ဆွေများကြားတွင် ပြသာနာများဖြစ်ပေါ်လာနိုင်သည်။ သင်ခန်းစာ ၂၀ တွင် ဖြစ်တတ်သော ပြဿနာ(၄)မျိုးကို တင်ပြ ဆွေးနွေးထားသည်။ သင်သည် သင်၏မိတ်ဆွေတဦးနှင့် ပြန်လည် သင့်မြတ် အောင် ပြုလုပ်လိုပေမည်။

ရဲလင်းထွန်း(အင်းစိန်)

Share:

Wednesday, June 23, 2010

မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း (အပိုင်း ၁)


စစ်မှန်သော မိတ်ဆွေဖွဲ့ခြင်း

Building Right Relationships (Part 1)

Making True Friend

Practical Christian Living Course

Lesson 19

သော့ချက် ကျမ်းပိုဒ်။

ပညာရှိတို့နှင့်ပေါင်း ဘော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဘော်သောသူမူကား ပျက်စီးတတ်၏။ (သုတ္တံ၊ ၁၃း၂၀)


အထီးကျန်ခြင်းသည် လက်ရှိအချိန်ကာလတွင် အဖြစ်အများဆုံးပြသနာတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဤကမ္ဘာသည် အထီးကျန်သော လူများ နှင့်ပြည့်နှက်လျက်ရှိသည်။ လူတစ်ဦး၏နဘေးတွင် လူများစွာဝန်းရံ ထားသော်လည်း ထိုလူသည် အထီးကျန်နေနိုင်သည်။ အကြောင်းမှာ သူ၌မိတ်ဆွေ စစ်များမရှိသောကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့သည် မိတ်ဆွေများကို ဘာကြောင့် အလွန်းအမင်းလိုချင်တောင့်တသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပေါင်းသင်းဆက်ဆံမှုကို လိုအပ်သော လိုအပ်ချက်တစ်ခုဖြင့် ဖန်ဆင်ခြင်းခံထားရသော ကြောင့်ဖြစ်သည်။ ဘုရားသခင်က သူဖန်ဆင်းခဲ့သောလူနှင့်ပတ်သက်၍ ""ယောက်ျား (လူ)သည် တစ်ယောက်တည်းမနေကောင်း""ဟူ၍ ပြောခဲ့သည်။ (ကမ္ဘာ ၂း၁၈)

ကျွန်ုပ်တို့သည် လူမှု့ရေးဖန်ဆင်းခြင်းခံ သတ္တ၀ါ (Social beings) များဖြစ်ပြီး သူငယ်ချင်းများ၏ အဖော်သဟဲပြုမှု့နှင့် အားပေးမှု့များကို လိုအပ်သည်။ အထီးကျန်ဆန်စွာ ခံစားရခြင်းနှ့င့် ငြင်းပယ်ခံရခြင်း တို့သည် ဘ၀ကို မခံမရပ်နိုင်အောင် ဖြစ်စေနိုင်သည်။ ဤသင်ခန်းစာတွင် ပေါင်းသင်း ဆက်ဆံမှု့များနှင့် ပတ်သက်၍ အရေးကြီးသောမူဝါဒများကို လေ့လာကြမည်ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေးကို မည်သို့ တည်ဆောက်ရမည်ကို လေ့လာကြမည်ဖြစ်သည်။


မိတ်ဆွေသူငယ်ချင်းများ၏လွှမ်းမိုးမှု

ပေါင်းသင်းဆက်ဆံမှု့အားလုံးသည် မတူညီကြပါ။ ကျွန်ုပ်တို့၏အခြားသူများနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ ကွဲပြားသော ပေါင်းသင်း ဆက်ဆံရေး အမျိုးအစားများရှိသည်ကို နားလည်ရန်လိုသည်။

(၁) အနည်းငယ်သာသိကျွမ်းခြင်း

(၂) သာမန်ပေါင်းသင်းဆက်ဆံမှု

(၃) ရင်းနှီးသောပေါင်းသင်းဆက်ဆံမှု

(၄) အလွန်ရင်းနှီးကျွမ်းဝင်သော ပေါင်းသင်းဆက်ဆံမှု

ကျွန်ုပ်တို့သည် အနည်းငယ်သာသိကျွမ်းသူများနှင့် သာမန်မိတ်ဆွေများ၏ လွှမ်းမိုးမှု့ကိုမခံရပါ။ သို့သော် ကျွန်ုပ်တို့ရွေးချယ်ထားသော ရင်းနှီးသည့်မိတ်ဆွေများနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများ၏လွှမ်းမိုးမှုကို ခံရသည်။ ဤအချက်သည် ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်၍ အရေးကြီးသော သဘောတရားတစ်ခုကို သိစေသည်။ ထိုသဘောတရားမှာ ""ကျွန်ုပ်တို့၏ မိတ်ဆွေများအဖြစ် ရွေးချယ်ထားသောသူများကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာသည်။""

ကျွန်ုပ်တို့ မထိန်းချုပ်နိုင်သော မိတ်ဖွဲ့ခြင်းများရှိလိမ့်မည်။ ထိုမိတ်ဆွေဖွဲ့ခြင်းများက ကျွန်ုပ်တို့ အပေါ်တွင် လွှမ်းမိုးမှု့ အနည်းငယ်သာ ရှိလေ့ ရှိသည်။ သို့သော် ကျွန်ုပ်တို့၏မိတ်ဆွေများအဖြစ် ရွေးချယ်ထားသောသူများသည် ကျွန်ုပ်တို့အပေါ်သို့ လွှမ်းမိုးမှုများစွာရှိနိုင်သည်။ ထိုသူများနှင့် ကျွန်ုပ်တို့ ၏ အားလပ်သောအချိန်များကို အတူတကွကုန်ဆုံးစေကြမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤလွှမ်းမိုးမှုများသည် ထိုလူများ၏စရိုက်လက္ခဏာ ပေါ်တည်၍ ကောင်းသောလွှမ်းမိုးမှုများ (သို့) ဆိုးသောလွှမ်းမိုးမှု့များဖြစ်ပေလိမ့်မည်။ ကျမ်းစာက ""ပညာရှိတို့နှင့် ပေါင်းဘော်သော သူသည် ပညာရှိ တတ်၏။လူမိုက်တို့နှင့်ပေါင်း ဖော်သော သူမူ ကား ပျက်စီး တတ်၏။""ဟု ပြောထားသည်။ (သုတံ္တ၊ ၁၃း၂၀)


ပေါင်းသင်းဆက်ဆံရေးအချို့ကို ရှောင်ရှားသင့်သည်။

ပေါင်းသင်းဆက်ဆံမှုကို လိုအပ်သောကြောင့် လူအားလုံးနှင့် မိတ်ဆွေဖွဲ့ရန်လိုအပ်သည်ဟု ကျွန်ုပ်တို့ထင်နိုင်သည်။ ထိုကဲ့သို့ မဖြစ်သင့်ပါ။ မိတ်ဆွေဆိုးများ ရှိခြင်းထက် မိတ်ဆွေမရှိခြင်းက သာ၍ ကောင်းသောကြောင့်ဖြစ်သည်။ ကျမ်းစာက အချို့သော ပေါင်းသင်း ဆက်ဆံမှု့တို့ကို ရှောင်ရှား ရန် ရှင်းရှင်းပင်ပြောထားသည်။


(၁) မယုံကြည်သူများနှင့် ရင်းနှီးစွာ ဆက်ဆံမှု့ကို ရှောင်ရှားရမည်။

လူတစ်ဦးသည် ပထမဆုံးကယ်တင်ခံရပြီးသောအခါ သူ၌ကယ်တင်ခြင်းမခံရသေးသော မိတ်ဆွေများစွာရှိလိမ့်မည်။ ဤမယုံကြည်သူ မိတ်ဆွေများသည် ခရစ်ယာန်အသစ်တဦးအတွက် အန္တရာယ်ရှိနိုင်သည်။ အန္တရာယ်မှာ သူတို့သည် သူ့ကို ဘုရားသခင်နှင့်ဝေးရာ ဤလောကအတွင်းသို့ ပြန်ခေါ်သွားနိုင်သည်။ သင်သည် မယုံကြည်သူတစ်ဦးနှင့် နက်ရှိုင်းသောပေါင်းသင်းဆက်ဆံမှုရှိလိုသောအခါ သူ၏လွှမ်းမိုးခြင်းနှင့် သူ၏အမြင် တစ်ချို့ အား ဖလှယ်ရယူခြင်းကို ရှောင်ရှားနိုင်မည် မဟုတ်ပါ။ ကျမ်းစာက "မကောင်းသောသူတို့နှင့်ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်း တတ်၏။""ဟု ဆိုသည်။ (၁ကော ၁၅း၃၃)

သင်သည် သင်၏ယခင်မိတ်ဆွေကို ဆက်လက် ချစ်ကောင်းချစ်မည်ဖြစ်သော်လည်း ယခုတွင် သင်၏ ရည်ရွယ်ချက်သည် ထိုသူကို ခရစ်တော် ထံသို့ ပို့ဆောင်ပေးရန် ဖြစ်သင့်သည်။ အချိန်အတန်ကြာပြီး နောက်ထိုသူသည် ခရစ်တော်ကို ဆက်လက်ငြင်းပယ်နေပါက သူနှင့်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံမှု့ကို ရပ်စဲရမည် ဖြစ်သည်။ ဆက်လက်ပေါင်းသင်းပါက ထိုသူ၏ဆွဲချခြင်းကို ခံရမည်ဖြစ်သည်။

တစ်ခါက မိန်းမငယ်တစ်ယောက်သည် ကြီးမြတ်သော တရားဟောဆရာ Charles H Spurgeon အား တွေ့ရန်လာခဲ့သည်။ ထို့နောက် မယုံကြည်သော ယောက်ျားငယ်တစ်ဦးနှင့် နက်ရှိုင်းစွာပေါင်းသင်း ဆက်ဆံမှုရှိကြောင်းကို ပြောပြသည်။ သူမ၏ရည်ရွယ်ချက်မှာ သူ့အား ခရစ်တော်ထံ ပို့ဆောင်ပေးရန်ဖြစ်ကြောင်းနှင့် မကြာမီ စေ့စပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောပြသည်။ သူမသည် သူ၏အကြံဥာဏ်ကို တောင်းခံနေသောကြောင့် Spurgeon သည် မိန်းမငယ်ကို စားပွဲတစ်ခုအပေါ်တွင် မတ်တပ်ရပ်စေခဲ့သည်။ ထို့နောက် သူ့လက်ကိုဆုပ်ကိုင်စေ၍ သူမ၏ အား အကုန်သုံး၍ သူ့ကို စားပွဲပေါ်ဆွဲတင်ရန် ပြောခဲ့သည်။ သူမလည်း ဆွဲတင်ရန် ကြိုးစားသော်လည်း မဆွဲတင်နိုင်ခဲ့ပါ။ ထို့နောက် Spurgeon "ကဲအခု ငါမင်းကို ဆွဲတဲ့အခါ ဘာဖြစ်မလဲ ဆိုတာကြည့်"ဟု ပြောပြီး ဆွဲချလိုက်သောအခါ တစ်ချက်တည်းပါလာ သည်။ Spurgeon ဆက်ပြောသည်မှာ ""ဆွဲချဖို့က လွယ်ပေမယ့် ဆွဲတင်ဖို့ခက်တယ်"" ဟုပြောလိုက်သည် ချက်ချင်းပင် မိန်းမငယ်သည် ကယ်တင်ခြင်းမခံရသောလူငယ်နှင့် ပေါင်းသင်းဆက်ဆံခြင်း၌ ဘာတွေဖြစ် ပျက်လာမည်ကို သိမြင်သွားခဲ့သည်။

ကျွန်ုပ်တို့ထပ်ပြောမည်။ ကယ်တင်ခြင်းမခံရသော လူတစ်ဦးနှင့် နက်ရှိုင်းစွာ ပေါင်းသင်းဆက်ဆံမှု ကို မထိန်းသိမ်း မတည်ဆောက်ပါနှင့်။ ထိန်းသိမ်းတည်ဆောက်ပါက တစ်ခုသော ရလဒ်မှာ သင်သည် ဆွဲချခံရမည် ဖြစ်သည်။


(၂) ကျွန်ုပ်တို့သည် ပြက်ရယ်ပြုသူများ၊ လူမိုက်များနှင့် ပေါင်းသင်းဆက်ဆံမှုကို ရှောင်းရှားရမည် ဖြစ်သည်။

ပြက်ရယ်ပြုသူများ လူမိုက်များနှင့် ပေါင်းသင်းဆက်ဆံမှုကို ရှောင်ရှားရမည်ဟု ဘုရားသခင်က သတိပေးထားသည်။ ကျမ်းစာထဲတွင် ""လူမိုက် (Fool) ဆိုသောစကားလုံးသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း သူများကိုပြောခြင်းမဟုတ်ဘဲ ဘုရားသခင်နှင့် နှုတ်ကပတ်တော်တို့ကို ပုန်ကန် လိုသော သဘောထားရှိ သူများကို ဆိုလိုခြင်းဖြစ်သည်။ ပြက်ရယ်ပြုသူများ (Scoffers) များဆိုသည်မှာ ဘုရားသခင်နှင့်သက်ဆိုင် သောအရာများနှင့် သမ္မာကျမ်းစာကို ပြက်ရယ်ပြုသူများကို ဆိုလိုခြင်းဖြစ်သည်။ ထိုသူများနှင့်ရောယှက်စပ်နွယ်မှုကို ရှောင်ရှားရမည်ဖြစ်သည်။ ဒါဝိဒ်က ""မတရားသော သူတို့၏တိုက်တွန်းခြင်းသို့မလိုက်။ လူဆိုးတို့၏လမ်းတွင် မရပ်မနေ။ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်... သူသည်မင်္ဂလာ ရှိ၏။""ဟု ဆိုသည်။ (ဆာ ၁း၁)

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လိုလားပါက ကောက်ကျစ်သော သူတို့၏ အကြံ ဉဏ်ပေးမှု့ကို မတောင်းခံ မလက်ခံ သင့်ပါ။ ""လူဆိုးတို့၏လမ်းတွင် မရပ်မနေ""ဆိုသည်မှာ ""လူဆိုးများ (sinners) များ သွားသောနေရာများကို မသွားသင့်ကြောင်းကို ဆိုလိုသည်။ ""မထီမဲ့မြင်ပြုသော သူတို့၏အစည်းအဝေး၌ မထိုင်ဆိုသည်မှာ သမ္မာကျမ်းစာကို ပြက်ရယ်ပြုသူများနှင့် ဘုရားသခင်နှင့်သက်ဆိုင်သောအရာများကို ရွံ့ရှာသူများနှင့် မပေါင်းသင်းသင့်ကြောင်း""ကို ဆိုလိုခြင်းဖြစ်သည်။


(၃) ကျွန်ုပ်တို့သည် ကိုယ်ကျင့်စရိုက်လက္ခဏာ အချို့မကောင်းသူများနှင့်မပေါင်းသင်း သင့်ပါ

သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ပြက်ရယ်ပြုသူများ၊ လူမိုက်များနှင့် မပေါင်းသင်းရန်သတိပေးရုံ မက ကိုယ်ကျင့်စရိုက် လက္ခဏာ အချို့မကောင်းသူများနှင့်လည်း မပေါင်းသင်း၊ မဆက်ဆံရန် သတိပေးထား သည်။


++ အတင်းပြောတတ်ခြင်း

ဤလူအမျိုးအစားသည် သူတပါး၏မကောင်းသတင်းကို အခြားသူများအား ၀မ်းမြောက်စွာပြောပြ တတ်သူဖြစ်သည်။ ကျမ်းစာက ""လည်၍ စကားများ တတ်သောသူ(အတင်းပြောသူ) လျှို့ဝှက်အပ်သောအရာကို ဖော်ပြ၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဘော်နှင့်။" (သုတ္တံ ၂၀း၁၉)


++ ဝေဖန်တတ်ပြီး မကျေနပ်မရောင့်ရဲနိုင်ခြင်း

ခါးသီး၍ဝေဖန်တတ်သော စိတ်ရှိသူများ၊ အထူးသဖြင့် အာဏာရှိသူများကို နားကြည်းပုန်ကန်သော သူများနှင့် မိတ်ဆွေဖြစ်ခြင်း ကို သတိထားပါ။ သူတို့နှင့်ပေါင်းသင်းရောယှက်ပါက သူတို့၏ဝေဖန်တတ်သောစိတ်ကို သင့်ဆီ လက်ဆင့်ကမ်းပေးဝေမည် ဖြစ်သည်။


++ ဒေါသထွက်လွယ်ခြင်း

ဒေါသထွက်လွယ်သူသည် မိမိ၏ဒေါသကို မည်သို့ထိန်းချုပ်ရမည်ကို မသိပါ။ ထိုသူနှင့် ပေါင်းသင်းပါက သူ့နည်းနာများကို သင် သင်ယူ ပေလိမ့်မည်။ ကျမ်းစာက ""စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သော သူနှင့်အတူမလိုက်နှင့်။ လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကို သင်ရန်၊ ကိုယ့်အသက် ကျော့မိရာ ဖြစ်လိမ့်မည်။""ဟု ဆိုသည်။ (သုတ္တံ ၂၂း၂၄-၂၅)


++ ကိုယ်ကျင့်တရား မကောင်းသူများ

ကျမ်းစာက ကိုယ်ကျင့်တရားမကောင်းသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ရှောင်ကြည်ရန် သတိပေးထားသည်။ အကယ်၍ ကျွန်ုပ်သည် သူတို့ကဲ့သို့သော နှုတ်ကပတ်တော်နှင့်ဆန့်ကျင်သော ပြုမူ ဆောင်ရွက်မှု့များနှင့် စံနှုန်းများရှိသူတို့နှင့် ပေါင်းသင်းပါက ကျွန်ုပ်သည် ပျက်စီးခြင်းသို့ သွားရာ လမ်းထဲ သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျမ်းစာထဲတွင် ဤသတင်းစကားကို ထပ်ခါထပ်ခါပြောထားသည်။ သတင်း စကားမှာ ""ကျွန်ုပ်တို့မိတ်ဆွေအဖြစ် ရွေးချယ်ထားသော သူတို့ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာကြ သည်။""ပင်ဖြစ်သည်။


ငြင်းဆိုခြင်း ( NO) ဟုပြောရန်သင်ယူခြင်း

မှန်သောမိတ်ဆွေအမျိုးအစားများ ရရှိရန်အတွက် မှားယွင်းသော မိတ်ဆွေအမျိုးအစားထဲတွင် ပါသော သူများအား" NO" ဟု ပြောရမည် ဖြစ်သည်။ သုတ္တံကျမ်းထဲတွင် ဘုရားသခင်ကျွန်ုပ်တို့ကို သင်ယူစေလိုသောအရာမှာ "အခြားသူများသည် မှားသောအရာများကို ပြုလုပ်ရန် အတွက် သင့်ကို သွေးဆောင်ခြင်းကို ခွင့်မပြုနှင့်။" ပင်ဖြစ်သည်။ ကျမ်းစာက "ငါ့သားလူဆိုးတို့သည် သင့်ကိုသွေးဆောင် လျှင်မခံနှင့်။"ဟု ဆိုသည်။ (သုတ္တံ ၁း၁၀)

ကျွန်ုပ်တို့ပြောရန် သင်ယူရမည့်အရေးကြီးဆုံးစကားများထဲမှ တစ်ခုမှာစာလုံး(၂) လုံးသာရှိသော "NO" ပင်ဖြစ်သည်။ ထိုစကားလုံးကို နှစ်လိုဖွယ်၊ ခိုင်ခိုင်မာမာနှင့် နောက်ဆုံး၌ပြောနိုင်ရန် သင်ယူထားရ မည်ဖြစ်သည်။

အကယ်၍ဘုရားသခင်ပေးထားသော သင်၏သက်ဝင်ယုံကြည်မှုများကို ချိုးဖျက်မည့်အရာ တခုခုကို သင့်အားပြုလုပ်ရန် ပြောပါက " NO" ဟု ပြောပြီး တချိန်တည်းမှာပင် မိမိသည်ခရစ်တော်နှင့် သက်ဆိုင်သူဖြစ်ကြောင်းပြပါ။ ဤသို့လုပ်ပါက ထိုကိစ္စကို အဆုံးသတ်နိုင်ကောင်းသည်။ ကျွန်ုပ်တို့ ဆိုလို သောအရာကို သိနိုင်ရန် ဤဥပမာကို တင်ပြထားသည်။


မိတ်ဆွေ ။ ။ ""လာစမ်းပါ၊ ဒီဟာ ဟိုဟာလုပ်ကြရအောင်။""

သင် (ပြုံးလျက်) ။ "ကျေးဇူးပြု၍ မလုပ်ပါရစေနဲ့ " (No, thank you )

မိတ်ဆွေ။ ။ ဘာဖြစ်လို့လဲကွ

သင်(ပြုံးလျက်) ။ ""ဘာဖြစ်လို့လဲဆိုတော့ ငါ့ဘ၀ကို ယေရှုခရစ်တော်ထံဆက်ကပ်အပ်နှံထားလို့ပဲ""

"Tom" သည် ခရစ်ယာန်မဖြစ်မီက သူသည်သူတို့မြို့ရှိ ဘီယာဆိုင်တန်းတို့၌ သူငယ်ချင်းများနှင့် သောက်စားပျော်မွေ့ခဲ့သည်။ ထို့နောက်

"Tom"သည် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့ပြီး အနေအထားတို့သည် ပြောင်းလဲသွားခဲ့သည်။ သူသည်ဘီယာဆိုင်တန်းစီသို့ မသွားချင်တော့ပါ။ သူ့မိတ်ဆွေများက ဤအချက်ကို မနှစ်သက်သောကြောင့် သူအရှုံးမပေးအချင်း သူ့ကိုအမျိုးမျိုး ကျီစယ်နောက်ပြောင်ကြသည်။ နောက်ပိုင်းတွင် သူသည် သူ၏သောက်ဖော်သောက်ဖက်များနှင့် ပြန်အဖွဲ့ကျသွားခဲ့သည်။ ထိုအရာသည် စာတန် စောင့်မျှော်နေသော အခွင့်အရေးကို စာတန်အားပေးလိုက် ခြင်းဖြစ်သည်။

တစ်ညတွင် " Tom " နှင့် သူ့မိတ်ဆွေများသည် ကားပြိုင်မောင်းကြရာ " Tom " ရှုံးသွားခဲ့သည်။ ကားသည် မှောက်လဲ၍ ကြေမွပျက်စီး သွားခဲ့သည်။ " Tom " ၏မိတ်ဆွေများသည် သူ့ကိုကားထဲမှဆွဲထုတ် ၍မြေကြီးပေါ်တွင် ဆန့်ထားခဲ့သည်။ သူတို့သည် အလွန်မူးနေကြသဖြင့် " Tom" အား ရွေ့ရန် ဆေးလုပ်သားတို့အလာကို စောင့်ရမည်ကို မသိရှိခဲ့ကြပေ။

"Tom" ၏နောက်ကျောသည် လည်ပင်းအောက်နားလေး၌ပင် ကျိုးသွားခဲ့သည်။ လေးလံသော အလေးချိန်သည် သူ့တင်ပဆုံရိုး၊ ခြေထောက်များနှင့် လက်မောင်းပေါ်တွင် ကျရောက်လျက်ဆေးရုံပေါ်တွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ညှဉ်းဆဲသကဲ့သို့ ရပ်ပေါင်းများစွာနှင့် စိတ်ပျက်ဖွယ်ရှည်လျားသော ည ပေါင်းများစွာကို အဆက်မပြတ်ဖြတ်ကျော်ခဲ့ရသည်။

ယခုတွင် "Tom" သည် ဟိုဟိုဒီဒီသွားဖို့ ၀ီးချဲလ်ကို အသုံးပြုသည်။ သူဘယ်တော့မှလမ်းပြန် လျှောက်နိုင်မည်မဟုတ်ပါ။ သူလက်များ နေရာတွင် အစားထိုးထားသော လက်အတုများရှိသော်လည်း လက်အစစ်ကဲ့သို့ မလုပ်ဆောင်နိုင်ပါ။

သူသည် သခင့်ထံသို့ပြန်လာသလော။ ကျွန်မ မသိပါ။ ကျွန်မသိသည်မှာ သူသည် ဒုက္ခဝေဒနာကို ကြီးစွာခံစားရပြီး ကျွန်မလည်းသူနှင့်အတူ ခံစားခဲ့သည်။ ထိုဆေးရုံတွင် ကျွန်မသည်သူ၏ ညစောင့် သူနာပြု ဆရာမ ဖြစ်သည်။ (Joyce Dix)


ကျွန်ုပ်တို့ လိုအပ်သော ပေါင်းသင်းဆက်ဆံရေး

မိတ်ဆွေဆိုးများသည် ကျွန်ုပ်တို့ကို မည်သို့မှားယွင်းသော နည်းလမ်းဖြင့် လွှမ်းမိုးနိုင်သည်ကို လေ့လာခဲ့ပြီးဖြစ်သည်။ သို့သော် မိတ်ဆွေ ကောင်းများသည် ကျွန်ုပ်တို့အပေါ်တွင် ကောင်းမွန်သောလွှမ်းမိုး မှုများရှိသည်ဟု ပြောခြင်းမှာ မှန်ကန်သည်။ ထို့ကြောင့် မိတ်ဆွေကောင်းများကို မည်သို့ ရနိုင်မည်နည်း။

မိတ်ဆွေကောင်းများကို ရရန်အတွက် ကျွန်ုပ်တို့၏မိတ်ဆွေကောင်းများနှင့် တွေ့ဆုံမှုအပေါ်တွင် မူတည်သည်ဟု ကျွန်ုပ်တို့ ထင်လေ့ရှိကြ သည်။ သို့သော် ကျွန်ုပ်တို့ကိုယ်၌က အခြားသူတို့အတွက် မိတ်ဆွေကောင်းများဖြစ်ကြရန်အပေါ်တွင် သာ၍မူတည်နေသည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော် က ပြောထားသည်။ တနည်းအားဖြင့်ပြောလျှင် မိတ်ဆွေကောင်းများရရန်အတွက် ကျွန်ုပ်ကိုယ်တိုင်က (အခြားသူတို့ အတွက်) မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ရမည်ဟု ပြောခြင်းဖြစ်သည်။

ယခုတွင် စစ်မှန်သောမိတ်ဆွေတစ်ဦး၏ ကျွန်ုပ်တို့လိုလားတောင့်တသော ကိုယ်ရည်ကိုယ်သွေးများ ကိုကြည့်ကြပါစို့။ ဤကိုယ်ရည် ကိုယ်သွေးများ ကို ကြည့်ရှုဆင်ခြင်နေတုံး ""မိမိသည် ဤလူအမျိုးအစား ဖြစ် သလော"" ""ကျွန်ုပ်၏ဘ၀အသက်တာတွင် ဤကဲ့သို့သော ကိုယ်ရည် ကိုယ်သွေးများရှိရဲ့လား"" ဟု မေးကြ ပါစို့။


သခင်ယေရှုကိုချစ်သော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်

ကျွန်ုပ်၏မိတ်ဆွေအဖြစ် ရွေးချယ်ထားသောသူတို့ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာကြမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏အကောင်းဆုံး မိတ်ဆွေများ သည် သခင်ယေရှုကိုသိ၍ ချစ်သောသူများဖြစ်သလားဆိုတာကို ဂရုစိုက်ကြည့်ရမည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူ၊ ဒါဝိဒ်သည် သူ့မိတ်ဆွေများကို ဉဏ်ပညာရှိစွာ ရွေးချယ်ခဲ့သည်။ ဒါဝိဒ်က ""ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသော သြ၀ါဒ တို့ကို နားထောင်သူ ရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဖော်တတ်ပါ၏။""ဟု ဆိုထားသည်။ (ဆာလံ ၁၁၉း၆၃)


ကျွနုပ်ကိုချစ်၍ လက်ခံသော မိတ်ဆွေတစ်ဦး ကျွန်ုပ် လိုအပ်သည်။

ကျွန်ုပ်၏အနက်ရှိုင်းဆုံးသောလိုအပ်ချက်တစ်ခုမှာ ကျွန်ုပ်အတွက်အရေးပါသူတစ်ဦးသည် ကျွန်ုပ်ကိုချစ်၍ လက်ခံရန်ဖြစ်သည်။ ထင်ရှားသော စိတ်ပညာရှင်တစ်ဦးက"ကျွန်ုပ်တို့ဘ၀အသက်တာ၏ အချိန်တိုင်းတွင် ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး ကျွန်ုပ်တို့ကလည်းပြန်၍ ဂရုစိုက်သော အနည်းဆုံး လူ တစ်ဦး ရှိရမည်။ကျွန်ုပ်တို့တွင် ဤသို့သော လူတစ်ဦးမရှိပါက ကျွန်ုပ်တို့၏အခြေခံ အကျဆုံး လိုအပ်ချက်ကိုဖြည့်ဆည်းနိုင် မည်မဟုတ်ပါ။ ( William Glasser )

ကျွန်ုပ်တို့ဂရုစိုက်သကဲ့သို့ ကျွန်ုပ်တို့ကို ဂရုစိုက်သော၊ မိတ်ဆွေတစ်ဦးရှိချိန်တွင်၊ ဤအချက်က ပေါင်းသင်း ဆက်ဆံမှု၌ ၀မ်းမြောက်နိုင်ရန် အတွက် ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။ ဤမိတ်ဆွေမျိုး ရရန်အတွက် ကျွနုပ်ကိုယ်တိုင်က ဤမိတ်ဆွေမျိုးဖြစ်ရမည်။


ကျွန်ုပ်၏၀န်ထုတ်ဝန်ပိုးများကို ကူသယ်ပေးသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

စစ်မှန်သောမိတ်ဆွေတစ်ဦးသည် ကျွန်ုပ်၏ပြသနာများ၌ ပါဝင်ပတ်သက်မှု့ရှိပြီး ကျွန်ုပ်၏၀န်ကို ကူသယ်ပေးလိုသည်။ ကျွန်ုပ်သည် ဤမိတ်ဆွေမျိုး လိုချင်ပါက ကျွန်ုပ်ကိုယ်တိုင်က သူတပါးတို့၏၀န်ကို ကူသယ်ပေးလိုသော သူတစ်ဦးဖြစ်ရမည်။ ကျမ်းစာက ""ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။""ဟု ဆိုထားသည်။ (ဂလာတိ၊ ၆း၂)


ကျွန်ုပ်အပေါ်တွင် သစ္စာရှိသောမိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

စစ်မှန်သောမိတ်ဆွေတစ်ဦး၏ လက္ခဏာတစ်ခုမှာ သင့်သူ့ကိုလိုအပ်ချိန်၌ သူရှိနေခြင်းဖြစ်သည်။ သင် သူ့ အပေါ်တွင် ယုံကြည်စိတ်ချနိုင် သည်။ ကျွန်ုပ်သည် ဤကဲ့သို့သော လူစားမျိုးလား?


ကျွန်ုပ်ကို အားပေးတိုက်တွန်းသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

ကျွန်ုပ်တို့အားလုံးသည် အားပေးတိုက်တွန်းမှု့ကို လိုအပ်သည်။ တစ်စုံတစ်ဦးက "တိုက်တွန်းအားပေးခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်ကြ၍ ထို အရာမရှိပါက နှေးကွေးစွာ ၀မ်းနည်းစွာ ဒေါသကြီးစွာ သေဆုံး သွားမည်ဟု ပြောခဲ့သည်။ ကျွန်ုပ်သည် အခြားသူများကို အားပေးတိုက်တွန်းရမည်လော။


ယုံကြည်ကိုးစားထိုက်သော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

ခိုင်မာသောပေါင်းသင်းဆက်ဆံမှုသည် အပြန်အလှန်ယုံကြည်ကိုးစားနိုင်မှု့အပေါ်တွင် မူတည်သည်။ ကျွန်ုပ်ယုံကြည်နိုင်သော မိတ်ဆွေတစ်ဦး ကို ကျွန်ုပ်လိုချင်ပါက ကျွန်ုပ်လည်း ယုံကြည်ကိုးစား ထိုက်သူတစ်ဦးဖြစ်ရမည်။


ကျွန်ုပ်အပေါ်တွင် ရိုးသားသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

စစ်မှန်သောမိတ်ဆွေဆိုသည်မှာ ကျွန်ုပ်အပေါ်တွင် နှစ်လိုဖွယ်ရိုးသားသူ၊ ကျွန်ုပ်အတွက် ဂရုအလွန် စိုက်သဖြင့် မှားနေလျှင် အမှန် ပြင်ပေး မည့်သူ ကို ဆိုလိုသည်။ ကျမ်းစာက ""အဆွေခင်ပွန်းသည် ဒဏ်ပေး သောအခါ သစ္စာစောင့်လျက်ပေး၏။""ဟု ဆိုသည်။ (သုတ၊္တံ ၂၇း၆)


ကျွန်ုပ်အတွက် စဉ်းစားပေးသောမိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

ကျွန်ုပ်တို့သည် သူတပါးတို့အတွက် စဉ်းစားပေးခြင်းဆိုသော ကိုယ်ရည်ကိုယ်သွေးကို အခြားသူတို့ တွင် ရှိစေလိုသည်။ ထိုနည်းတူပင် ကျွန်ုပ်တို့တွင်လည်း ထိုကိုယ်ရည်ကိုယ်သွေးရှိကြရန် အခြားသူများက မျှော်လင့်ကြပေမည်။ ကျွန်ုပ်သည် အခြားသူများအတွက် စဉ်းစားပေးသလော။


မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း

မိတ်ဆွေတစ်ဦး၌ ကျွန်ုပ်တို့ လိုလားတောင့်တသေ ကိုယ်ရည်ကိုယ်သွေးများအကြောင်းကို လေ့လာခဲ့ ပြီးဖြစ်သည်။ ယခုတွင် မှန်ကန်သော ပေါင်းဆင်းဆက်ဆံမှုကို တည်ဆောက်ရန်အတွက် ကျွန်ုပ်ဘက်မှ မည်သို့ သဘောထားများရှိသင့်သည်ကို စဉ်းစားလေ့လာကြမည်ဖြစ်သည်။


(၁) ကျွန်ုပ်သည် မိမိကိုယ်ကို လက်ခံသည်။

ကျွန်ုပ်သည် မိမိကိုယ်ကို လက်မခံပါက အခြားသူများနှင့်မိတ်ဆွေဖွဲ့ရန်၊ ကျွန်ုပ်၏ယုံကြည်ခြင်းကို အခြားသူများနှင့် မျှဝေရန်တို့မှာ ကျွန်ုပ် အတွက်ခက်ခဲလိမ့်မည်။ မိမိကိုယ်ကိုလက်ခံခြင်းဟု ဆိုရာ၌ ကျွန်ုပ် ဖြစ်ချင်သောအရာအားလုံး၊ ဖြစ်သင့်သောအရာအားလုံးသည် ကျွန်ုပ်၌ဖြစ်နေသည်ကို ကျွန်ုပ်ယုံကြည်ကြောင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ဤအရာက ရိုးရှင်းစွာဆိုလိုသည်မှာ ကျွန်ုပ်သည် ဘုရားသခင်က ဖန်ဆင်းရွေးနှုတ်ထား၍ ဘုရားသခင် အတွက် အဖိုးထိုက်သူ၊ တန်ဖိုးရှိသူတစ်ဦးဖြစ်သည်ဟု မိမိကိုယ်ကို မြင်ခြင်းဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကို ဤနည်းအတိုင်း ထင်မြင်ရန် သင်ယူသော အခါ ကျွုန်ုပ်သည် အခြားသူများကို လက်ခံလာနိုင်ပြီး ဘုရားသခင်၏ မေတ္တာတော်ကိုလည်း သူတို့အား ဖော်ပြလာနိုင်မည် ဖြစ်သည်။


(၂) ကျွန်ုပ် သင့်ကို လက်ခံသည်။

လူတိုင်းတွင် အခြားသူများ၏လက်ခံခြင်းကို ရရှိလိုသောနက်ရှိုင်းသောအတွင်းပိုင်း လိုအပ်ချက် တစ်ခုရှိသည်။ ကျွန်ုပ်သည် သူတို့ကို လက်ခံ ကြောင်းကို ကျွန်ုပ်၏သဘောထားနှင့် လုပ်ဆောင်မှု့များအားဖြင့် ပြသခြင်းအားဖြင့် သူတို့ကလည်းကျွန်ုပ်ကိုပြန်လည်လက်ခံလာစေရန် လမ်းဖွင့်ပေးသည်။


(၄) သင်သည် တန်ဖိုးရှိကြောင်းကို ကျွန်ုပ်ယုံကြည်သည်။

ပေါင်းသင်းဆက်ဆံမှု့များသည် ချစ်ခြင်းမေတ္တာဆိုသောအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျွန်ုပ်သည် မည်သူကို တွေ့သည် မဆို၊ ဘုရားသခင်သည် ထိုသူတို့ကိုချစ်ပြီး သူ၏မေတ္တာတော် ကို ထိုသူတို့အားဖော်ပြစေလိုသည်။


(၅) ကျွန်ုပ်သည် ဖော်ရွေမည်

မိတ်ဆွေလိုချင်ပါက ကျွန်ုပ်တို့သည် ဖော်ရွေရမည်။ ကျမ်းစာက ""မိတ်ဆွေများ ရှိသူတစ်ဦးသည် သူကိုယ်တိုင်က ဖော်ရွေကြောင်း ပြရ မည်"" ဟု ပြောထားသည်။ (သုတ္တံ ၁၈း၂၄)


(၆) ကျွနုပ်သည် သင့်ကို စိတ်ဝင်စားသည်။

သင်သည် အခြားသူများက သင့်ကိုစိတ်ဝင်စားလာအောင် လုပ်ဆောင်ခြင်းထက်၊ အခြားသူများအား အမှန်တကယ် စိတ်ဝင်စားလာခြင်း အားဖြင့် သာ၍များပြားသော မိတ်ဆွေများကို ရရှိလာမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် မိမိအကြောင်းနှင့် သူတပါးကမိမိကို ဘယ်လိုထင်မြင်မလဲဆိုသော အကြောင်းကို အဆက်မပြတ်တွေးတောပါက ကျွန်ုပ်တို့သည် လူများကြား၌ မသက်မသာဖြစ်နေမည်။ ချစ်ခြင်းမေတ္တာနှင့် ရိုးဖြောင့်သော စိတ်ဝင်စားမှု့ တို့ဖြင့် အခြားသူများထံသို့ သွားရောက်နိုင်ရန်အတွက် မိမိအတွင်း၌ မိမိပိတ်မိ နေခြင်းမှ လွတ်မြောက်စေရန် ဘုရားသခင်အား တောင်းဆိုရမည်ဖြစ်သည်။ အကယ်၍ သင်၏သဘော ထားသည် ပြောင်းလဲရန်လိုအပ်ပါက ဘုရားသခင်၏အကူအညီယူ၍ သင်ပြောင်းလဲနိုင်သည်။

လူများကို ဂရုစိုက်ကြောင်း ပြသရန်နည်းလမ်းတစ်ခုမှာ သူတို့ပြောတာကိုနားထောင်ပေးခြင်း ဖြစ်သည်။ ကောင်းမွန်သော ပေါင်းသင်း ဆက်ဆံမှု့၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ သူတို့၏ ၀န်ထုပ်ဝန်ပိုးကို ကူသယ်ရန်နှင့် ပြဿနာများကို အဖြေကူရှာပေးခြင်းဖြစ်သည်။ ဤသို့ လုပ်နိုင်ရန် သူတို့ ပြောတာကို ကြားဖြတ်မပြောဘဲ ဂရုတစိုက်နားထောင်ရန် လိုအပ်သည်။ ဤအရည်အသွေးကို ကျွန်ုပ်တို့ သင်ယူ ရရှိရန် လိုအပ်သည်။ ညံ့ဖျင်းသောနားထောင်သူများသည် မိတ်ဆွေကောင်းများ မရနိုင်ပါ။


(၇) ကျွန်ုပ်ကို ဆက်ဆံစေချင်သလိုမျိုး သင့်ကို ကျွန်ုပ်ဆက်ဆံမည်။

ယေရှုသည် အခြားသူများနှင့် ဆက်ဆံခြင်းနှင့်ပတ်သက်၍ ရွှေစည်းမျဉ်းကို ကျွန်ုပ်တို့အားပေးခဲ့ သည်။ ထိုစည်းမျဉ်းမှာ အဘယ်နည်း။ ရိုးရှင်းစွာပင် ""သင့်ကို ဆက်ဆံစေချင်သလိုမျိုး သူတပါးတို့အား ဆက်ဆံရန်ဖြစ်သည်။ ယေရှုက သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်း သူတပါး၌ပြုကြ လော့။"" ဟုဆိုသည်။ (မဿဲ၊ ၇း၁၂)


သင်သည် စစ်မှန်သောမိတ်ဆွေများကို လိုအပ်သည်။

သင်သည် သင်မှီခိုနိုင်သော ရင်းနှီးသောမိတ်ဆွေအချို့ကို လိုအပ်သည်။ သင့်တွင်ထိုသို့သော မိတ်ဆွေများမရှိပါက ဘုရားသခင် မိတ်ဖွဲ့ စေလိုသောသူများထံသို့ သင့်ကိုလမ်းပြပို့ဆောင်ပေးရန် ဘုရားသခင်အားတောင်းခံပါ။ သူတို့၏စစ်မှန်သော မိတ်ဆွေတစ်ဦးဖြစ်လာဖို့ ရည်ရွယ်ချက် ထား၍ လုပ်ဆောင်ပါ။ ထိုသို့လုပ်ပါက သူတို့သည် သင့်မိတ်ဆွေများဖြစ်လာသည်ကို သင်သိလာလိမ့်မည်။

ကျွန်ုပ်၏မိတ်ဆွေများကို ရွေးချယ်နေစဉ်အတွင်း ကျွန်ုပ်တို့ အဓိက သိရမည့်အချက်မှာ ကျွန်ုပ်တို့ အပေါ်သို့ နက်ရှိုင်းစွာ အကျိုးသက်ရောက် မှု့ရှိနိုင်သူများမှာ သခင်ယေရှုကို သိကျွမ်း၊ နာခံသူများ ဖြစ်သည်။ ၀ိညာဉ်ရေးအရ ကြီးထွား၍ ဘုရားသခင်နောက်လိုက်ပြီး အလိုတော်ကို လုပ်ဆောင်သူ နှစ်ဦး၏ ပေါင်းသင်းဆက်ဆံမှုသည် အခိုင်အမာဆုံးနှင့် အရှည်ကြာဆုံး ဆက်ဆံမှုတစ်ခုဖြစ်သည်။

သူငယ်ချင်းနှစ်ဦးသည် ဘုရားသခင်ထံ နီးကပ်စွာချဉ်းကပ်နေခြင်းအားဖြင့် အချင်းချင်းထံသို့ နီးကပ်စွာ ချဉ်းကပ်ကြသည်။ သခင်ယေရှုသည် မိတ်ဆွေအားလုံး၏ မိတ်ဆွေဖြစ်သည်ကို အမြဲတမ်းသတိရပါ။ ကျမ်းစာက ""မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ် တတ်၏။""ဟု ဆိုသည်။ (သုတ္တံ ၁၈း၂၄) ယေရှုခရစ်သည် ထိုသို့သောမိတ်ဆွေဖြစ်ပြီး သူသည်သာ သင်၏အနီးကပ်ဆုံးနှင့် အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သင့်သည်။ သင်သည် သူနှင့်အချိန်ယူကာ မိတ်ဖွဲ့ပါက သူနှင့်တူလာမည်ဖြစ်သည်။ ကျမ်းစာက ""ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ၀ိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏။""ဟု ဆိုသည်။ (၂ကော ၃း၁၈)


ရှာဖွေတွေ့ရှိရသော ရတနာ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရွေးချယ်သော ကျွန်ုပ်တို့၏မိတ်ဆွေများကဲ့သို့ ဖြစ်လာကြသည်။


မေးခွန်းများ

မှန်/မှား

၁။ ပေါင်းသင်းဆက်ဆံမှုနှင့်ပတ်သက်၍ အရေးကြီးသော အချက်တစ်ချက်မှာ ကျွန်ုပ်တို့၏မိတ်ဆွေ များအဖြစ် ရွေးချယ်ထားသော သူများ ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာသည်။

၂။ မယုံကြည်သူတစ်ဦးနှင့် နက်ရှိုင်းစွာပေါင်းသင်းဆက်ဆံပါက သင်သည်သူ၏လွှမ်းမိုးခြင်းကို ခံရပြီး သူ့အမြင်အချို့နှင့် လုပ်ဆောင်ချက်တို့ကို ဖလှယ်ရယူမည်ဖြစ်သည်။

၃။ အကယ်၍သင်သည် ယုံကြည်ခြင်းအရာ၌ ပြင်းပြသူတစ်ဦးဖြစ်ပါက မယုံကြည်သူတစ်ဦးနှင့် နက်ရှိုင်းစွာ ပေါင်းသင်းဆက်ဆံမှုကို ဆက်လက်ပြုနိုင်သည်။

၎။ ယုံကြည်သူတစ်ဦးသည် မယုံကြည်သူတစ်ဦးကို အများအားဖြင့် ""ဆွဲတင်""နိုင်သည်။

၅။ လူနှစ်ဦး၏ အခိုင်မာဆုံးနှင့် အရှည်ကြာဆုံးပေါင်းသင်းဆက်ဆံမှု့ကို ၀ိညာဉ်ရေးအရ ရင့်ကျက် ကြီးထွား၍ ဘုရားသခင် နောက်ကိုလိုက်လိုပြီး အလိုတော်ကို လုပ်ဆောင်ကြသော လူနှစ်ဦး၏ပေါင်းသင်း ဆက်ဆံမှု့မျိုးတွင် တွေ့ရှိရသည်။

၆။ အထီးကျန်ခြင်းကို ကျွန်ုပ်တို့၏ အချိန်ကာလတွင်အဖြစ်အများပြသနာဟုခေါ်ဆိုကြသည်။

၇။ ဆာလံ ၁း၁တွင် ဘုရားသခင်ကောင်းချီးပေးသောသူသည် မယုံကြည်သူထံမှ အကြံဉဏ်ကို မတောင်းခံ။ လက်မခံပါ။

၈။ ကျွန်ုပ်သည် မိမိကိုယ်ကို လက်မခံပါက အခြားသူများ မိတ်ဆွေဖြစ်ရန် ခက်ခဲမည်ဖြစ်သလို ကျွန်ုပ်၏ ယုံကြည်ခြင်းကို ဝေမျှရန်လည်း ခက်ခဲမည်ဖြစ်သည်။

၉။ မိတ်ဆွေကောင်းများရှိရန်အတွက် ကျွန်ုပ်ကိုယ်တိုင်က အခြားသူတို့အတွက် မိတ်ဆွေကောင်းဖြစ် ရမည်။

၁၀။ စစ်မှန်သော မိတ်ဆွေသည် ကျွန်ုပ်၏ပြသနာများ၌ ပါဝင်ပတ်သက်၍ ကျွန်ုပ်၏၀န်ထုပ်ဝန်ပိုးများ ကိုကူသယ်ပေးလိုသည်။

ဤသင်ခန်းစာ၏ အဓိကပေးလိုသော သမ္မာတရားမှာ ""ကျွန်ုပ်တို့၏မိတ်ဆွေများအဖြစ် ရွေးချယ်ထား သောသူတို့ကဲ့သို့ ကျွန်ုပ်တို့ ဖြစ်လာကြသည်။""ပင်ဖြစ်သည်။ ဆုတောင်းသောအခါ ဘုရားသခင်၌ ၀မ်းမြောက်၍ နှုတ်ကပတ်တော်ကို ဆင်ခြင် အောက်မေ့သော သူတို့ကို ကောင်းချီးပေးရန် ဆုတောင်းပါ။


ရဲလင်းထွန်း (အင်းစိန်)

Share:

Saturday, June 19, 2010

ခရစ်ယာန်နှစ်မျိုး

သင်ခန်းစာ (၂၀)


ယုံကြည်ခါစ ခရစ်ယာန်တိုင်း မှားတတ်သော အရာတခုရှိသည်။ ထိုအရာမှာ ခရစ်တော်ကိုယုံကြည်သောသူ သည် အပြစ်မလုပ်ရ။ ထိုမျှမက အပြစ် မလုပ်နိင်ဟု ထင်မှတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ယုံကြည်သူ တယောက် အပြစ်ပြန်လုပ်လျှင် ထာဝရအသက် ပြန်လည်ဆုံးရှုံးမည်ဟု ထင်မှတ် တတ်သည်။ အမှန်မှာ ထာဝရအသက်သည် အပြစ်ကင်းသောကြောင့်၎င်း။ ဘုရားသခင်၏ အလိုတော်အတိုင်း နေနိင်သော ကြောင့်သော်၎င်း၊ ရသည်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်သက်သက် ကြောင့်ရရှိသည်ဖြစ်၍ပြန်လည်မဆုံးရှံးနိင်ချေ။

အကယ်၍အပြစ်လုပ်တိုင်း ထာဝရအသက် ဆုံးရှုံးလျှင် ထာဝရ အသက် မဟုတ်တော့ချေ။ ထာဝရအသက်သည် တဆက်တည်းဖြစ်၍ တခါရရှိလျှင် ထာဝရတည်တန့် သည်။ သို့ မဟုတ်ဘဲ အပြစ်လုပ်သောအခါ ထာဝရ အသက် ဆုံးရှုံး၍ ပြန်လည်နောင်တရသောအခါတိုင်း ပြန်ရရှိနိင်လျှင် ထာဝရအသက် မဟုတ်။ ပြတ်တောင်းပြတ်တောင်း အသက်တာဖြစ်မည်။ ဘုရားသခင်က ယုံကြည် သူကို ထာဝရအသက်ပေးသော အခါ ထိုက်တန်၍ ပေးသည် မဟုတ်။ သနား သော အားဖြင့်သာ ပေးသည်ကိုသိထားဘို့ လိုသည် (ဧဖက်၊၂း၈-၉)။

ထိုမျှသာမက ယုံကြည်သူများသည်အပြစ်လုပ်နိင်သေးကြောင်း ရှင်ယောဟန်က ဤသို့ ရေးသားထားသည်-ကိုယ်အပြစ်မရှိဟု ငါတို့ သည်ဆို လျှင် ကိုယ်ကိုကိုယ်လှည့်ဖျားကြ၏။ ဒုစရိုက်မပြုပြီဟု ငါတို့ သည်ဆိုလျှင် ဘုရားသခင်ကို မုသာအ ပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ- (၁ ယော၊၁း၈၊ ၁၀)။ အမှန်မှာ ယုံကြည်သူအပြစ်လုပ်လျှင် ဖျားနာခြင်းဖြစ်သည်။ ကိုယ်ခန်္ဓာဖျားနာသောအခါ အသက်ကုန် ဆုံးသွား သည်မဟုတ်။ သို့  သော် ဘာမျှ မလုပ်နိင်ဘဲ အိပ်ရာပေါ်လှဲနေသကဲ့သို့ ယုံကြည်သူအပြစ်လုပ်လျှင် ၀ိညာဉ် ရေးရာ၏ အလုပ်မလုပ်နိင်ဘဲ ဖျားနာနေခြင်းဖြစ်သည်။


ဤလောက၌လူသုံးမျိုးသုံးစား ရှိကြောင်းသမ္မာကျမ်း စာအားဖြင့် သိရသည်။ ၄င်းတို့ မှာ

ဇာတိပကတိလူ

ဇာတိပကတိလူသည် ခရစ်တော်ကိုမယုံကြည်။ ခရစ်တော်ကို လက်မခံသောသူ ဖြစ်သောကြောင့် ခရစ်တော်နှင့်မဆိုင် (ရော၊၈း၉)။ ခရစ်တော်မရသောကြောင့် ထာဝရ အသက်မရ (၁ ယော ၅း၁၂)။ခရစ်တော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရသောသူ ဖြစ်သည် (ယော ၃း၃၆)။ ဤသူသည် ခရစ်တော်ကိုမရသောကြောင့် စိတ်နှလုံးအထဲရှိ ပလ္လင်ပေါ်ကငါ တည်းဟူသော အတ္တက အုပ်စိုးနေ သည်။

ရှင်ပေါလုက ဇာတိပကတိလူနှင့်ပတ်သတ်၍ ဤသို့ ဆိုသည်- ဇာတိ ပကတိလူသည် ဘုရားသခင်၏၀ိညာဉ်တော် အရာကိုမခံမယူ။ ထိုအရာတို့ ကို မိုက်မဲသောအရာဖြစ်သည် ဟုထင်တတ်သည်။ ထိုအရာကို ၀ိညာဉ် အားဖြင့်သာ ပိုင်းခြား၍ နားလည်နိင်သောကြောင့် ဇာတိပကတိ လူသည် နားမလည်နိင် (၁ ကော ၊၂း၁၄)။ ဇာတိပကတိလူသည် ၀ိညာဉ်အရာကို နားမလည်သောကြောင့် မလိုချင်။ မြေကြီးအရာကိုသာ စိတ် စွဲလန်းခြင်းရှိသည်။ သူ၏အသက်တာ၊ အပြုအမူ၊ အကျင့်အကြံများကြည့် လျှင်လည်း ၀ိညာဉ်သဘောမရှိ။ တည်ငြိမ်ခြင်း ၀မ်းမြောက်ခြင်း မရှိ၊ အလွန်ပျော်လိုက်၊ အလွန် ၀မ်းနည်းလိုက်၊ စိတ်တိုလိုက်၊ စိတ်ဆိုးလိုက်၊ စိုးရိမ်ပူပန်လိုက်ဖြင့် မငြိမ်သက်သော အသက်တာဖြင့် အသက်ရှင်သည်။

ဇာတိပကတိ အသက်တာသည် သာသနာပလူများ၌သာမက ခရစ်ယာန် များထဲ၌လည်း များစွာရှိသည်။ သင်းအုပ် ဆရာများမှစ၍၊ အသင်းတော်လူကြီးများ၊ အမျိုးသမီးခေါင်း ဆောင်များ၊ လူငယ်ခေါင်းဆောင်များ၊ အသင်းသူအသင်းသား များစွာတို့သည် အပြင်ပန်းအားဖြင့် ခရစ်ယာန်ဟု ထင်ရသော်လည်း ခရစ်တော်ကို မရရှိသောကြောင့် ဇာတိပကတိလူများ ဖြစ်ကြသည်။ ဤအသက်တာမျိုးဖြင့် ဘုရားသခင်၏ အလိုတော်ကို မလိုက်နိင်။ လိုက်ချင်စိတ်လည်း မရှိကြ။ ဘုရား အလိုတော်ထက် မိမိတို့ အလိုကိုလိုက်ဘို့ အလေးထားကြသည်။ ဘုရား၏ဘုန်း ရှုတ်ချစရာ ဖြစ်စေသည်။

ဝိညာဉ်ပကတိခရစ်ယာန်

ဝိညာဉ်ပကတိခရစ်ယာန်သည် ခရစ်တော် ကို စိတ်နှ လုံးထဲ၌လက်ခံသည် သာမက သူ၏အသက်တာကိုအုပ် စိုးခွင့် ပြုသောသူ ဖြစ်သည်။ ငါ တည်းဟူသော မာန်မာနကိုအောက်သို့ ချသည်။ ဤလူသည် ခရစ်တော်ရရှိသောကြောင့် စစ်မှန်သော ခရစ်ယာန် ဖြစ်သည်။ ထာဝရအသက် ကိုလည်းရရှိသည် (၁ ယော ၅း၁၂)။ အပြစ်စီရင်ခြင်းမှလည်း လွတ်မြောက်သောသူ ဖြစ်သည် (ယော၊၃း၁၈)။ ဘုရား သခင်ရှေ့ တော်၌ဖြောင့်မတ်သောသူ သန့် ရှင်းသောသူဖြစ်သည် (၁ ကော၊၁း၂၊၃၀)

ဤလူသည် အသက်တာကို ကိုယ်တိုင်မအုပ်ချုပ်ဘဲ ခရစ်တော်ကို အုပ်စိုး စေသောကြောင့်ဘုရား အလိုတော်အတိုင်း အသက်ရှင်သောသူ ဖြစ်သည်။ ထို့ကြောင့်ဝိညာဉ်တော်၏အသီးတည်းဟူသော ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းစသော ၀ိညာဉ်တော်၏အသီးများကို သူ၏ အသက်တာ၌ တွေ့ ရသည် (ဂလာ ၅း၂၂-၂၃)။

ဤလူ၏အသက်တာသည်အဓိပ္ပါယ်ရှိ၍ ပန်းတိုင်လည်းရှိသည်။ အပြော အဆိုအပြုအမူ အကြံအစည်တို့သည် ဘုရားသခင်၏အလိုတော် အတိုင်း ဖြစ်သောကြောင့် သူတပါးအတွက်လည်း တည်ဆောက်စရာဖြစ်၍လူများကို ဆွဲဆောင် နိင်သောသူဖြစ်သည်။ သူ၏အသက်တာသည် ဘုရားသခင်၏ ဘုန်းကို ထင်ရှားစေ၍ လူတိုင်း၏လေးစား နှစ်သက်ချစ်ခင် မြတ်နိုးခြင်းကို ခံရသည်။

ယုံကြည်သူတိုင်းသည် ထိုကဲ့သို့သော အသက်တာဖြင့် အသက်ရှင်ရမှာ ဖြစ်သည်။ ထိုကဲ့သို့ သောသူကိုသာသနာပလူ များကလည်း လေးစား၍ သူ့အားဖြင့် ဘုရားသခင်ကိုယုံကြည်လာကြမှာဖြစ်သည်။ ဘုရားသခင်၏စိတ်တော်နှင့် တွေ့၍ ယုံကြည်သူတိုင်း မျှော်လင့်တောင့်တသော အသက်တာဖြစ်သည်။

ဇာတိပကတိခရစ်ယာန်

ဇာတိပကတိခရစ်ယာန်သည် ခရစ်တော်ကို စိတ်နှလုံးထဲ၌ ရရှိသော ကြောင့် ထာဝရအသက်ကိုရရှိသောသူ။ အပြစ် စီရင်ခြင်းမှ ကင်းလွတ် သော သူဖြစ်သည်။ ခရစ်ယာန်တယောက် ရသင့် ရထိုက်သော အခွင့်အရေးများ ကိုရသည်။ သို့ သော် ခရစ်တော်ကို အသက်တာ၏ အုပ်စိုးခွင့်မပေး။ ငါ တည်းဟူ သော အတ္တ ဖြင့်အသက်တာကို အုပ်စိုးသည်။ ထို့ ကြောင့်ခရစ် ယာန်ဖြစ်သော်လည်း ခရစ်ယာန်မဟုတ်သကဲ့သို့ ဇာတိသဘောဖြင့် အသက်ရှင်သည်။

ဤလူသည်ခရစ်တော်ကို ရရှိသောကြောင့် ထာဝရအသက်မဆုံးရှုံးသော်လည်း ဇာတိ အလိုအားဖြင့် အသက်ရှင်သောကြောင့် သူ၏အသက်တာက ဘုရားသခင်၏ဘုန်းတော် မထင်ရှားသည်သာမက ရှုတ်ချစရာဖြစ်သည်။ ဇာတိပကတိလူ ကဲ့သို့ ပင် ဂလာတိ ၅း၁၉-၂၁ ထဲမှာဖေါ်ပြသော ဇာတိအသီးများကိုသာ သီးသည်။

ကောရိန်သုအသင်းတော်

ကောရိန်သုအသင်းတော်လည်း ဇာတိအားဖြင့်အသက် ရှင်ကြသောကြောင့် ရှင်ပေါလုကဤသို့ ဆူခဲ့သည်- ညီအစ်ကိုတို့အထက်က ငါသည် ၀ိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင်တို့ အား ဟောပြောရသော အခွင့်မရှိဘဲ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေး တို့  အား ၄င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုပင်လည်း ဇာတိပ ကတိလူ ဖြစ်ကြ သေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိကြ သည်ဖြစ်၍သင်တို့ သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော၊ လောကီ ထုံးစံအတိုင်း ကျင့်ဆောင်ကြ သည် မဟုတ်လော (၁ ကော ၃း၁၊ ၃)။

ကောရိန်သု အသင်းတော်သည် ဇာတိအားဖြင့်အသက် ရှင်သော်လည်း ကယ်တင်ခြင်းမဆုံးရှုံးကြောင်း ရှင်ပေါလု၏ နှုတ်ဆက်စာက ဤသို့  တွေ့ ရသည်- ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့် ရှင်းသူအရာ ခန့် ထား သောသူ (၁ ကော၊၁း၂) ဟုရေးထားသည်။ ထိုမျှသာမက ထိုသူများသည်သခင် ခရစ်တော်ကြွလာသောအခါ သူတို့ ခံစားရမည့်အရာများကို ဤသို့ ရေးသား ခဲ့သည်- နောက်ဆုံးသော တံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိ တမှိတ်တွင် ငါတို့ ရှိသမျှ(ကောရိန်သု အသင်းသားများအပါအ၀င်)သည် ပြောင်းလဲခြင်းသို့  ရောက်ရကြမည် (၁ ကော ၁၅း၅၂)။

ဤသို့ ဇာတိပကတိခရစ်ယာန်များသည် ကယ်တင်ခြင်းမဆုံးရှုံး သော်လည်း ဘုရားအလိုတော်နှင့်ပြည့်စုံသော အသက်တာမဟုတ် သူတပါး ထိခိုက်စရာ အသက်တာဖြင့် အသက်ရှင်သောကြောင့် ဘုရားဘုန်းတော်လည်း သူတို့ ကြောင့် ရှုတ်ချစရာ ဖြစ်သည်။ သူတို့ ကိုယ်တိုင်လည်း ပျော်ရွှင်ငြိမ်သက်မှုမရှိ။ စိတ်ပျက်စရာ အသက်တာဖြင့်အသက်ရှင်ရသည်။ ထို အသက်တာမျိုးဖြင့် အသက်မရှင်ဘဲ ၀ိညာဉ်တော် အုပ်စိုးခြင်း အ သက်တာဖြင့် အသက်ရှင်ရကြမည်။

ခရစ်တော်ကိုအုပ်စိုးစေခြင်းဖြင့်

ဇာတိပကတိခရစ်ယာန်သည် အသက်တာ၌ ငါ အားဖြင့်အုပ်စိုး၍ ခရစ်တော်ကို နေရာမပေးခြင်းကြောင့်ဖြစ်သည် ဟုသိရပြီ။ ထိုသို့  ဇာတိသဘောဖြင့် ဆက်လက်အသက်ရှင်ပါက ဘုရားသခင်၏စိတ်တော်နှင့်မတွေ့ နိင်။ ဘုရားသခင်နှင့် ဆန့် ကျင်ဘက်ဖြစ်၍ ဘုရားသခင်၏ တရားတော် အလိုသို့  မလိုက်တတ်။ ထိုမျှမက မလိုက်နိုင် (ရော ၈း၇-၈)။

ထို့ ကြောင့် ခရစ်တော် အုပ်စိုးသော အသက်တာ ၀ိညာဉ်တော်ပြည့်ဝ သော အသက်တာဖြင့် ပြန်လည်အသက်ရှင်နိင်ရန် မိမိအပြစ်ကို ၀န်ချတောင်းပန်၍ ခရစ်တော်ကိုအသက်တာ၌ သခင်အဖြစ် ပြန်လည်အုပ်စိုးခွင့်ပေးရမည်။ စိတ်နှလုံနှိမ့်ချ၍ မိမိအသက်တာကို ခရစ်တော်ထံ၌ ပြန်လည် ပုံအပ်ရမည်။ ထိုသို့ ခရစ်တော်ကို အမှန်တကယ် အုပ်စိုးခွင့်ပေးလျှင် သူသည် မိတ်ဆွေ၏ အသက်တာကို အုပ်စိုးမှာ အမှန် ဖြစ်သည်။ ခရစ်တော်အုပ်စိုးသောအသက်တာသည် ၀ိညာဉ်ပကိ အသက်တာ ဖြစ်၍ဘုရားသခင်၏ အလိုတော်အတိုင်း ပြန်လည် အသက်ရှင်နိင်ပေ မည်။ ၀ိညာဉ်အသီးများကိုလည်း ပြန်လည်သီးလာနိင်ပေမည်။


သင်ခန်းစာ (၂၀)မှ မေးခွန်းများ

၁။ ခရစ်တော်ကို ယုံကြည်ပြီးသောသူသည် အပြစ်လုပ်နိင်ပါ သေးသလား။ -----------------------------------------------------

၂။ ယုံကြည်သူများသည်အပြစ်ကြောင့်ထာဝရအသက် ဆုံးရှုံးနိင်ပါသလား။--------------------------------------------------------

၃။ ဇာတိပကတိခရစ်ယာန်သည်ခရစ်တော်ကိုရပါသလား။--------------------

၎။ ခရစ်ယာန်များအထဲ၌ဇာတိပကတိလူများရှိပါသလား။အဘယ့်ကြောင့်နည်း။ --------------------------------------------------

၅။ ဇာတိအသီးများ ဖေါ်ပြပါ။-------------------------------------------------------------------

၆။ မည်သို့ သောသူသည်ဝိညာဉ်ပကတိခရစ်ယာန်ဖြစ်သနည်း။---------------------------------------------------------

ရ။ ၀ိညာဉ်အသီးများဖေါ်ပြပါ။--------------------------------------------------------------------------------------

၈။ ဇာတိခရစ်ယာန်သည်မည်သူကအုပ်စိုးသနည်း။--------------------------

၉။ ဇာတိခရစ်ယာန် ကယ်တင်ခြင်းဆုံးရှုံးမည်လော။-------------------------

၁၀။ မည်ကဲ့သို့ ဝိညာဉ်ခရစ်ယာန်ဖြစ်မည်နည်း-------------------------------

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support