HCF

HCF MYANMAR IN SINGAPORE

Saturday, August 21, 2010

မိမိကိုယ်ကို လက်ခံတတ်စေရန် သင်ယူခြင်း

Learning to Accept Myself

Practical Christian Living Lesson Course 4

Lesson 5

အဓိက ကျမ်းချက် ။    ။
ကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ....။ ဆာလံ ၁၃၉း ၁၄


 

    ကျွန်ုပ်တို့ဘ၀၏ပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ သဘောထားများအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ မိမိကိုယ်ကို မိမိ မြင်သော အမြင် သဘောထားသည် အရေးအကြီးဆုံး သဘောထားတခုဖြစ်သည်။ အကြောင်းမှာ ဤသဘောထားသည် ကျွန်ုပ်တို့ဘ၀တွက် နက်ရှိုင်းသော အကျိုး သက်ရောက်မှုကို ဖြစ်စေ သောကြောင့်ဖြစ်သည်။

    မိမိကိုယ်ကိုမိမိမြင်သော အမြင်သဘောထားကို "self-image" ဟုခေါ်သည်။ ဤ "self-image" သည် ကျွန်ုပ်တို့၏အလုပ်နှင့် အောင်မြင်မှုအခွင့်အလမ်းများအပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။ ထိုပြင် ကျွန်ုပ်တို့၏ "self-image"သည် ကျွန်ုပ်တို့မိသားစု၊ မိတ်ဆွေ များ၊ အခြားသူများအပေါ်တွင်ထား သော ကျွန်ုပ်တို့၏သဘောထားအပေါ်၌လည်း အကျိုးသက်ရောက်မှုရှိသည်။"self-image" မကောင်း သူများသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မပြေမလည်ဖြစ်လေ့ရှိကြသည်။ ယေဘုယျအားဖြင့် သူတို့သည် မပျော်မရွှင် ဖြစ် နေတတ်ကြသည်။

    ကျွန်ုပ်တို့၏ "self-image" (မိမိကိုယ်ကိုမိမိမြင်သောအမြင်)သည် ဘုရားသခင်အပေါ်တွင် ထားသော ကျွန်ုပ်တို့၏ သဘောထား အပေါ်တွင် လည်း အကျိုးသက်ရောက်မှုရှိသည်။ "self-image" မကောင်းသူများသည် ခါးခါးသီးသီဖြစ်နေလေ့ရှိကြပြီး ဘုရားသခင်ကိုလည်း နာကြည်း လေ့ ရှိကြ သည်။ ဘုရားသခင် ကို ယုံကြည်ရန်မှာ သူတို့အတွက်ခက်ခဲလေ့ရှိပြီး သူတို့အပေါ်တွင် ထားသောသူ၏မေတ္တာတော်ကို ယုံကြည်ရန်မှာလည်း သူတို့ အတွက် ခက်ခဲသည်။

    ကျွန်ုပ်တို့သည် မိမိကိုယ်ကို ယုတ်ညံ့သည်ဟု မထင်သင့်သလို မာန်မာနလည်း မကြီးသင့်ပေ။ ဤသို့သော စိတ်နေသဘောထား များသည် ပျော်ရွှင်မှုနှင့် မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးတို့ကို ကျွန်ုပ်တို့ထံ ယူဆောင်လာမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် လျော်ကန် သော "self-image" ရှိကြရန်အတွက် ဘုရားသခင်အလိုရှိသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ မှန်ကန်စွာ တွေး၍မြင်နိုင်ကြရန် အတွက်လည်း ဘုရားသခင် အလိုတော်ရှိသည်။


 

ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖန်ဆင်းထားခြင်းကို ခံရသည်။

    သင်ခန်းစာ (၃)တွင် ကျွန်ုပ်တို့၏တွေးတောကြံစည်မှုများ၏ အရေးပါမှုကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ တွေးတော ကြံစည်ထားသည့်အတိုင်း ကျွန်ုပ်တို့ခံစားလုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့၏အတွင်း ပိုင်း စိတ်နှလုံးမှ တွေးတောကြံစည်၊ ယုံကြည်သော အရာများ၏ ထိန်းချုပ်ထားခြင်းကို ကျွန်ုပ်တို့ခံရကြ သည်။ ကျမ်းစာက ""လူသည်စိတ်ထင်သည်အတိုင်းဖြစ်၏""ဟု ဆိုရာတွင် အထက်ပါအချက်ကို ဆိုလိုခြင်း ဖြစ်သည်။

    ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်၍ မှန်ကန်စွာတွေးထင်တက်ရန်နှင့် ဘုရားသခင်က ကျွန်ုပ် တို့ကိုမြင်သည့်အတိုင်း မိမိကိုယ်ကို မြင်တတ်ရန်မှာ မရှိမဖြစ် အရေးပါသည်။ ဤသို့မြင်နိုင်ရန်အတွက် လူနှင့်စပ်လျဉ်း၍ အချက်ပြအချို့ကို လေ့လာကြမည်။

(၁)    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံ သတ္တ၀ါများဖြစ်ကြသည်။

လူသားသည် ဆင့်ကဲဖြစ်စဉ်အားဖြင့် ဖြစ်တည်လာခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုခံရကြသည်။ သခင်ယေရှုကိုယ်တိုင်က ""ဘုရားသခင်ဖန်ဆင်းတော်မူစက၊ ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏""ဟု ဆိုခဲ့သည်။ မာ ၁၀း၆

(၂)    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

ဘုရားသခင်သည် လူကိုမိမိ၏သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းခဲ့ခြင်းအားဖြင့် အခြားဖန်ဆင်းခြင်းခံ သတ္တ၀ါအားလုံးထက် ချီးမြှောက် သာလွန် စေခဲ့သည်။ ကောင်းကင်တမန်များတောင်မှ ဤသို့သော ချီးမြှောက်မှုကို မခံရပါ။ လူသည်သာ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်း ခံရသည် ကျမ်းစာက ""ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျင်"" ဟုဆိုသည်။ ကမ္ဘာ ၁း၂၇

(၃) ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် ဖန်ဆင်းခြင်းခံရသည်။

    ဘုရားသခင်သည် ရည်ရွယ်ချက်တခုဖြင့် လူကိုဖန်ဆင်းခဲ့သည်။ သူ၏ဘုန်းတော်အတွက် လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ဟေရှာယ ၄၃း၇ တွင် ဘုရားသခင်က ""ငါ၏ဘုန်းအသရေဘို့ ငါဖန်ဆင်းပြုပြင် ၍...""ဟု ဆိုခဲ့သည်။ အသင်းတော်ဖခင်များက ဤသို့ပြောခြင်းသည် မှန်ကန်သည်။ ""လူသား၏အဓိက လုပ်ရမည့်အရာမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် သူ၌အစဉ်မပြတ် ၀မ်းမြောက်ကြရန် ဖြစ်သည်။""

(၄) ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်ပိုင်ကြန်အင်လက္ခဏာများနှင့် စွမ်းဆောင်ရည်တို့ကို ပေးအပ် ထားသည်။

    မည်သူကမှ မိမိ မိဘများ၊ လူမျိုးစု၊ မိမိအသားအရောင်၊ ဥာဏ်ပညာ၊ ပုံသဏ္ဍာန်နှင့် မွေးရာပါ အရည်အချင်းများကို ရွေးချယ်ပိုင်ခွင့်မရှိပါ။ ထိုအရာအားလုံးသည် မွေးရာပါများဖြစ်ပြီး ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။

    အကယ်၍ ကျွန်ုပ်တို့တွင် ထူးခြားသော ဆုကျေးဇူးများနှင့် အရည်အချင်းများရှိပါက ထိုအရာတို့ သည် ""ကျွန်ုပ်တို့ကို ပေးထားသော ဘုရားသခင်၏ဆုကျေးဇူးများ""ဖြစ်ကြောင်းကို အသိအမှတ်ပြုသင့်သည် ကျွန်ုပ်တို့သည် အရပ်ရှည်၍ဖြစ်စေ။ အပြာရောင် မျက်လုံးများရှိ၍ဖြစ်စေ၊ မိမိကိုယ်ကို ဂုဏ်မယူသင့်သလို အထက်ပါ ဆုကျေးဇူးများရှိခြင်းအတွက်လည်း ဂုဏ်မယူသင့်ပါ။ သဘာဝ ကြန်အင် လက္ခဏာအားလုံးနှင့် ပင်ကိုယ်အရည်အချင်းများသည် ဘုရားသခင်ဆီမှသာ လာသည်။ ဤအရာသည် မှန်ကန်သဖြင့် ကျွန်ုပ်တို့ အပိုင်းမှ မာန်မာနရှိစရာ အကြောင်းမရှိပါ။ ကျမ်းစာက ""ထိုမှတပါး အဘယ်သူသည် သင့်ကိုထူးခြားစေ သနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသောအရာ တစုံတခုမျှ သင့်၌ရှိသလော့။""ဟုဆို ထားသည်။ ၁ကော ၄း ၇

    မွေးကတည်းက လက်ခံရရှိခဲ့သောအရာများနှင့် စပ်လျဉ်း၍လည်း ရှက်ကြောက်စရာအကြောင်း လုံးဝမရှိဟု ပြောခြင်းမှာလည်း မှန်ကန်သည်။ ဘုရားသခင်သည် လူအားလုံးကို ဖန်ဆင်းသူဖြစ်သည်။ သူသည် သူဖန်ဆင်းထားသောအရာများနှင့် ပတ်သက်၍ ရှက်ကြောက် ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့လည်း ရှက်ကြောက်ခြင်းမရှိသင့်ပါ။ သူတပါးကို အထင်သေး၍ ရွံရှာမုန်းတီးသူများကို ဘုရားသခင်သည် မနှစ်မြို့ပါ။ အကယ်၍ သင်သည် တစုံတဦးကို ကဲ့ရဲ့လှောင်ပြောင်ပါက ထိုသို့ပြုလုပ်ခြင်းသည် ဘုရား သခင်အား ကဲ့ရဲ့နေခြင်းဖြစ်သည်။ အကြောင်းမှာ ထိုသူကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ကျမ်းစာက ""ဆင်းရဲသားကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသော ဘုရားကို ကဲ့ရဲ့၏။""ဟုဆိုသည်။ သုတံ္တ ၁၇း ၅

    မိမိကိုယ်ကို အထင်သေး၍ ရွံရှာမုန်းတီးခြင်းမှာလည်း အခြားသူတဦးကို အထင်သေး၍ ရွံရှာ မုန်းတီးခြင်းကဲ့သို့ပင် မှားယွင်းသည်။


 

လျော်ကန်သော မိမိကိုယ်မိမိမြင်သောအမြင် "self-image" ကိုရရှိခြင်း

    အထက်ပါအချက်များကို စိတ်ထဲမှတ်ထားလျက်၊ သင့်ကိုလျော်ကန်သော မိမိကိုယ်မိမိမြင်သောအမြင် "self-image" ရရှိစေရန် ကူညီပေး မည့် အရာ အချို့ တို့ကို ဝေငှပြောပြပါမည်။

(၁) သင်သည် ထူးခြားသောပုဂိ္ဂုလ်ဖြစ်သည်ကို နားလည်ပါ။

    ကျွန်ုပ်တို့သည် အံ့သြဖွယ်တီထွင်မှုအသစ်အဆန်းများဖြင့် ပြည့်နှက်လျက်ရှိသော ခေတ်ကာလထဲ တွင် အသက်ရှင်လျက် ရှိသော ကြောင့် လူသည် အရေးသိပ်မပါဟု ထင်လေ့ရှိကြသည်။ သို့သော် ဤကမ္ဘာ ပေါ်၌ အထူးခြားအကောင်းမွန်ဆုံးအရာမှာ အာကာသ လွန်ပျံယာဉ် (သို့) လျှပ်စစ်ပစ္စည်းအသစ်တခု မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အထူးခြားအဆန်းကြယ်ဆုံးအရာမှာ လူသားဖြစ်သည်။ ဒါဝိဒ်က ""ကျွန်ုပ်သည် ကြောက်မက်ဖွယ် သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍""ဟု ဆိုခဲ့သည်။ ဆာလံ ၁၃၉း၁၄

    ကျွန်ုပ်တို့နှင့် ပတ်သက်၍ အရေးကြီးသောအရာမှာ ကျွန်ုပ်တို့၏ ပုံပန်းသဏ္ဍာန်မဟုတ်ပါ။ အရေး ကြီးသောအရာမှာ ကျွန်ုပ်တို့ သည် ဘုရားသခင် မိသားစု၏ မိသားစုဝင်တဦးဖြစ်လာရန်နှင့် ခရစ်တော်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲလာရန် အလားအလာရှိသည် ဆိုသော အချက်ဖြစ်ပါသည်။ အထက်ပါ အချက်က ဘုရားသခင်၏အမြင်၌ လူအယောက်ဆီတိုင်းကို များစွာအဖိုးထိုက်စေသည်။

    ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် အရာရာတို့ကို တခုနှင့်တခု မတူအောင် ကွဲပြားခြားနားစွာ ဖန်ဆင်းခဲ့သူ ဖြစ်သည်။ သူသည် သစ်ရွက် နှစ်ရွက် ကို တူညီစွာ မဖန်ဆင်းပါ။ မိုးပွင့်နှစ်ပွင့်ကိုလည်း တခုနှင့်တခု လုံးဝ တူညီအောင် မဖန်ဆင်းထားပါ။ လူနှစ်ဦးကိုလည်း တထေရာ တည်း တူအောင် မဖန်ဆင်းပါ။ သင်သည် အတုမရှိ ထူးခြား၍ ဤကမ္ဘာပေါ်တွင် သင့်လိုလူမျိုး နောက်တစ်ယောက်မရှိသော လူပုဂိ္ဂုလ် တစ်ဦးဖြစ် သည်။ ထို့ကြောင့် သင်သည် အခြားမည်သူကမှ ဘုရားသခင်ထံ မယူဆောင်လာနိုင်သော အထူးဘုန်းတော် ကို သင်၏ ဖန်ဆင်းရှင်ထံ ယူဆောင်လာနိုင်စွမ်းရှိသည်။

(၂) သင်၏ဖန်ဆင်းရှင်နှင့် ပုဂိ္ဂုလ်ရေးရာဆက်ဆံမှုကို စတင်တည်ဆောက်ပါ။

    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းခံထားရသည်။ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း ထားခြင်းခံရသဖြင့် ကျွန်ုပ်တို့သည် သူကို သိကျွမ်းနိုင်စွမ်းရှိပြီး သူနှင့် ပုဂိ္ဂုလ်ရေးရာ ပေါင်းသင်းဆက်ဆံမှုကို ပြုလုပ်နိုင်သည်။

    သင်သည် သင်၏ဖန်ဆင်းရှင်နှင့် ပုဂ်္ဂိုလ်ရေးရာ ဆက်ဆံမှုကို မပြုမလုပ်သည့်တိုင်အောင် သင်သည် သင်၏အဖိုးထိုက်တန်မှုကို သိရှိနိုင်မည်မဟုတ်သလို သင့်ကိုသင်လည်း လုံးလုံးလျားလျား လက်ခံနိုင်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာ၍ သင့် အတွက် သူ၏မေတ္တာတော်ကို သိရှိလာသည်နှင့် တပြိုင်နက်၊ သူ၏အမြင်၌ သင်သည် မည်မျှအဖိုးထိုက်တန်သည်ကို သင်သိရှိလာပေမည်။

    သခင်ယေရှုက ကောင်းကင်ဘုံရှိ ခမည်းတော်မသိရှိဘဲ၊ အရေးမပါသော စာငှက်ကလေးတကောင် ပင်လျှင် မြေပြင်ပေါ်သို့ မကျပါဟု ထောက်ပြခဲ့သည်။ ယေရှုက ""ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့ သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြောင်း""ဟု ဆိုခဲ့သည်။ မသဲ ၁၀း ၃၀

    ကျွန်ုပ်ဦးခေါင်း၏ ဆံပင်များကိုတောင်မှ ရေတွက်ထားကြောင်းကို သခင်ယေရှုက ဆက်လက်ပြော ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် ထိုမျှအရေးကြီးကြလျင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်အတွက် သာ၍ စဉ်းစားရမည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မေတ္တာတော်ကို ပို၍ သိလာလေလေ ကျွန်ုပ်တို့၏ စစ်မှန်သော အဖိုးထိုက်တန်မှုကို သဘောပေါက် နားလည်လာ လေလေ ဖြစ်ပေမည်။

(၃) မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ပါနှင့်

    ကလေးငယ်များသည် ပျော်ရွှင်ကြခြင်းမှာ မိမိကိုယ်ကို သူတပါးနှင့် မနှိုင်းယှဉ်သောကြောင့်ဖြစ်သည် မိမိ၏ဖြစ်တည်မှုနှင့် မိမိ၌ရှိသော အရာ တို့၌သာ ၀မ်းမြောက်ကြသည်။ ကလေးများ ကြီးထွားလာသည်နှင့် အမျှ၊ မိမိပတ်ဝန်းကျင်၌ရှိသောအရာတို့ကို စူးစမ်းလာကြပြီး မိမိကိုယ်ကို သူတပါးတို့နှင့် စတင်နှိုင်းယှဉ် လာကြသည်။

    ထိုသို့နှိုင်းယှဉ်လာကြချိန်တွင် သူတို့ထဲမှများစွာသောသူတို့သည် သူတို့၏ဘ၀၌ ""မမျှတသော အရာ""တို့ကို လက်ခံရရှိကြသည် ဟု ထင်ကြသည်။ အကြောင်းမှာ သူတို့သည် အခြားမည်သူမည်ဝါတို့ လောက် ရုပ်မချော၊ စမတ်မကျ၍ (သို့) ငွေကြေးမချမ်းသာ၍ ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ် တို့ကို ထိုသို့မပြုလုပ်ကြရန် ပြောထားသည်။ ကျမ်းစာက "".... ထိုသူတို့သည် အချင်းချင်း တယောက်နှင့် တယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏""ဟုဆိုသည်။ ၂ကော ၁၀း ၁၂

(၄) အပြစ်အနာအဆာများနှင့်ပတ်သက်၍ မှန်ကန်စွာ တုန့်ပြန်ပါ။

    လူအများစု၊ အထူးသဖြင့် လူငယ်လူရွယ်များသည် မိမိတို့၏ ပုံပန်းသဏ္ဍာန်နှင့်ပတ်သက်၍ အလွန် စိုးရိမ်မှုရှိကြသည်။ သူတို့သည် မိမိကိုယ်ကို မှန်ထဲ၌ ဂရုတစိုက် ကြည့်ရှု စစ်ဆေးလေ့ရှိကြသည်။ မည်သူ ကမှ ပြီးပြည့်စုံမှုမရှိသဖြင့် သူတို့သည် သူတို့ မနှစ်သက်သော အရာတခု (သို့) တခုထက်များစွာကို သူတို့၌ တွေ့ရှိလေ့ရှိကြသည်။ သူတို့သည် ""ဤအနာအဆာ""များအကြောင်းကို သူတို့၏ အချိန်အများ စု၌ တွေးကြ သည်။ ဘုရားသခင်က သူတို့ကို ပေးထားသော အခြားများစွာသော အားသာချက်တို့အားဖြင့် ၀မ်းမြောက်ရ မည့်အစား သူတို့ အပေါ် ""အပြစ်အနာအဆာ""၏ စိတ်ပျက်ဝမ်းနည်းစေခြင်းကို ခံကြသည်။

    အကယ်စင်စစ် မည်သူကမှ ပြီးပြည့်စုံအောင် လှပကောင်းမွန်သော ကိုယ်ခန္ဓာကို မပိုင်ဆိုင်ကြပါ။ ""အပြစ်အနာအဆာ""ဟု ခေါ်ဆိုနိုင်သော အရာတစုံတခုသည် လူတိုင်းတွင်ရှိသည်။ သို့သော် သင့်ဘ၀တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်းအား အပြစ်အနာအဆာတခုက ဆီးတားထားခြင်းကို ခွင့်ပြု မည်လော့?

    ဂျပန်နိုင်ငံရှိ လူငယ်တဦးသည် ပုံပျက်နေသောခန္ဓာကိုယ်နှင့် မျက်နှာတစ်ခုတို့ဖြင့် မွေးဖွားလာခဲ့ သည်။ Kandura သည် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ဤသတင်းစကားကို ကုတ်ခြစ်ရေးခဲ့သည်။ ဆိုးရွားစွာ မသန်မစွမ်း ဖြစ်နေ သော်လည်း ဤလူငယ်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခဲ့ပြီး သူအံ့သြ၀မ်းမြောက်ဖွယ် ကယ်တင်ခြင်းကို ချီးမွမ်းခဲ့သည်။ ဤသတင်း စကားကို ဖတ်ပြီးနောက် ကျွန်ုပ်တို့သည် မိမိတို့အတွက် မိမိ မည်သို့စိတ်မကောင်းဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မနှစ်သက်သော အနာအဆာတစ်ခုအတွက် ဘုရားသခင်ကို မည်သို့ခါးသီး၍ နာကြည်းနိုင်မည်နည်း။

    လူငယ်၏သတင်းစကားမှာဤသို့ဖြစ်သည်။ ကျွန်ုပ်မပြောင်းလဲနိုင်သောအရာများကို လက်ခံနိုင်ရန် အတွက် တည်ငြိမ်အေးချမ်းမှု ကို ဘုရားသခင်သည် ကျွန်ုပ်အားပေးအပ်ခဲ့သည်။ ...ကျွန်ုပ်ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲရန်အတွက် အစွမ်းသတိ္တကိုပေးခဲ့ပြီး ပြောင်းလဲနိုင်သောအရာနှင့် မပြောင်းလဲနိုင် သောအရာတို့ကို ခွဲခြား၍ သိရှိနိုင်ရန်အတွက် ဥာဏ်ပညာကိုလည်း ပေးခဲ့သည်။

(၅) ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏အလုပ်ကိုဆက်လုပ်နေဆဲဖြစ်ကြောင်းကို နား လည်းပါ

    ကျမ်းစာက ""ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ""ဟုဆိုသည်။ (ဧဖက် ၂း ၁၀) ဆိုလိုသည်မှာ အကျွန်ုပ်တို့သည် သူ ဖြစ်စေ လိုသော သူများဖြစ်လာနိုင်ရန်အတွက် သူသည် လုပ်ဆောင် လျက်ရှိကြောင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အစီအစဉ်မှာ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် တူလာစေရန်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို သူသားတော်နှင့် ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲလာစေရန် ကျွန်ုပ်တို့ကို မွမ်းမံပြင်ဆင်လျက်ရှိသည်။ ကျမ်းစာက "".....ဘုရားသခင် သည် ရှေ့မဆွက သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာ၊ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏""ဟု ဆိုထား သည်။ ရော ၈း ၂၉

    ကျွန်ုပ်တို့သည် သူဖြစ်စေလိုသောသူများဖြစ်လာနိုင်ရန်အတွက် ကျွန်ုပ်တို့အတွင်း၌ ဘုရားသခင် လုပ်ဆောင်ရမည့်အရာ များစွာ ရှိသည်။ သူ၏လုပ်ဆောင်မှုပြီးစီးသောအချိန်တွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တသဏ္ဍာန်တည်း တူလာကြမည်ဖြစ်သည်။ ဤအတော အတွင်း ဘုရားသခင်က ကျွန်ုပ်တို့အတွက် အလုပ် လုပ်ဆောင်လျက်ရှိကြောင်းကို သတိရပါ။ သူသည် ကျွန်ုပ်တို့အတွင်း၌ အစပြု၍ လုပ်ဆောင်ထားသောအလုပ်ကို ပြီးမြောက်အောင်လုပ်မည်ကို သိခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်ကို မြှင့်တက်စေ သည်။ ကျမ်းစာက""သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ၊ ယေရှုခရစ်၏ နေ့ရက် တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏""ဟုဆိုသည်။

(၆) ခါးသီးမှုကို ငြင်းပယ်ခြင်း

    ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘ၀တွင် အရာများစွာကို လုပ်ဆောင်ပေးလို၍ ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်မှုကို သူလိုအပ် သည်။ ဘုရားသခင်သည် ဘယ်တော့မှ ကျွန်ုပ်တို့၏အလိုနှင့် ဆန့်ကျင် ၍ အတင်းအကြပ်မလုပ်ဆောင်စေပါ။ သို့သော် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ဘ၀တွင် သူ့နည်းလမ်း အတိုင်း လုပ်ဆောင်နိုင်ရန်အတွက် သူကို အခွင့်ပေးရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ခါးသီး၍ နားကြဉ် နေပါက ကျွန်ုပ်တို့ကို ပြောင်းလဲ စေ မည့်သူ၏ လုပ်ဆောင်မှုကို နှောက်ယှက်တားဆီးထားမည်ဖြစ်သည်။

    သူ့ကိုအခွင့်ပေးပါက သင့်ဘ၀ကို လှပကောင်းမွန်သော ဘ၀တစ်ခုဖြစ်လာရန်အတွက် သူလုပ် ဆောင်နိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ခါးသီး၍ နာကြည်းမုန်းတီးနေလျင်၊ ဤအပြစ်ကို သူ့ထံသို့ ယခုပင် ၀န်ချတောင်းပန်မည်လော။ သူ့ကို အမှန်အတိုင်းသာ ပြောလိုက်ပါ။ ဘုရားသခင်၊ ကျွန်ုပ်သည် ----နှင့်ပတ်သက်၍ ခါးသီးနာကြည်းလျက်ရှိပါတယ်။ ဤအပြစ်ကို ကိုယ်တော်ထံသို့ ယခုပင် ၀န်ချတောင်းပန်ပါ၏။""

(၇) ကျေးဇူးတော်ကို ချီးမွမ်းပါ။

    ဤဘ၀၌ ကျွန်ုပ်တို့၏ ပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ ချောမောလှပမှု၊ ခန့်ညားမှု၊ စမတ်ကျမှုများ အပေါ်တွင် မမူတည်ပါ။ ကျွန်ုပ်တို့၏ ငွေကြေးချမ်းသာမှုအပေါ်တွင်လည်း မမူတည်ပါ။ ကျွန်ုပ်တို့၏ သဘောထားအပေါ်တွင်သာ မူတည်သည်။

    လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက၊ ကြေကွဲဝမ်းနည်းဖွယ် အမှားတခုကြောင့် ကလေးငယ်တဦး သည် မျက်စိကွယ်ခဲ့ရသည်။ Fannie Crosby ဆိုသော ကလေးမလေးသည် မွေးခါစက ပုံမှန်မျက်စိ အလင်းကို ရခဲ့သော်လည်း သူမ ၆-ပတ်သမီးအရွယ်တွင် သူမ၏မျက်စိများ ဖောရောင် လာခဲ့သည်။ ဒေသခံဆရာဝန်တဦးသည် သူမ၏မျက်စိကို မှားယွင်းသောဆေးဝါးများဖြင့် ကုသခဲ့ခြင်းဖြင့် သူမကို တသက်လုံး မျက်မမြင်ဖြစ်စေခဲ့သည်။

    ဤကလေးမလေးသည် ဖြစ်ပျက်ခဲ့သောအရာတို့အတွက် ခါးသီးနာကြည်းနိုင်ပါသည်။ ထိုကဲ့သို့သော ကြေကွဲဝမ်းနည်းဖွယ် အမှား မျိုးကို ကျူးလွန်ခဲ့သည့် ဆရာဝန်ကိုလည်း မုန်းတီးနိုင်ပါသည်။ ဤကဲ့ သို့သော အမှားမျိုးကို ဖြစ်ရန်ခွင့်ပြုခဲ့သည့် ဘုရားသခင်ကိုလည်း အပြစ်တင်နိုင်ပါသည်။ သို့သော် သူမ သည် ထိုအရာတို့ကို မပြုလုပ်ခဲ့ပါ။

    သူမကို ပွေ့ချီ၍ သခင်ယေရှုကို သိကျွမ်းစေရန်နှင့် ချစ်တတ်ရန် သင်ကြားပေးသော အဖွားတဦး သူမတွင် ရှိခဲ့သည်။ ကလေး မလေး အရွယ်၌ပင် သူမသည် သူမ၏ နှလုံးသားကို ဘုရားသခင်အား ဖွင့်ပေး ခဲ့သည်။

    Fannie Crosby သည် ဘုရားသခင်ကို ပိုသိကျွမ်းလာ၍ သူ၏မေတ္တာတော်ကို ပိုမိုနားလည်လာ သည်နှင့်အမျှ၊ သူမကိုယ်ကို ဘုရားသခင်ထံ လုံးဝဥသုန် ဆပ်ကပ်အပ်နှံခဲ့သည်။ သူမသည် အခြားအရာ တခုကို ပြုလုပ်ခဲ့သည်။ သူမသည် ကျေနပ်ရောင့်ရဲတတ်သော စိတ်ကို မွေးမြူခဲ့သည်။ ဘုရားသခင်က သူမကို မျက်မမြင်တဦးဖြစ်လာစေရန် ဘာကြောင့် မတားဆီခဲ့ခြင်းကို နားမလည်ခဲ့သော်လည်း သူမအပေါ် တွင် ထားရှိသော သူ၏မေတ္တာတော်ကိုမူ ယုံကြည်စိတ်ချခဲ့သည်။ သူမသည် ၈-နှစ်သား အရွယ်၌ပင် ဤကဗျာကို ရေးစပ်ခဲ့သည်။

    ""အလွန်ပျော်ရွှင်မှုရှိသည့် ကလေးငယ်မှာ ကျွန်ုပ်ပင်ဖြစ်၏

    မျက်စိမမြင်နိုင်သော်လည်း ဤကမ္ဘာပေါ်တွင် ရှိတာလေးနှင့် ရောင့်ရဲမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

    မျက်မမြင်သည့်အတွက် မငိုနိုင်၊ သက်ပြင်းမချနိုင်ပါ။ ငိုလည်းငိုလိမ့်မည် မဟုတ်ပါ။""

သူမကြီးပြင်းလာချိန်တွင် Fannie Crosby သည် ချီးမွမ်းဓမ္မသီချင်းများစွာကို စတင်ရေးစပ်ခဲ့သည်။ သူမ သည် ဓမ္မသီချင်း ၆၀၀၀ ကျော်ကို ရေးစပ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်များသည် သူမ၏သီချင်း များဖြစ်သော "To God Be the Glory." "All the Way My Savoir Leads Me." "Blessed Assurance." စသည်တို့ကို သီဆိုခဲ့ကြသည်။

    သူမသည် မျက်မမြင်ဖြစ်ပြီး သူမ၏ဘ၀ကို အမှောင်ထဲတွင်သာ ကုန်ဆုံးခဲ့ရသော်လည်း Fannie Crosby သည် အသက်ရှင်ခဲ့ သမျှသော အပျော်ရွှင်ဆုံးခရစ်ယာန်များထဲမှာ တဦးဖြစ်သည်။ သူမ၏ ပျော်ရွှင်မှု၏ လျှို့ဝှက်ချက်မှာ အဘယ်နည်း။ လျှို့ဝှက်ချက်မှာ သူမသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့် ဥာဏ်ပညာတို့ကို ယုံကြည်စိတ်ချခဲ့သည်။

    ဘုရားသခင်က ဘာကြောင့် သူမကိုမျက်မမြင်ဖြစ်လာစေရန် ခွင့်ပြုခဲ့သလဲဆိုတာကို နားမလည်ခဲ့ သော်လည်း သူ၏ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာတို့ကိုမူ ယုံကြည်စိတ်ချခဲ့သည်။ သူမသည် မိမိကိုယ်ကို နှင့် မိမိ၏ဘ၀အခြေအနေများကို လက်ခံခဲ့ပြီး ဘုရားသခင်က သူမကို တစ်ကမ္ဘာလုံး အတွက် ကောင်းချီး မင်္ဂလာတစ်ခုဖြစ်စေခဲ့သည်။

ယခုတွင်ပင် သင့်ကိုယ်သင် လက်ခံလိုက်ပါ

    မိမိကိုယ်ကိုလက်ခံခြင်းသည် ဘုရားသခင်၏ မေတ္တတော်နှင့် ဥာဏ်ပညာတို့ကို မည်မျှယုံကြည် စိတ်ချသလဲ အပေါ်တွင် မူတည်သည်။ နောက်ဆုံးတွင် ဤမေးခွန်းများကသာ အရေးအကြီးဆုံးဖြစ်လာသည်။ ""ကျွန်ုပ်သည် ကျွန်ုပ်ကို ဤပုံစံအတိုင်း ဖန်ဆင်းခဲ့သည်။ ဖန်ဆင်ရှင်ကို ကျေးဇူးတင်ပါရဲ့လား? ကျွန်ုပ်ဘ၀အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဥာဏ်တို့ကို ယုံကြည်ပါရဲ့လား?

    သင်သည် ညံ့ဖျင်းသော မိမိကိုယ်ကိုမိမိမြင်သောအမြင် "self-image" မျိုးဖြင့် သင့်ကိုသင် ခါးသီးနာကြည်းလျက် ဤဘ၀ကို ဖြတ်သန်းနိုင် သလို မိမိကိုယ်ကို လက်ခံ၍ ဘုရားသခင်၏ မေတ္တာတော်နှင့် ဥာဏ်ပညာကို ယုံကြည်ခြင်း အားဖြင့် လျော်ကန်သော မိမိကိုယ်ကိုမိမိမြင်သောအမြင် "self-image" မျိုးရရှိလျက် ဤဘ၀ကို ဖြတ်သန်းနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ချယုံကြည်ပါက ကျွန်ုပ်တို့ကို ဆန့်ကျင်နေသည်ဟု ထင် ရသောအရာများသည် ပင်လျင် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် တညီတညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏။"" ဟုဆိုထားသည်။ ရော ၈း ၂၈

    ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းထားသည့်ပုံစံအတိုင်း မိမိကိုယ်ကိုလက်ခံခြင်းသည် ကျွန်ုပ် တို့ကို ချည်နှောင်ခြင်းမှ လွတ်မြောက်စေ သည်။ ကျွန်ုပ်တို့သည် အခြားလူများအား အထင်ကြီးစေရန် ကြိုးစားစရာ မလိုတော့ပါ။ အသိအမှတ်ပြုခြင်းခံရရန် ရုန်ကန်စရာလည်း မလိုတော့ပါ။ ကြီးမြတ်သော တစုံတဦးဖြစ်လာအောင် ကြိုးစားစရာလည်း မလိုတော့ပါ။

    ကျွန်ုပ်တို့ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့ဖြစ်ကြသည်။ ကျွန်ု်ပ်တို့သည် စကြာဝဠာကို ဖန်ဆင်းထားသူ ၏ ချစ်ခင်မှုနှင့် လက်ခံမှုကို ခံရကြသည်။ ကျွန်ုပ်တို့နှင့် ပတ်သက်၍ အခြားသူများက မည်သို့ထင်မြင် သလဲဆိုတာကို စိုးရိမ်ကြောင့်ကြနေစရာမလိုတော့ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံခဲ့ပြီး ထိုသို့ လက်ခံခြင်းသည်သာ အမှန်တကယ်အရေးအကြီးဆုံးဖြစ်သည်။

    သင့်ဘ၀အတွက် ဘုရားသခင်၏ မေတ္တာတော်နှင့် ဥာဏ်ပညာတော်ကို ယုံကြည်လက်ခံပါ။ သူ့ကို ယခုပင် ဤသို့ပြောလိုက်ပါ။ ""ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးကိုမသိတတ်၊ မချီးမွမ်း တတ်ခဲ့ပါ။ ဤအပြစ်ကို ယခုတွင်ပင် ၀န်ချတောင်းပန်လို၍ ကျွန်ုပ်ကို အပြစ်လွှတ်ပေးဖို့ တောင်းဆိုပါ၏။ ကျွန်ုပ်ကို ဤပုံစံအတိုင်း ဖန်ဆင်းထားသည့်အတွက်နှင့် ကျွန်ုပ် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်ဖြစ်စေလိုသည့် သူတစ်ဦး ဖြစ်လာနိုင်စေရန်အတွက် ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၏ ပြင်ဆင်နေမှုကို ယုံကြည်ပါ၏။

ရှာဖွေတွေ့ရှိသော ရတနာ

မိမိကိုယ်ကိုလက်ခံခြင်းသည် ကျွန်ုပ်ကိုဖန်ဆင်းသူတဦးဖြစ်သော ဘုရားသခင်၏ မေတ္တတော်နှင့် ဥာဏ်ပညာတို့ကို မည်မျှယုံကြည် စိတ်ချသလဲ အပေါ်တွင် မူတည်သည်


 

မေးခွန်းများ

၁။ မိမိကိုယ်ကိုမိမိမြင်သော အမြင်သဘောထားကို ဤသို့ခေါ်သည်။

    (က) အတ္တစိတ် (ခ) ကျွန်ုပ်တို့၏မိမိကိုယ်ကိုမိမိမြင်သောအမြင် "self-image" (ဂ) ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး

၂။ ကျွန်ုပ်တို့သည်

    (က) ဆင့်ကဲဖြစ်စဉ်အားဖြင့် ဖြစ်တည်လာကြသည်။

    (ခ) ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်။

၃။ ကျွန်ုပ်တို့သည် ---၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

    (က) ကျွန်ုပ်တို့၏မိဘ        (ခ) ဘုရားသခင်

၎။ ကျွန်ုပ်တို့ကို အောက်ပါရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားခြင်းဖြစ်သည်။

    (က) ဤကမ္ဘာကို သာ၍ကောင်းသောနေရာတခုဖြစ်လာစေရန် ပြုလုပ်ကြရန်။

    (ခ) မိမိလုပ်နိုင်သမျှ ကောင်းမှုကုသိုလ်ပြုကြရန်

    (ဂ) ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်

၅။ အခြားလူတဦးကို အထင်သေး၊ ရွံရှာမုန်းတီးခြင်းသည် မှန်ကန်သောလုပ်ရပ်တခုဖြစ်သလား?

    (က) ဟုတ်ပါတယ်။         (ခ) မဟုတ်ပါ။

၆။ မိမိကိုယ်ကို အထင်သေး၊ ရွံရှာမုန်တီးခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သလော?

    (က) ဟုတ်ပါတယ်။         (ခ) မဟုတ်ပါ။

၇။ မိမိကိုယ်ကို လက်ခံခြင်းသည်

    (က) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာတော်တို့ကို မည်မျှယုံကြည်စိတ်ချမှုရှိသလဲ အပေါ်တွင် မူတည်သည်။        (ခ) ""ကျွန်ုပ်ဒီထက်ပိုဆိုးနိုင်တယ်"" ဟူသောအချက်အပေါ်တွင် မူတည်သည်။

    (ဂ) ကျွန်ုပ်၏ ရုပ်ချောမှုနှင့်အခြေအနေကောင်းမှုအပေါ်တွင် မူတည်သည်။


 

မှန် / မှား

၈။ သင်သည် သင်၏ဖန်ဆင်းရှင်နှင့် ပုဂိ္ဂုလ်ရေးအရ မိတ်သဟာယဖွဲ့မှုကို မပြုမလုပ်မချင်း သင်၏ အဖိုးထိုက်တန်မှု အစစ်အမှန်ကို မသိရှိ နိုင် သလို မိမိကိုယ်ကိုလည်း ဘယ်တော့မှ လုံးလုံးလျားလျား လက်ခံနိုင်မည်မဟုတ်ပါ။

    (က) မှန်        (ခ) မှား

၉။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အလိုကို ဆန့်ကျင်၍ ဘယ်တော့မှ အတင်းအကြပ်လုပ်ဆောင်စေမည် မဟုတ်ပါ။

    (က) မှန်        (ခ) မှား

၁၀။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းပိုင်းမှ တွေးတောကြံစည်၊ ယုံကြည်သောအရာများ၏ ထိန်းချုပ်ထားခြင်းကို ခံရသည်။

    (က) မှန်        (ခ) မှား

ရဲလင်းထွန်း(အင်းစိန်)


 

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support