God's Guidelines for Giving
Practical Christian Living Course
Lesson 23
သော့ချက် ကျမ်းပိုဒ်။
""...သင်တို့သည် အရာရာ၌သုံးလောက်သော၊ ဥစ္စာအမျိုးမျိုးအစဉ်ရှိ၍၊ ကောင်းသောအကျင့်အမျိုးမျိုးနှင့် အထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့်ပြည့်စုံခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏"" ဟုဆိုသည်။ (၂ကော ၉း၉)
ပြီးခဲ့သည့်သင်ခန်းစာ၌ ငွေနှင့်ပိုင်ဆိုင်မှု့များနှင့်ပတ်သက်၍ အခြေခံယေဘူယျသဘော(၃)ခုကို လေ့လာခဲ့ပြီးဖြစ်သည်။
(၁) ဘုရားသခင်သည် အရာအားလုံးကို ပိုင်ဆိုင်သည်။
(၂) အရာခပ်သိမ်းသည် ဘုရားသခင်ဆီမှလာသည်။
(၃) ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့တွင်ရှိသော အရာအားလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်သည်။
ကျမ်းစာက ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘဏ္ဍာစိုးများဖြစ်သည်ဟု ပြောထားသည်။ ဘဏ္ဍာစိုး ဆိုသည်မှာ အခြားသူတစ်ဦး၏ငွေ(သို့) ပိုင်ဆိုင်မှု့များကို စီမံခန့်ခွဲပေးရသောသူကို ဆိုလိုသည်။ ဘုရားသခင်၏ ဘဏ္ဍာစိုး များအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို သူပေးအပ်ထားသော အရာတို့ကို စီမံ ခန့်ခွဲပုံနည်းစနစ်နှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ဤသင်ခန်းစာတွင် ကျွန်ုပ်တို့သည် အထူးသဖြင့် ပေးလှူခြင်းကိစ္စနှင့် ပတ်သက်၍မည်သို့ ဘဏ္ဍာစိုး ကောင်းများ ဖြစ်လာနိုင်သည်ကို လေ့လာကြမည် ဖြစ်သည်။
ပေးလှူခြင်းနှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်း၏သင်ကြားပေးမှု
ဘုရားသခင်သည် သူ့လူများကို အီဂျစ်ပြည်မှခေါ်ထုတ်၍ ခါနန်ပြည်သို့ပို့ဆောင်ပေးချိန်၌ သူသည် မြေသြဇာကောင်းမွန်၍ အသီးအနှံ ကြွယ်ဝသော မြေနေရာကို သူတို့အားပေးခဲ့သည်။ ဤကောင်းမွန်သော မြေ၌သူတို့ ထုတ်လုပ်သမျှသောအရာတို့၏ ဆယ်ဖို့မှ ပထမအဖို့ကို သူ့အား ပေးရန် ဘုရားသခင်က တောင်းဆိုခဲ့သည်။ ဤအရာကို (Tithe) ဟုခေါ်ပြီး ဆယ်ဖို့တစ်ဖို့ဟု အဓိပ္ပါယ်ရသည်။
ဆယ်ဖို့တစ်ဖို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ပိုင်ဆိုင် ကြောင်း ကို ဘုရားသခင်၏ လူတို့အားသတိရစေရန်နှင့် ဘုရားသခင်ကိုသူတို့ဘ၀၏ အဦးဆုံးနေရာ၌ထားရန် သင်ကြားပေး ခြင်းဖြစ်သည်။ ဘုရားသခင်သည် အလွန်အမင်း ရက်ရောပြီး သူတို့ထုတ်လုပ်သော ဆယ်ဖို့မှကိုးဖို့ကို သူတို့ သိုလှောင်ထားရန် ခွင့်ပြုခဲ့၍ ဆယ်ဖို့တဖို့(သို့)ဆယ်ဖို့မှ ပထမဆုံးအဖို့မှာမူ သူနှင့်သက်ဆိုင်သည်။ ကျမ်းစာက ""စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေမှဖြစ်သမျှသော အသီးအနှံဆယ်စုတစုသည် ဘုရားသခင်၏ ဘဏ္ဍာတော်ဖြစ်တော်မူ၏။ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ ၀တ်ပြု ၂၇း၃၀
ဘုရားသခင်၏လူမျိုးတော်သည် ဆယ်ဖို့တစ်ဖို့ ပေးလှူရုံမက မိမိစိတ်ဆန္ဒအလျောက် အခြား ပေးလှူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ဆယ်ဖို့တဖို့နှင့် အခြားပူဇော်သက္ကာများကို ဘုရားသခင်၏ ယဇ်ပရောဟိတ်တို့အား ပေးခဲ့ကြသည်။ သူတို့၏ကိုယ်ပိုင်နယ်မြေ မရှိစဉ် ကတည်းက ဤသို့ ပေးလှူခြင်းအားဖြင့် အသက်ရှင်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ လူများသည် ဘုရားသခင်ကိုလာရောက် ကိုးကွယ်ကြသည့်အခါ ဆယ်ဖို့တဖို့ နှင့် အခြားပူဇော်သက္ကာများကို ယူဆောင်လာကြရန် မိန့်မှာထားခြင်း ခံရသည်။ ဘုရားသခင်က ..""ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။ သင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် လူ့အသီးသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။""ဟု ဆိုသည်။ တရား ၁၆း၁၆-၁၇
ဘုရားသခင်က သူ့လူများအား ပေးလှူကြရန် သင်ကြားနေခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင် ကို ရက်ရောစွာ ပေးလှူကြသောအခါ ဘုရားသခင်သည် သူတို့ကို ကြွယ်ဝစွာသော သီးနှံတို့ကိုပေးတော်မူ သည်။ ကျမ်းစာက ""သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီးအနှံရှိသမျှတို့ကို ထာဝရဘုရားအား ပူဇော်လော့။ သို့ပြုလျှင် သင်၏စပါးကျီတို့သည် ကြွယ်ဝ၍....."" ဟုဆိုသည်။ သုတ္တံ ၃း၉-၁၀
ဓမ္မဟောင်းကာလရှိ ဘုရားသခင်၏လူများ သည်ဆယ်ဖို့တ ဖို့နှင့် အခြား ပူဇော်သက္ကာ များကိုသစ္စာရှိစွာပေးလှူကြသ လော။မပေးလှူကြပါ။ ဘုရားသခင်က""လူ့သည် ဘုရားသခင်၏ ဥစ္စာတော်ကိုလုယူရ မည်လော။ သို့သော်လည်း သူတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါ သနည်းဟု သင်တို့မေးလျှင်း ဆယ်ဖို့တဖို့ကို၎င်း၊ ပူဇော်သက်္ကာကို၎င်း လုယူကြပြီ။""ဟု ဆိုသည်။ (မာလခိ ၃း၁၀)
ပေးလှူခြင်း၏ပတ်သက်၍ ဓမ္မသစ်ကျမ်း၏သင်ကြားပေးမှု့
ကျမ်းစာထဲရှိ ပေးလှူခြင်းနှင့်ပတ်သက်၍ ကြီးမြတ်သောသဘောတရားမှာ ""ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပေးလှူလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြန်ပေးသည်ပင် ဖြစ်သည်။"" သခင်ယေရှုက ""သူတပါးတို့အား ပေးကြလော့။ ပေးလျှင်သူတပါးတို့သည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့်သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်။""ဟုဆိုသည်။ (လုကာ ၆း၃၈)
ဘုရားသခင်သည် ပေးသောအခါ များပြားပိုလျှံစွာ ပေးသည်။ သူသည် အလွန်ရက်ရောသည်။ သခင်ယေရှု၏ အချိန်ကာလ၌ လူတို့သည် စပါးတို့ကို တကြိမ်တည်းတွင် များများဝယ်ထားကြသည်။ ရောင်းသူများသည် စပါးတို့ကို ချိန်ခွင်ထဲသို့ထည့်၍ ၀ယ်သူကို ပေးမလှုပ်ဘဲ ချိန်ကြသည်။ သခင်က ထိုကဲ့သို့မဟုတ်ပါ။ သခင်သည် ""အမှန်ခြင်ရုံမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်၊"" ပေးသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ပေးလှူရကြမည်။ ကျွန်ုပ်တို့သည် များများ ပေးလှူသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို များများ ပြန်ပေးသည်။ ကျွန်ုပ်တို့သည် နည်းနည်းသာပေးလှူသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား နည်းနည်းသာ ပေးသည်။ ယေရှုက ""အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့်သင်တို့သည် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။""ဟု ဆိုသည်။ (လု ၆း၃၈(ခ))
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးသည် ဤအရာတခုတည်းကို သင်ကြားပေးသည်။"" ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့အားပေးသည်။"" ဘုရားသခင်သည် မဆင်းရဲသလို ကပ်စေးနဲမနေပါ။ သူသည်သူ၏သားသမီးများကို ပေးကမ်းလိုသည်။ ကျွန်ုပ်တို့ဘက် မှ ""သူတောင်းဆိုသော သတ်မှတ်ချက်တခုကိုသာ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။"" ထိုသတ်မှတ်ချက်မှာ ""ပေးကမ်းလော့။ သင်သည် ပြန်ပေးခြင်းခံရမည်""ဟူ၍ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ့အားပေးကမ်းရန် ပြောခြင်းမှာ ကျွန်ုပ်တို့တွင်ရှိသောအရာတို့ကို သူလိုအပ်နေ၍ မဟုတ်ပါ။ သူက ""ငါသည်ငတ်မွတ်လျှင်သင့်ကိုမပြော။ လောကဓာတ်နှင့်လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏"" ဟုဆိုသည်။ (ဆာ ၅၀း၁၂)
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုပေးလှူကြရန်ပြောခြင်းမှာ သူသည်သူ့သားသမီးတို့ကို သူနှင့်တူစေ လိုသောကြောင့်ဖြစ်သည်။ ဘုရားသခင် သည် ရက်ရောပြီး ကျွန်ုပ်တို့ကိုလည်း ရက်ရောစေလိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးလှူစေလိုသည့် အခြားအကြောင်းအရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘဏ္ဍာကို ကောင်းကင်ဘုံ၌သိုလှောင်ထားနိုင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ငွေကို ကောင်းကင်ဘုံသို့ မပို့နိုင်သော် လည်း အခြားသူများကိုခရစ်တော်ထံသို့ပို့ဆောင်ရန်အတွက် ပေးလှူ နိုင်သည်။ ထိုအခြင်းအရာမှာ ကောင်းကင်ဘုံ၌ဘဏ္ဍာကိုသိုလှောင်နေခြင်းဖြစ်သည်။
ပေးလှူခြင်းနှင့်ပတ်သတ်၍ သဘောတရားများ
ဘုရားသခင်၏နှုတ်ကပတ်တော်က ပေးလှူခြင်းနှင့်ပတ်သတ်၍ အခြေခံမူဝါဒအနည်းငယ်ကို ပေးထားသည်။
(၁) ပထမဆုံး မိမိကိုယ်ကိုဘုရားသခင်ထံ ဆက်ကပ်အပ်နှံရမည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှလိုအပ်သော ပထမဦးဆုံးလက် ဆောင်မှာကျွန်ုပ်တို့ ကိုယ်တိုင်ဖြစ်သည်။ ဤသို့ အစဉ်လိုက် လုပ်ဆောင် ရမည်။ပထမဆုံးမိမိကိုယ်ကို ဘုရားသခင်ထံဆက်ကပ်အပ်နှံ၍ ဘုရားသခင်သင့်ကို ပေးအပ်ထားသောအရာများမှ တစ်စိတ်တစ်ပိုင်းကို ပေးလှူရမည်။ မာကေဒေါနိ(မက်ဆီတိုးနီးယား)ရှိ ခရစ်ယာန်များသည် ဤအမှုကိုလုပ်ဆောင်ခဲ့ပြီး ပေါလုသည် သူတို့ကို ချီးကျူးခဲ့သည်။ ပေါလုက ""ဘုရားသခင် အလိုတော်နှင့်အညီ ရှေးဦးစွာ သခင်ဘုရား၌၄င်း ငါတို့၌၄င်း မိမိတို့ကို မိမိတို့ လှူကြ၏"" ဟုဆိုသည်။ (၂ကော ၈း၅)
(၂) ဘုရားသခင်က သင်အား ကောင်းစားစေသည့်အတိုင်း ပေးလှူပါ။
ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်သည် သူ၏လူများကို သူတို့ရှာဖွေထားသောအရာများထဲမှ ဆယ်ဘို့ တစ်ဘို့ကို သူ့အား ပေးရန် မိန့်မှာထား သည်။ ဓမ္မသစ်ကျမ်း၌ ကျွန်ုပ်တို့မည်မျှပေးရမည်ကို ဘုရားသခင်သည် ပညတ်မထားပါ။ ထိုသို့ ပညတ်မည့်အစား ဘုရားသခင်၏နှုတ်ကပတ်တော်က ""အသီးသီး ကောင်းစားသည့်အတိုင်း မိမိတို့ဥစ္စာတဘို့ကို ထုတ်၍စုထားကြလော့"" ဟုဆိုသည်။ (၁ကော ၁၆း၂)
ကျွန်ုပ်တို့ဝင်ငွေ၏ရာခိုင်နှုန်းမည်မျှကို ပေးလှူရမည်နည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို ပေးလှူရန် ညွှန်ကြားထားသော အနည်းဆုံး ဆယ်ရာခိုင်နှုန်းကို ပေးလှူနိုင်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကြီးပေးခြင်းကို မည်မျှကျေးဇူးတင်ပြီး ကျွန်ုပ်တို့၏ဘဏ္ဍာကို ကောင်းကင်ဘုံ၌ သိုလှောင်ထားရန် မည်မျှအလေးအနက်ထားသည့်အပေါ်တွင်မူတည်၍ ထိုထက်မက ပို၍ များများ ပေးလှူ နိုင်သည်။
ခရစ်ယာန်စီးပွားရေးလုပ်ငန်းရှင် (R.G LeTourneau) သည် သူရှာဖွေထားသောငွေများထဲများမှ ကိုးဆယ်ရာခိုင်နှုန်းကိုပေးလှူရန် အလေ့ အကျင့်ပြုလုပ်ခဲ့သည်။ တစ်နေ့တွင် တစ်စုံတစ်ဦးကသူ့ကို Mr. R.G LeTourneau သင်သည်သင်၏၀င်ငွေထဲမှ ကိုးဆယ်ရာခိုင်နှုန်းကို သခင်အား ပေးသည်မှာ အမှန်ဖြစ် သလား"" ဟုမေးသည်။ ထိုအခါ ""သူက မဟုတ်ပါဘူး။ ဘုရားသခင်ကို ကျုပ်ဘာမှမပေးပါဘူး။ ကျွန်ုပ်ဝင်ငွေအားလုံးဟာ သူနှင့် သက်ဆိုင်ပါတယ်။ ကျွန်တော်ကသာ ဆယ်ရာခိုင်နှုန်းကို သိမ်းယူထား တာပါ"" ဟုပြန်ပြောခဲ့သည်။
(၃) စည်းစနစ်ကျစွာ ပေးလှူပါ။
ပေးလှူခြင်းသည် ၀တ်ပြုခြင်းပုံစံ တစ်မျိုးဖြစ်ပြီး ကျွန်ုပ်တို့၏ ပေးလှူခြင်း သည်ပေးသည့်အခါပေး၊ မပေးသည့်အခါတွင် မပေးသောပုံစံမျိုး မဖြစ်သင့်ပါ။ ကျွန်ုပ်တို့သည် သီတင်းပတ်၏ပထမဆုံးရက်တွင် ဘုရားသခင်ကို ၀တ်ပြုကိုးကွယ်ရန်လာချိန်၌ ကျွန်ုပ်တို့၏အလှူကိုနည်းစနစ်ကျစွာ ပုံမှန်ပေးလှူရမည် ဖြစ်သည်။ ကျမ်းစာက ""ခုနှစ်ရက်တွင် ပဌမနေ့ရက်၌အသီးသီးကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတဘို့ ကိုထုတ်၍စုထားကြလော့"" ဟုဆိုသည်။ (၁ကော ၁၆း၂)
မည်သူမှ ချန်လှပ်ထားခြင်း မခံရပါ။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ လူတိုင်းသည် ပေးလှူခြင်း ၌ပါဝင်ကြရမည်။ ကျမ်းစာက ""အသီးသီးကောင်းစားသည် အတိုင်းမိမိတို့ဥစ္စာ တဘို့ကို ထုတ်၍စုထားကြလော့"" ဟုဆိုသည်။ (၁ကော ၁၆း၂)
(၄) ၀မ်းမြောက်စွာနှင့် ရက်ရောစွာပေးလှူပါ။
ကျွန်ုပ်တို့သည် သခင်အား မည်သည့်အရာကိုမဆို ပေးကမ်းသည်ဖြစ်စေ၊ သခင်သည်ကျွန်ုပ်တို့အား မိမိဆန္ဒအလျောက် ပေးလှူစေလိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှမြောသောစိတ်နှင့်မလှူစေလိုပါ။ ကျမ်းစာက ""နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား စေတနာ စိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏"" ဟုဆိုသည်။ (၂ကော ၉း၇)
(၅) ဥာဏ်ပညာရှိစွာ ပေးလှူပါ။
သခင်ယေရှုက ကျွန်ုပ်တို့အားကောင်းသော ဘဏ္ဍာစိုးများ ဖြစ်ရမည်ဟု ပြောထားသည်။ ခရစ်ယာန် အချို့သည် စေတနာစိတ်နှင့် မည်သည့် ချည်နှောင်မှုမှမရှိဘဲ ရက်ရောစွာ ပေးလှူကြသော်လည်း သူတို့၏ပေးလှူခြင်း၌ ပညာမရှိကြပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သစ္စာရှိစွာ မဟောပြောသော အသင်းတော် တစ်ခု(သို့)အဖွဲ့အစည်းတစ်ခုခုကို ပေးလှူခြင်းသည် ပညာရှိသော ပေးလှူခြင်းမျိုး မဟုတ်ပါ။ ကျွန်ုပ်တို့သည် လုပ်ငန်း တစ်ခုခု၌ ကျွန်ုပ်တို့၏ငွေကိုရင်းနှီးမြှုပ်နှံရာတွင် ဂရုတစိုက်ပြုလုပ်သကဲ့သို့ သခင်၏ငွေကို ရင်းနှီးမြှုပ်နှံရာတွင်လည်း ဂရုတစိုက်မြှုပ်နှံရမည်။ အကြီးမားဆုံး ၀ိညာဉ်ရေးရာ အကျိုးအမြတ်ကို ဖြစ်ပေါ် စေနိုင်သောနေရာမျိုး၌သာ ကျွန်ုပ်တို့၏ငွေကိုရင်းနှီးမြှုပ်နှံရမည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ပေးလှူခြင်းကို မည်သို့တိုင်းတာသနည်း။
သင်သည် ဘုရားသခင်ရှေ့တော်၌ များစွာပေးလှူသောသူတစ်ဦးဖြစ်လာရန်အတွက် သင့်တွင် ငွေမြောက်မြားစွာရှိရန်မလိုအပ်ပါ။ ဘုရား သခင်သည် ကျွန်ုပ်တို့လက်ဆောင်၏အရွယ်အစားအားဖြင့် ကျွန်ုပ်တို့၏ပေးလှူခြင်းကို မတိုင်းတာပါ။ ကျွန်ုပ်တို့၌ ရှိသောအရာများထဲမှ မည်မျှ ပမာဏကို ပေးလှူသည့် အပေါ်တွင်မူတည်၍ ကျွန်ုပ်တို့ပေးလှူခြင်းကို တိုင်းတာသည်။ ကျွန်ုပ်တို့၏ပေးလှူခြင်းကို ဘုရားသခင် တိုင်းတာသည့်ပုံစံကြောင့် ဆင်းရဲ သည့် လူတစ်ဦးသည်ပင်လျှင် ချမ်းသာသောလူတစ်ဦးထက်များစွာ ပို၍ ပေးလှူနိုင်သည်။
ကျွန်ုပ်တို့၏ပေးလှူခြင်း၌အဖိုးအခ ရှိသင့်သည်။ တစ်ခါက သခင်ယေရှုသည် ဗိမာန်တော်၌ရပ်၍ လူများကသူတို့၏လက်ဆောင်များကို ဗိမာန်တော်သို့သယ်ယူလာကြပုံကို စောင့်ကြည့်ခဲ့သည်။ အချို့သည် ကြွယ်ဝသောကြောင့် များစွာပေးလှူကြသည်။ ထို့နောက် ဆင်းရဲသည့် မုဆိုးမတစ်ဦး သည် ရောက်လာ၍ ဒင်္ဂါးပြားလေးနှစ်ပြားကိုထည့်ခဲ့သည်။ ထိုအကြွေစေ့များသည် ငွေကြေးတန်ဖိုးနှင့်ဆိုလျှင် အနည်းငယ်သာ တန်ဖိုးရှိသော်လည်း၊ ထိုမိန်းမသည် ၄င်းနေ့တွင်ပေးလှူကြသော အခြားသူတို့ထက်သာ၍ပေးလှူခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူမသည် သူမ၌ ရှိသော အရာ အားလုံး(သူမအသက်မွေးစရာ)ကိုပင် ပေးလှူခဲ့သောကြောင့်ဖြစ်သည်။ ယေရှုက ""ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲ သို့သွင်းချသော သူအပေါင်းတို့ထက်ထိုဆင်းရဲ သောမုဆိုးမသည် သာ၍သွင်းချခဲ့ပြီ။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲက နှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ ဟုမိန့်တော်မူ၏"" ဟုဆိုခဲ့သည်။ (မာကု ၁၂း၄၃-၄၄)
မည်သူကိုကျွန်ုပ်တို့ပေးလှူသင့်သနည်း။
နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့သည် မည်သူကို ပေးလှူသင့်ကြောင်းကို ပြောပြထားသည်။
(၁) ကျွန်ုပ်တို့၏ ဒေသန္တရအသင်းတော်ကို ပေးလှူသင့်သည်။
ကျွန်ုပ်တို့၏ဒေသန္တရအသင်းတော်သည် ကျမ်းစာကို သစ္စာရှိစွာ သင်ကြားပြီး ခရစ်တော်ကိုချီးမြှောက်သော အသင်းတော်မျိုးဖြစ်ပါက ကျွန်ုပ် တို့၏ ပူဇော်သက်္ကာများထဲမှ အများစုကိုထိုအသင်းတော်သို့ ပေးလှူ သင့်သည်။ ဘုရားသခင်က သူ့အသင်းတော်နှင့်သင်းအုပ်ဆရာများသည် သူ့လူများ၏ မေတ္တာနှင့်ပေးသော လက်ဆောင်များဖြင့် ထောက်ပံရမည်ဟု စီရင် အမိန့်ပေးခဲ့သည်။ ကျမ်းစာက ""ထိုနည်းတူဧ၀ံဂေလိတရားကို ဟောသော သူတို့ သည်၊ ဧ၀ံဂေလိတရားကိုအမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏"" ဟုဆိုသည်။ (၁ကော ၉း၁၄)
(၂) ကျွန်ုပ်တို့ကို ၀ိညာဉ်ရေးရာအရ ကူညီပေးသူများကို ပေးလှူသင့်သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကြားပေးသူများနှင့် ၀ိညာဉ်ရေးအရကြီးထွားလာရန် ကူညီပေးသူများအား ကျွန်ုပ်တို့၏ ငွေကြေးကို ဝေမျှပေးရမည်ဟု ညွှန်ကြားထားသည်။ ကျမ်းစာက ""နှုတ်ကပတ်တရား ကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ"" ဟူ၍ပြောထားသည်။ (ဂလာ ၆း၆)
(၃) လိုအပ်နေသူများကို ပေးလှူသင့်သည်။
ကျွန်ုပ်တို့သည် လိုအပ်နေသူများ (အထူးသဖြင့် ခရစ်ယာန်များ)ကို ပေးလှူရမည်။ ဤသို့လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏မေတ္တာတော်ကိန်းဝပ်နေသည်ကို သက်သေပြနိုင်သည်။ ကျမ်းစာက ""အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်းဂရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည် နည်း။"" ဟုဆိုသည်။ (၁ယော ၃း၁၇)
ယေဘုယျ စည်းမျှဉ်းအားဖြင့် လိုအပ်နေသူများကို ကျွန်ုပ်တို့၏ ပေးလှူခြင်းသည် ဒေသန္တရအသင်းတော်မှတဆင့် ဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ ပေးလှူခြင်းအားလုံးသည် ရိုးရှင်းရမည်ဖြစ်ပြီး မည်သည့်အာရုံ စိုက်မှုကိုမျှမရှိရအောင် လျှို့ဝှက်စွာပေးလှူသင့်သည်။ ကျမ်းစာက "မစသနားခြင်းအမှု ကို ပြုသောသူသည် လျစ်လျူသောစိတ် (Simplicity) နှင့်ပြုစေ။"" ဟူ၍ပြောထားသည်။ (ရောမ ၁၂း၈)
(၄) ပျောက်ဆုံးနေသောသူများထံသို့ ဧ၀ံဂေလိတရားကို ယူဆောင်သွားသူများအား ပေးလှူသင့်သည်။
ဧ၀ံဂေလိတရားကို ပျောက်ဆုံးသောသူတို့ထံယူဆောင်သွားဖို့ရန်အတွက် ခရစ်ယာန်တိုင်းတွင် တာဝန်ရှိသည်။ ဘုရားသခင်၏အမိန့်တော်မှာ "သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တ၀ါအပေါင်းတို့အား ဧ၀ံဂေလိတရားကို ဟောကြလော့" ဟူ၍ဖြစ်သည်။ (မာ ၁၆း၁၅)
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင် မသွားနိုင်ပါက ခရစ်တော်၏အကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားဖူးသေးသောသူများထံသို့ ဧ၀ံဂေလိ တရားကိုယူဆောင်သွားကြသော သာသနာပြုများကို သူတို့အား ထောက်ပံ့ပေးခြင်းသည် အခွင့်ထူးတစ်ရပ်ဟု ခံယူ၍ ကူညီထောက်ပံ့ပေးသင့်သည်။
ပေးလှူခြင်းသည် စိုက်ပျိုးနေခြင်းဖြစ်သည်။
ပေးလှူခြင်းသည် ငွေကိုလွှင့်ပစ်နေခြင်း မဟုတ်ပါ။ မျိုးစေ့ကိုစိုက်ပျိုးနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အစေ့ကိုစိုက်ပျိုးကြသောအခါ အစေ့ကို လွှင့်ပစ်နေခြင်း မဟုတ်ဘဲ၊ ရိတ်သိမ်းချိန်တွင် အသီးအပွင့် တို့ကိုပြန်လည်ရိတ်သိမ်းယူနိုင်ရန်အတွက် အစေ့ကိုမြေကြီးထဲတွင်စိုက်ပျိုးထားခြင်းဖြစ်သည်။ ရိတ်သိမ်းချိန်၌ကျွန်ုပ်တို့ရရှိမည့် အသီးအပွင့်ပမာဏသည် ကျွန်ုပ်တို့မည်မျှစိုက်ပျိုးခဲ့သလဲအပေါ်တွင် မူတည်သည်။ ပေးလှူခြင်းနှင့် ပတ်သတ် လာလျှင် လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ပေးလှူခြင်းနှင့်စပ်လျဉ်း၍ ကောရိန်သုမြို့သို့ စာရေးရာတွင် ပေါလုက""အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့"" ဟုရေးသားခဲ့သည်။
ဘုရားသခင်သည် သူ့အသင်းတော်များကိုထောက်ပံ့ပေးရန်အတွက် ငွေကိုပြင်ဆင်ချပေးလို၍ သူ့အစေခံများကို ဧ၀ံဂေလိတရား မရောက်ရှိနိုင်သော ကမ္ဘာအရပ်ရပ်ရှိလူများထံသို့ စေလွှတ်ရန်အတွက် လည်းငွေကိုချပေးလိုသည်။ သူသည် ဤအမှုကိုမည်သို့ပြုလုပ်ပေးသနည်း။ ကျွန်ုပ်တို့သည် သူ၏အမှု တော်အတွက်ပေးလှူနိုင်ရန်အတွက် သူသည်ကျွန်ုပ်တို့အား ပေးကမ်းခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်သည်။ ကျမ်းစာက ""...သင်တို့သည် အရာရာ၌သုံးလောက်သော၊ ဥစ္စာအမျိုးမျိုးအစဉ်ရှိ၍၊ ကောင်းသောအကျင့်အမျိုးမျိုးနှင့် အထူးသဖြင့်ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့်ပြည့်စုံခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏"" ဟုဆိုသည်။ (၂ကော ၉း၉)
ပေးလှူခြင်းကိစ္စနှင့်ပတ်သက်လာလျှင် သခင်ယေရှုကိုယ်တိုင်က ကြီးမြတ်သောပုံသက်သေကို ကျွန်ုပ်တို့အားပြခဲ့သည်။ ကျမ်းစာက ""အကြောင်းမူကား၊ သင်တို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့်၊ သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့ အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။""ဟုဆိုသည်။
ထာဝရကာလ တည်မြဲသော ပေါင်းသင်းဆက်ဆံမှုများကို တည်ဆောက်ခြင်း
ယေရှုသည် မကြာခဏတပည့်တော်တို့အား ပုံဥပမာများကိုအသုံးပြု၍ သင်ကြားပေးခဲ့သည်။ ပုံဥပမာဆိုသည်မှာ ၀ိညာဉ်ရေးရာ အမှန်တရား တစ်ခု(သို့) တခုထက်များပြားစွာကို သင်ကြားသိရှိစေသည်။
လုကာ ၁၆တွင် သခင်ယေရှုသည် သူဌေးကြီးတဦးအကြောင်းကို ပြောပြထားသည်။ ထိုသူဌေးကြီး တွင် သူ၏ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲပေးရသော အစေခံတဦး(ဘဏ္ဍာစိုး)ရှိသည်။ အစေခံသည် သူ့ဥစ္စာများကို ဖြုန်းတီးနေကြောင်းကို သူဌေးကြီး ကြားသိသောအခါ၊ အစေခံကို သူ့ရှေ့သို့ခေါ်၍ သူ၏အစေခံခြင်း နှင့်ပတ်သက်၍ ဖြေရှင်းချက်တောင်းခံခဲ့သည်။
ဘဏ္ဍာစိုးသည် မကြာမီအချိန်တွင် သူ့အလုပ်မှထုတ်ပယ်ခြင်းခံရမည်ကို သိရှိနားလည်ခဲ့ချိန်တွင်၊ ""ငါ ဘာလုပ်ရမလဲ၊ ငါ့သခင်က ငါ့အစေခံခြင်း အလုပ်ကို ရပ်စဲတော့မယ်၊ ငါပုန်းရှောင်လိုလဲမရတော့ဘူး။ တောင်းပန်ရမှာတောင် ရှက်နေတယ်။ ဒီအစေခံခြင်းအလုပ်မှ ငါထုတ်ပယ်ခြင်းခံရပြီးနောက် ငါဘာဆက် လုပ်မလဲဆိုတာကို ဆုံးဖြတ်ရမယ်။ သူတို့(ငါမိတ်ဆွေဖွဲ့မည့် မိတ်ဆွေတွေ)ဟာ သူတို့အိမ်မှာ ငါ့ကို လက်ခံပြီး ပေးနေပါလိမ့်မယ်။""ဟူ၍ မိမိကိုယ်ကို ပြောခဲ့သည်။
ဘဏ္ဍာစိုးသည် သူ၏အနာဂတ်အတွက် အစီအစဉ်တခုကို ချမှတ်လုပ်ဆောင်ခဲ့သည်။ သူသည် သူ့သခင်ကို အကြွေးပေးရမည့်သူများကို သူ့ဆီ ခေါ်ယူ၍ သူတို့၏အကြွေးများကို ရက်ရောစွာ လျော့ပေါ့ပေးခဲ့သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့်၊ သူတို့သည် သူ့အပေါ်တွင် အကြွေးတင်၍ သူ့မိတ်ဆွေများ ဖြစ်လာကြမည် ဖြစ်သည်။ ထို့နောက်သူသည် အလုပ်မှထုတ်ပယ်ခြင်းခံရသောအခါ၊ ဤမိတ်ဆွေများသည် သူတို့အိမ်၌ သူ့ကို နေထိုင်ခွင့်ပြု၍ စားစရာများနှင့် တည်ခင်းကြမည်ဖြစ်သည်။
ဘဏ္ဍာစိုးသည် ဤအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူသည် သူ့သခင်ကိုအကြွေးပေးရမည့် သူများကို သူ့ဆီခေါ်ယူ၍ ငါသခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိသနည်း။""ဟု တယောက်ကို မေးလျှင်၊ ထိုသူက ဆီအခွက်တထောင်ပေးရန်ရှိပါသည်ဟုဆို၏။ ငါ၏သခင်ကို ဆပ်ပေးရန်သင်၏စာရင်း ကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကိုရေးမှတ်လော့ဟုဆို၏။ ထို့နောက်အခြားသော သူကိုခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိသနည်းဟုမေးလျှင်၊ ထိုသူက ဂျုံစပါးအတင်း တထောင်ပေးရန်ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်း ကို ယူ၍ အတင်းရှစ်ရာကိုရေးမှတ် လော့ဟုဆို၏။""
ဘဏ္ဍာစိုးသည် သူ့သခင်ကိုအကြွေးပေးရန်ရှိသော အခြားသူများကိုလည်း ထိုနည်းတူပင် အကြွေးတို့ကို လျော့ပေါ့ပေးခဲ့သည်။ သူသည် ဘာကိုပြုလုပ်နေခြင်းဖြစ်သနည်း။ သူသည် သူ့အနာဂတ် အတွက်ပြင်ဆင်နေခြင်းဖြစ်သည်။ သူသည်အနာဂတ်ကာလတွင် အလုပ်ပြုတ်နိုင်သောကြောင့် အနာဂတ် ကာလအတွက် မိတ်ဆွေများကို ရရှိအောင်ပြုလုပ်နေခြင်းဖြစ်သည်။ ဘဏ္ဍာစိုး၏သခင်သည် အမြတ်အစွန်း အချို့ဆုံးရှုံးခဲ့သော်လည်း သူ၏ပါးနပ်မှု့အတွက် သူ့ကိုချီးကျူးခဲ့သည်။ ဘဏ္ဍာစိုးသည် သူ့အနာဂတ်တွင် လုံခြုံစိတ်ချမှုအချို့ရှိနိုင်ရန်အတွက် ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို သခင်သည်အသိအမှတ်ပြု၍ နားလည် ပေးခဲ့သည်။ ဤပုံဥပမာအားဖြင့် သခင်သည် ကျွန်ုပ်တို့အား အလွန်အရေးကြီးသော အခြေခံသဘော တရား(၃)ခုကို သင်ယူစေလိုသည်။
(၁) ဘ၀အသက်တာသည် ပိုင်ရှင်တဦးမဟုတ်ပါ ဘဏ္ဍာစိုး တဦးသာ ဖြစ်သည်။
ကျွန်ုပ်တို့တွင် ရှိသမျှအရာအားလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်သည်။ ကျွန်ုပ်တို့သည် ဘာကို မှ မပိုင်ဆိုင်ပါ။ ကျွန်ုပ်တို့သည် ရိုးရှင်းစွာပင် ဘုရားသခင်၏ဘဏ္ဍာစိုးများဖြစ်ပြီး သူအပ်ပေးထားသော အရာများကို စီမံခန့်ခွဲနေကြခြင်းဖြစ်သည်။
(၂) တနေ့တွင် ကျွန်ုပ်တို့၏အစေခံခြင်းနှင့်ပတ်သက်၍ ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသက်၊ ကျန်းမာရေး၊ ပင်ကိုယ်အရည်အချင်းများ၊ ငွေနှင့်အခြား အရာများကိုပေးအပ်ခဲ့သည်။ တနေ့တွင် သူအပ်ပေးထားသောအရာများကို မည်သို့မည်ပုံအသုံးပြုခဲ့သည်ကို သူ့အားဖြေရှင်းချက်ပေးရမည် ဖြစ်သည်။ ""ကောင်းပေ၏။ သာဓု သစ္စာရှိသော ငယ်သားကောင်း""ဟု သူ၏ ချီးမွမ်းခြင်းကိုခံရသည်ထက် သာ၍ကောင်းသောအရာကို ဤလောကတွင် မရှာတွေ့နိုင်ပါ။
(၃) အခြားသောသူများကို ခရစ်တော်ထံ ပို့ဆောင်ခြင်း၌ ငွေကြေးကို အသုံးပြုခြင်းသည် ဥာဏ်ပညာအရှိဆုံးနှင့် အကောင်းဆုံး အသုံးပြုခြင်း ဖြစ်သည်။
ယေရှုသည် အထက်ပါပုံဥပမာ၏အဓိက အနှစ်သာရကို ဤသို့အနှစ်ချုပ်၍ပြောထားသည်။ ""တဖန် ဆိုသည်ကား၊ သင်တို့သည် စုတေ့(သေ) သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကိုလက်ခံ လတ္တံ့သော အဆွေရှိခြင်းငှာ၊ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်(အသုံးပြု) ကြ လော့။"" ဟု ဆိုသည်။ (လုကာ ၁၆း၉)
ဤနေရာတွင် သခင်ပြောလိုသည်မှာ ကျွန်ုပ်တို့၏ငွေကို ထာဝရကာလတည်မြဲသော မိတ်ဆွေဖွဲ့ ခြင်း များအတွက် အသုံးပြုရန်နှင့် ထိုသို့အသုံးပြုပါက ကျွန်ုပ်တို့၏ငွေအားဖြင့် ခရစ်တော်ထံသို့ ပို့ဆောင် ပေးရန် ကူညီပေးခဲ့သော ယုံကြည်သူမိတ်ဆွေများသည် ကျွန်ုပ်တို့ကောင်းကင်ဘုံ သို့ ၀င်ရောက်ချိန်၌ ကျွန်ုပ်တို့ကို ကြိုဆိုရန် ထိုနေရာ၌ရှိနေပေလိမ့်မည်။
တခါက အင်္ဂလန်တွင် အသက်(၈၁)နှစ်ပြည့်မွေးနေ့ကပ်လာသော အဖိုးအိုတစ်ဦးရှိခဲ့သည်။ သူ၏ သားသမီးများနှင့် ဆွေမျိုးများသည် သူကိုဘာဝယ်ပေးရမလဲဆိုတာကို မသိသောကြောင့်၊ သူကြိုက်တာကို သူဝယ်နိုင်ရန်အတွက် သူတို့၏ငွေအားလုံးကိုစုပေါင်း၍ ပေးရန်ဆုံးဖြတ်ခဲ့ကြသည်။ ဆွေမျိုးများသည် ပိုက်ဆံအားလုံးကို စုပေါင်းကောက်ခံပြီးချိန်၌ $ ၂၄၀၀ ရရှိခဲ့သည်။ ဤငွေပမာဏကိုပေးမည့်အကြောင်း အဖိုးအိုအားပြောပြသောအခါ၊ အဖိုးအိုက ""ကဲ၊ဒီပိုက်ဆံတွေကို ငါ့အတွက် မင်းတို့စုပေါင်းပြီးပေးကြတယ်။ ဒီပိုက်ဆံတွေနှင့် ငါလုပ်ချင်တာကို လုပ်နိုင်တယ်လို့ဆိုလိုတာလား""ဟု မေးခဲ့သည်။ သူတို့က ဟုတ်မှန်ကြောင်းသူအားပြောသောအခါ၊ သူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို တခါမှမကြားဖူးသေးတဲ့ လူမျိုးစု တစ်စုက လူတွေ သူတို့မိခင်ဘာသာစကားနဲ့ နှုတ်ကပတ်တော်ကို ဖတ်နိုင်ရန်အတွက် ကျမ်းစာကိုဘာသာ အသစ်တခုနှင့် ပုံနှိပ်ရာတွင် အသုံးပြုဖို့ ဒီပိုက်ဆံတွေကို အသုံးပြုချင်တယ်။""ဟု ပြောခဲ့သည်။
ဆွေမျိုးများသည် ဗြိတိန်နှင့် နိုင်ငံရပ်ခြားကျမ်းစာအဖွဲ့အစည်းများနှင့် ဆက်သွယ်စုံစမ်းခဲ့သည်။ ထိုနေရာမှာအရာရှိတစ်ဦးက ""ဤအရာဟာ အံ့သြဖွယ်ကောင်းမွန်ပါတယ်။ အာဖရိကမှာရှိတဲ့ သာသနာပြု အချို့ဟာ ကျမ်းစာကို အခြားဘာသာတစ်ခုနှင့် ဘာသာပြန်ဖို့လုပ်ဆောင်နေတာ နှစ်အတော်ကြာပါပြီ။ ကျမ်းစာကိုဘာသာပြန်ထားတဲ့စာမူကို အခုလေးတင်ပဲ ကျွန်ုပ်တို့လက်ခံရရှိပါတယ်။
ကျမ်းစာကို ဤဘာသာအသစ်နဲ့ ပုံနှိပ်နိုင်ဖို့ မည်မျှကုန်ကျမလဲဟု မေးကြသောအခါ၊ အရာရှိက ""ဒေါ်လာ ၃၀၀၀ ၀န်းကျင်လောက်တော့ ကျမယ်""ဟု ပြန်ဖြေခဲ့သည်။ ထိုအခါ လျင်မြန်စွာပင် ဆွေမျိုးများ သည် လိုအပ်နေသောငွေပမာဏရရန်အတွက် ထပ်မံကောက်ခံခဲ့ကြသည်။
အချိန်တန်ကြာပြီးနောက် ကျမ်းစာကိုရိုက်နှိပ်ပြီးစီးသောအခါ အာဖရိကရှိလူမျိုးစုသည် မိခင် ဘာသာဖြင့် ကျမ်းစာကိုဖတ်နိုင်ရန်အတွက် ကျမ်းစာအုပ်ကို အာဖရိကသို့ပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင် ပေးခြင်းဖြင့် လူများစွာသည် ဘုရားသခင်၏ အဖိုးထိုက်စွာသော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းအားဖြင့် ခရစ်တော်သည် သူတို့၏ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိလာကြသည်။
နှစ်အနည်းငယ်ကြာပြီးနောက် ဤအဖိုးအိုသည် ကောင်းကင်နိုင်ငံသို့ ၀င်ရောက်သွားပုံကို စိတ်ကူး ပုံဖော်ကြည့်ကြပါစို့။ ဤလူမျိုးစုရှိ လူများစွာသည်လည်း အရင်သေဆုံးကြ၍ ကောင်းကင်ဘုံသို့ရောက်နှင့် နေသည်ဟုဆိုကြပါစို့။ အဖိုးအိုသည် ကောင်းကင်ဘုံသို့ ၀င်ရောက်ချိန်တွင် ထိုလူများသည် အဖိုးအိုကို ကြိုဆိုပွေ့ဖက်ကြ၍ ""သင်ဟာ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်ပါတယ်။"" ကျွန်ုပ်တို့သင့်ကို စောင့်နေကြတာပါ"" ဟု သူ့အား ပြောကြမည်ဖြစ်သည်။
အဖိုးအိုသည် အံ့သြစွာဖြင့် သူတို့ကိုကြည့်၍ ""ကျွန်ုပ်သင်တို့ကို မသိပါဘူး။ သင်တို့က မည်သူ တွေဖြစ်သနည်း""ဟု မေးသည်။ ထိုအခါ သူတို့က ""သင်ကတော့ ကျွန်ုပ်တို့ကိုသိမှာမဟုတ်ပါဘူး။ သို့သော် ကျွန်ုပ်တို့ကလော့ သင့်ကိုသိပါတယ်။ သင်ပေးလှူခဲ့တဲ့ပိုက်ဆံတွေကြောင့် ကျွန်ုပ်တို့၏ မိခင်ဘာသာ စကားနဲ့ ကျမ်းစာကိုဖတ်ခွင့်ရခဲ့ပါတယ်။ သင့်ကြောင့်သာမဟုတ်ခဲ့လျှင်၊ ကျွန်ုပ်တို့ဟာ ဒီလိုသာယာလှပတဲ့ နေရာမျိုးမှာရှိနေမှာမဟုတ်ပါဘူး။ သင်ဟာ ကျွန်ုပ်တို့ရဲ့ ထာဝရမိတ်ဆွေဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ငွေများသည် အသုံးမ၀င် အဓိပ္ပါယ်ကင်းမဲ့မည့် နေ့တနေ့သည် တစထက်တစ နီးကပ် လာနေပြီဖြစ်သည်။ ကျွန်ုပ်တို့၏ အစေခံခြင်းသည် ကုန်လွန်တော့မည့်နေ့သည်လည်း နီးကပ်လာနေပြီ ဖြစ်သည်။ ဤကျန်ရှိနေသေးသော အချိန်နာရီလေး၌၊ အခြားသူများ၏ စိတ်ဝိညာဉ်ကို ခရစ်တော်ထံ ပို့ဆောင်ပေးခြင်းအားဖြင့် ထာဝရကာလတည်မြဲသော မိတ်ဆွေများရရှိရန်အတွက် ကျွန်ုပ်တို့၏ငွေကိုအသုံး ပြုရကြ မည် ဖြစ်သည်။ ဤသို့အသုံးပြုခြင်းသည် ငွေကိုဉဏ်ပညာအရှိဆုံးနှင့် အကောင်းဆုံးအသုံးပြုခြင်း ဖြစ်သည်။
ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဤမေးခွန်းများကို မိမိကိုယ်ကိုမေးသင့်သည်။ ကျွန်ုပ်သည် ဘုရားသခင်အပ်ပေးထားသောအရာများကို ကောင်းစွာ စီမံခန့်ခွဲသော ဘဏ္ဍာစိုး ဖြစ်သလော? ကျွန်ုပ်သည် ထာဝရ မိတ်ဆွေများရရှိရန်အတွက် ကျွန်ုပ်၏ငွေကို အသုံးပြုနေသလော? ""သင့်ကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်ုပ် သည် ဤကဲ့သို့သာယာလှပသောနေရာတွင် ရှိနေမှာမဟုတ်ဘူး၊ သင်ဟာကျွန်ုပ်ရဲ့ထာဝရမိတ်ဆွေဖြစ် တယ်""လို့ ကျွန်ုပ်အားပြောမည့်သူများ ကောင်းကင်ဘုံတွင် ရှိပါရဲ့လား?
ရှာဖွေတွေ့ရှိသော ရတနာ
အခြားသောသူများကို ခရစ်တော်ထံ ပို့ဆောင်ခြင်း၌ ငွေကြေးကို အသုံးပြုခြင်းသည် ဥာဏ်ပညာအရှိဆုံးနှင့် အကောင်းဆုံး အသုံးပြုခြင်း ဖြစ်သည်။
မေးခွန်းများ
မှန်/မှား
(၁) ကျမ်းစာထဲတွင်ပြောထားသော ပေးလှူခြင်းနှင့်ပတ်သက်၍ ကြီးမြတ်သော အခြေခံသဘောတရားမှာ ""ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပေးလှူသောအခါ၊ ဘုရားသခင်သည်ကျွန်ုပ်တို့ကိုပေးသည်။
(၂) ပေးလှူခြင်းနှင့်ပတ်သက်၍ အခြေခံမူဝါဒ(၅)ခုထဲမှ တစ်ခုမှာ ""ပထမဆုံး၊ မိမိကိုယ်ကိုပေးပါ။"" ဟူ၍ဖြစ်သည်။
(၃) ကျွန်ုပ်တို့တွင်ရှိသော အရာများထဲမှ မည်မျှပမာဏပေးလှူသည်ကိုကြည့်၍ ဘုရားသခင်သည် ကျွန်ုပ်တို့၏ပေးလှူခြင်းကို တိုင်းတာသည်။
(၄) ကျွန်ုပ်တို့၏ပူဇော်သက်္ကာ၏အရွယ်အစားသည် ဘုရားသခင်၏အမြင်၌ အတော်လေးအရေးကြီး သည်။
(၅) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အစေခံခဲ့ပုံနှင့်ပတ်သက်၍ တနေ့တွင်ဖြေရှင်းချက်ပေးရကြမည်။
(၆) အကယ်၍သင်သည် ဘဏ္ဍာရေးအရ ရုန်းကန်နေရပါက၊ ဆယ်ဖို့တစ်ဖို့မပေးလှူလည်း ဥု သည်။
(၇) ပေးလှူခြင်းသည် သင့်ငွေကိုလွှင့်ပစ်နေခြင်းမဟုတ်ပါ။ စိုက်ပျိုးနေခြင်းဖြစ်သည်။
(၈) ခရစ်တော်ထံသို့ အခြားသူတို့၏စိတ်နှလုံးကို ပို့ဆောင်ပေးခြင်းသည် ငွေကိုဉဏ်ပညာအရှိဆုံးနှင့် အကောင်းဆုံးအသုံးချခြင်းဖြစ်သည်။
(၉) သင်သည် သခင်ကိုပေးရန်သင့်အတွက် ခက်ခဲနေပါက သခင်ဂရုမစိုက်ပါ။
(၁၀) သင်သည် ဘုရားသခင်သင့်ကို အပ်ထားသောအရာတို့ကို ကောင်းစွာစီမံခန့်ခွဲနေသော အစေခံတဦး ဖြစ်သလော။?
ရဲလင်းထွန်း (အင်းစိန်)
0 comments:
Post a Comment