HCF

HCF MYANMAR IN SINGAPORE

Saturday, May 29, 2010

ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သော ယေရှုခရစ်


သင်ခန်းစာ (၈)


ထိုဘုရားသခင်အားဖြင့်သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။ (၁ကော၊ ၁း၃၀)


ချစ်သောမိတ်ဆွေ

လူသားကိုဖန်ဆင်းရခြင်းမှာဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန်ဖြစ်သည်။ သို့သော်လူသား၏အပြစ်နှင့်ပုန်ကန်မှု ကြောင့်ဘုရားသခင်နှင့်ဝေးကွာခဲ့သည်။ကယ်တင်ခြင်း၏ရည်ရွယ်ချက်မှာသန့်ရှင်းတော်မူသောဘုရားနှင့်ပြန်လည်မိတ်သဟာယဖွဲ့နိုင်ရန်ဖြစ်ပြီး မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပျော်ရွှင်ဝမ်းမြောက်နိုင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့သည် အပြစ်ရှိသော လူသားများဖြစ်သောကြောင့် ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းကို ကျွန်ုပ်တို့ နားမလည်နိုင်ရုံမျှမက ထင်မြင်ယူဆရန်ပင် လုံးဝမဖြစ်နိုင်ပေ။ သမ္မာကျမ်းစာက ဘုရားသခင်သည် အလင်း ဖြစ်၍ ဘုန်းတော်ကြီးမားပြီး ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း အရာတို့၌ ပြီးပြည့်စုံသည်ဟု ဖော်ပြသည်။ လုံးဝဥသုန် သန့်ရှင်းတော်မူပြီး အပြစ်လုံးဝမရှိပေ။ သမ္မာကျမ်းစာထဲ၌ အပြစ်သည် အမှောင်ဖြစ်သည်ဟု အကြိမ်အတော်များများ ဖော်ပြထားသည်။ သမ္မာကျမ်းစာက "ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌မှောက်မိုက် အလျှင်းမရှိ'' ဟူ၍ဖော်ပြသည်။(၁ယော၊ ၁း၅)

တစ်ခါက ပရောဖက်ဟေရှာယသည် ရူပါရုံတစ်ခု ရပြီး သူ၏ရူပါရုံ၌ ဘုရားသခင်သည် သူ၏ ပလ္လင်ပေါ်၌ ထိုင်နေသည်။ ပလ္လင်တော်၏ ပတ်လည်၌ ကောင်းကင်ဘုံသားတို့သည် '' သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း တော်မူသော ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကိုယ်တော်၏ ဘုန်းတော်သည် မြေကြီးတပြင်လုံး၌ ပြည့်နှက် လျက်ရှိသည်''ဟူ၍ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းလျက်ရှိသည်။

ဟေရှာယသည်သူမြင်ရသောဘုရားသခင်၏ဘုန်းတော်နှင့် သန့်ရှင်းတော်မူခြင်းကို အလွန်အံ့သြ တုန်လှုပ်ပြီး "ငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကားငါသည် ညစ်ညူးသော နှုတ်ခမ်း ရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကိုကိုယ်မျက်စိနှင့် မြင်လေပြီတကား"ဟူ၍အော်ဟစ်ခဲ့သည်။(ဟေရှာယ၊ ၆း၅)

"ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။" ဟူ၍ ဟေရှာယဆိုရလောက်အောင် သူ့ကိုဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ သူ၏ "အပြစ်ကိုသိသောစိတ်" ဖြစ်သည်။ ဘုရားသခင်နှင့်အတူ ရှိနေနိုင်ရန် အတွက် လိုအပ်သည့်ဖြေင့်မတ်မှု သူ၌ မရှိကြောင်းကို ဟေရှာယ နားလည်ခဲ့သည်။


ဘုရားသခင်က လက်ခံနိုင်ရန် ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်း ရှိရန် လိုအပ်သည်။


ဘုရားသခင်နှင့်ဝမ်းမြောက်စွာမိတ်သဟာယဖွဲ့နိုင်ရန်အတွက်ကျွန်ုပ်တို့အပြစ်အားလုံးကိုဖြေလွှတ်ခဲ့ပြီးဆိုတာသိရုံမကဘုရားသခင်လက်ခံနိုင်သော ဖြောင့်မတ်ခြင်းတန်ဆာကို ဝတ်ဆင်ပြီးပြီ ဆိုတာသိရန် လိုအပ်သည်။

"ခွင့်လွှတ်ခြင်း" နှင့် "ဖြောင့်မတ်ခြင်း" တွင် ကွာခြားမှုတစ်ခုရှိသည်။ "ခွင့်လွှတ်ခြင်း"သည် ရေချိုးတာနှင့်တူပြီး "ဖြောင့်မတ်ခြင်း"မှာ အဝတ်ဝတ်တာနှင့် တူသည်။ အညစ်ကြေးများ ဖယ်ရှားနိုင်ရန် အတွက် ကျွန်ုပ်တို့ရေချိုးသည်။ လူတို့ရှေ့၌ သားသားနားနား ဖြစ်ရန်အတွက် ကျွန်ုပ်တို့ အဝတ်ဝတ်သည်။

"ငါဘာဝတ်ရမလဲ" ဆိုတာကို အရေးကြီးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံရန်ရှိသည့်အခါ ကျွန်ုပ်တို့ အမြဲတွေး တတ်သည်။ သမ္မတ၊ ဘုရင်တို့နှင့် တွေ့ရန်ရှိသည့်အခါတွင်မူ ကျွန်ုပ်တို့ဝတ်ဆင်ရမည့် အဝတ်အစားနှင့် ပတ်သက်ပြီး ပို၍ပင် စိုးရိမ်ဂရုစိုက် ပေမည်။

ကျွန်ုပ်တို့သည်ဘုရားသခင်ထံဆုတောင်းသည်ဖြစ်စေ၊မိတ်သဟာယဖွဲ့သည်ဆိုသည်မှာကျွန်ုပ်တို့တနည်းအားဖြင့်ဘုရားသခင်ထံတော်ပါးသို့တိုးဝင်ချဉ်းကပ်ခြင်း ဖြစ်သည်။ဘုရားသခင်ထံတော်သို့ချဉ်းကပ်သည့်အခါကျွန်ုပ်တို့ထူးခြားစွာ ဆင်ယင်ထားရမည်ကိုကျွန်ုပ်တို့သိသည်။ဘုရားသခင်လက်ခံနိုင်သောဖြောင့်မတ်ခြင်း တန်ဆာဖြင့် ကျွန်ုပ်တို့ ဆင်ယင်ထားရမည်ဖြစ်သည်။

ဘယ်လိုဖြောင့်မတ်ခြင်းမျိုးကိုဘုရားသခင်လက်ခံသနည်း။ဘုရားသခင် လက်ခံနိုင်သောတစ်ခုတည်းသောဖြောင့်မတ်ခြင်းမျိုးမှာ"ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း" ပင်ဖြစ်သည်။


ပြီးပြည့်စုံစွာ ဖြောင့်မတ်ခြင်း ရှိရန် ကျွန်ုပ်တို့ ကျင့်ကြံနိုင်ပါ့မလား။


ဘုရားသခင်လက်ခံနိုင်သောဖြောင့်မတ်ခြင်းမျိုးရရှိရန်ကျွန်ုပ်တို့လုပ်နိုင်ပါ မည်လား။ မလုပ်နိုင် ပါ။ မည်မျှပင်ကြိုးစားစေကာမူ ဘုရားသခင်၏ ပညတ်တော်တို့ကို ပြီးပြည့်စုံစွာ နာခံနိုင်မည် မဟုတ်ပါ။ သမ္မာကျမ်းစာက ''ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသောသူမရှိ။ လူအပေါင်းတို့ သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။-အဘယ်ကြောင့်နည်းဟူမူကား၊လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဘုရားသခင့် ရှေ့တော်၌ အသရေပျက်ကြပြီ။"ဟု ဆိုသည်။ (ရေမ ၃း ၁ဝ-၁၂၊၂၃)

ကျွန်ုပ်တို့အကောင်းဆုံးကျင့်ကြံနိုင်သောဖြောင့်မတ်မှုတောင်မှဘုရားသခင်လက်ခံနိုင်ဖွယ်မရှိ။သမ္မာကျမ်းစာက''အကျွန်ုပ်တို့ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါ။ ပြုမူသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏'' (ဟေရှာယ ၆၄း၆) ဆိုထားသည်။

ဘုရားသခင်ကျွန်ုပ်တို့အတွက် လုပ်ပေးခဲ့သောအရာကို ကျွန်ုပ်တို့ မိမိဘာသာမိမိ မည်သည့်အခါမျှ လုပ်နိုင်မည်မဟုတ်ပေ။ သူ၏လူများ အတွက် ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းကို ပေးကမ်းထားသည်။ ဘုရားသခင် သူ၏လူများကို သူပေးထားသော ဖြောင့်မတ်ခြင်းအကြောင်းကို စဉ်းစား သောအခါ ပရောဖက် ဟေရှာယသည် အလွန်ဝမ်းမြောက်ခဲ့သည်။ ဟေရှာယ ''ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက် ၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား ကယ်တင်ခြင်းအဝတ် တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေရန်၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံစေတော်မူပြီ။" (ဟေရှာယ၊ ၆၁း၁၀)


ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေသနည်း။


ဘုရားသခင်သည်သူ၏အမြင်၌ ကျွန်ုပ်တို့ကိုမည်သို့ဖြောင့်မတ်စေသနည်း။ သခင်ယေရှု၌ ကျွန်ုပ် တို့ကို တည်စေခြင်းအားဖြင့် ပြုလုပ်သည်။ သမ္မာကျမ်းစာက ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှု ခရစ်၌ တည်နေကြ၏'' ဟုဆိုထားသည်။ (၁ကော၊ ၁း၃၀)

ခရစ်တော်၌တည်ခြင်း (In Christ) ဆိုသော စကားလုံးမှာ ဘုရားသခင်သည် ယုံကြည်သူတို့ကို ပေးသောအရာဖြစ်၏။ ခရစ်တော်၌ မည်သို့တည်နေခဲ့ကြသနည်း။ ဘုရားသခင်က တည်စေသောကြောင့်ဖြစ် သည်။ မိမိဘာသာမိမိ ခရစ်တော်၌တည်ရန် မပြုလုပ်နိုင်ပေ။ ဘုရားသခင်က သာ လုပ်ပေးနိုင်သည်။ သမ္မာ ကျမ်းစာက ''ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌တည်နေကြ၏'' ဟုဆိုထားသည်။

မိမိဘာသာမိမိဆိုလျှင် ကျွန်ုပ်တို့သည် ဖြောင့်မတ်မှု မရှိပေ။ သို့သော်ဘုရားသခင်သည် ကျွန်ုပ်တို့ ကို ခရစ်တော်၌တည်စေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကြည့်သောအခါ ကျွန်ုပ်တို့ကိုမမြင်ပဲ ခရစ်တော်ကိုသာမြင်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌တည်သောကြောင့် ဘုရားသခင့်ရှေ့တော်၌ ကျွန်ုပ်တို့ လုံးဝဖြောင့်မတ်မှုရှိသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ''အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။'' ဟု ၂ကော (၅း၂၁) တွင် ဆိုထားသည်။

ဤကျမ်းတစ်ပုဒ်က ''သခင်ယေရှုအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများ ဖြစ်စေသည်''ဟု ဆိုထားသည်။ ဤဖြောင့်မတ်ခြင်းသည် ပြီးပြည့်စုံသည်။ အဘယ်ကြောင့်ဆိုသော ယေရှုခရစ်သည် ပြီးပြည့်စုံသောကြောင့် ဖြစ်သည်။ ဤဖြောင့်မတ်ခြင်းသည်ပြောင်းလဲမှုလည်း မရှိရခြင်းမှာ သခင်ယေရှုကလည်း ပြောင်းလဲမှု မရှိသောကြောင့် ဖြစ်သည်။ ဤဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏ ဖြေင့်မတ်ခြင်း ဖြစ်သည့်အကြောင်းမှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်သောကြောင့် ဖြစ်သည်။

ဤပြည့်စုံသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့၏ ကျင့်ကြံအားထုတ်မှုကြောင့် ရသည် မဟုတ်ပါ။ သခင်ယေရှုကို ကျွန်ုပ်တို့၏ ကယ်တင်ရှင် အဖြစ် လက်ခံလိုက်သောအချိန်တွင်သာဤဖြောင့်မတ်ခြင်းကိုကျွန်ုပ်တို့သည်လက်ဆောင်အ နေဖြင့်အဖိုးအခမပေးရဘဲရရှိသည်။သမ္မာကျမ်းစာက ''ကျေးဇူးတော် ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကို၎င်း ခံရသောသူတို့သည် တယောက်သောသူ တည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတံ္တ့။''ဟု ရောမ ၅း၁၇ တွင် ဆိုထား သည်။

တမန်တော်ပေါလုသည်ဘာသာရေးအလွန်ကိုင်းရှိုင်းသူဖြစ်သည်။ဖြောင့်မတ်ခြင်းကို ရရှိရန် အတွက် ပြင်းပြင်း ထန်ထန် ကြိုးစား လုပ်ဆောင်ခဲ့သည်။ သူ၏လုပ်ဆောင်မှုအားဖြင့် ဘုရားသခင်ကို လက်ခံ လာစေရန် မပြုလုပ်နိုင်သည်ကို နောက်ပိုင်းတွင် ပေါလုနားလည်ခဲ့သည်။

ထို့ကြောင့် ရှင်ပေါလုဘာလုပ်ခဲ့သလဲ၊ သခင်ယေရှုကို ယုံကြည်လက်ခံပြီး ဘုရားသခင်၏ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းကို လက်ခံရယူခဲ့ သည်။ ပေါလုက ''ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကို သိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မြင်၏။'' ဟု ဖိ (၃း၈-၉)တွင် ရေးသားခဲ့သည်။

ဤပြီးပြည့်စုံသောဖြောင့်မတ်ခြင်း''လက်ဆောင်''မှာရှင်ပေါလုအတွက်သာမဟုတ်ဘဲ ယုံကြည်သူ တိုင်းအတွက် ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သည်နှင့် တပြိုင်နက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေပြီး ဤ ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း လက်ဆောင်ကို ကျွန်ုပ်တို့ ရရှိသည်။


ကျွန်ုပ်တို့သည်ခရစ်တော၌တည်သောကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့ကိုလက်ခံသည်

"ခရစ်တော်အတွင်း၌ ကျွန်ုပ်တို့ ရှိသောကြောင့်သာ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလုံးဝဥဿုန်လက်ခံသည်"ဟုဆိုသည်။ သမ္မာကျမ်းစာကပင်ဘုရားသခင်သည် သူ၏ချစ်စွာသောသူအားဖြင့် ကျွန်ုပ်တို့ကို လက်ခံသည်။ ''ချစ်စွာသောသူ''ဆိုသည်မှာ သခင်ယေရှုကို ရည်ညွှန်းခြင်းဖြစ်သည်။ သခင်ယေရှု၌ ကျွန်ုပ်တို့ကိုလက်ခံသည်။

ဘုရားသခင်သည် သူ၏သားတော်ကိုချစ်ပြီး သားတော်၌ ဝမ်းမြောက်သည်။ ထာဝရကာလ တစ်လျှောက်လုံး သခင်ယေရှုသည် ဘုရားသခင် ပျော်ရွှင်ဝမ်းမြောက် ကျေနပ်စရာအကြောင်း ဖြစ်တော်မူ၏။ သခင်ယေရှု နှစ်ခြင်းမင်္ဂလာခံယူသောအခါ ကောင်းကင်ပေါ်မှ ''ဤသူကား ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ် သားပေတည်း''ဟူသော အသံထွက်ပေါ်လာသည်။(မ၊ ၃း၁၇)

ကျွန်ုပ်တို့သည်ခရစ်တော်အတွင်း၌ရှိသောကြောင့်ဘုရားသခင်သည်သူ၏ သားတော်ကို လက်ခံ သလိုမျိုးပင် ကျွန်ုပ်တို့ကို လက်ခံသည်။ သူ၏သားတော်ကိုချစ်ပြီး သူ၏သားတော်၌ဝမ်းမြောက်သကဲ့သို့ပင်ကျွန်ုပ်တို့ကိုချစ်ပြီးကျွန်ုပ်တို့၌ဝမ်းမြောက်သည် ဤအရာသည်အလွန် ကောင်းမွန်သောအရာဖြစ်သောကြောင့် ကျွန်ုပ်တို့နားလည်ရန်ပင် ခက်ခဲလှသည်။ သို့သော် ဤအရာသည် အမှန်ပင်ဖြစ်သည်။ သခင် ယေရှုက ယုံကြည်သူများနှင့်ပတ်သက်ပြီး''ကိုယ်တော်သည်အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း နှင့်အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာ ၄င်း၊ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အား ပေးပါပြီ''ဟူ၍ သူ၏ခမည်းတော်ထံ ဆုတောင်းထားသည်။(ယော၊ ၁၇း၂၃)


ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှုနှင့် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း


''ဘုရားသခင်ရှေ့တော်၌ကျွန်ုပ်တို့ဖြောင့်မတ်ခြင်း"နှင့်''ကျွန်ုပ်တို့၏ဤကမ္ဘာပေါ်တွင် နေ့စဉ် ပြုမူလုပ်ဆောင်မှု''နှစ်ခု၏ခြားနားမှုကို ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့ သိထားရမည်ဖြစ်သည်။

ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်ခြင်းဆိုသည်မှာဘုရားသခင်သည် ခရစ်တော်အတွင်း၌ရှိသော ကျွန်ုပ်တို့ကိုမြင်သော အမြင်ဖြစ်သည်။ ခရစ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမျိုးရရှိအောင်လုပ်ဆောင်ပေးသည်။ ဤဖြောင့်မတ်ခြင်းသည်ပြီးပြည့်စုံသည်။မည်သည့်အခါမျှမပြောင်းလဲပါ။ မည်သည့်အချိန်မှာ ဤပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းမျိုးကို သင်လက်ခံရရှိသနည်း။ ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် သင်လက်ခံလိုက်သည်နှင့် တပြိုင်နက် ဤအရာကို သင်လက်ခံရရှိသည်။

ဤကမ္ဘာပေါ်တွင်ကျွန်ုပ်တို့အသက်ရှင်သည့်ပုံစံမှာ''ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှု''ပင်ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှုသည် ပြောင်းလဲလွယ်ပြီး ပြီးပြည့်စုံမှုမရှိပေ။ တစ်ရက် အတွင်းတွင်ပင် ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှုသည် ကွဲပြားနိုင်သည်။

မနေ့သည် ကျွန်ုပ်တို့အတွက် ကောင်းသောနေ့တစ်နေ့ ဖြစ်သည်ဆိုပါစို့။ မနေ့က ကျွန်ုပ်တို့ သမ္မာကျမ်းစာဖတ်၍ ဆုတောင်ခြင်းအားဖြင့် ဘုရားသခင်နှင့် အချိန်ယူရုံမက ဒေါသမထွက်အောင်လည်းထိန်းချုပ်ထားနိုင်ခဲ့သည်။ရလဒ်အားဖြင့်ကျွန်ုပ်တို့ကျေနပ်အားရနေပြီး ဘုရားသခင်လည်း ကျွန်ုပ်တို့အား ဖြင့် ဝမ်းမြောက်မည်ဟု ခံစားခဲ့ရပေမည်။ ဆုတောင်းခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ဖို့ရန် ကျွန်ုပ်တို့ ရဲဝံ့စွာ ရှိနေမည်ဖြစ်သည်။

ယနေ့တွင်မူ မနေ့ကနှင့်မတူဘဲ ဆုတောင်းရန်နှင့် နှုတ်ကပတ်တော်ကိုဖတ်ရန် ကျွန်ုပ်တို့အချိန်မယူခဲ့ပါ။အခြားသူများနှင့်လည်းကတောက်ကဆဖြစ်ပြီး ဒေါသအိုးလည်း ပေါက်ကွဲခဲ့သည့်အတွက် ကျွန်ုပ်တို့ သည် မိမိကိုယ်ကို စိတ်ပျက်ပြီး ဘုရားသခင်လည်း ကျွန်ုပ်တို့ကြောင့် စိတ်ပျက်မည်ဟု ခံစားရပေမည်။ ရလဒ်အားဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ဖို့ရန် ရဲဝံ့သောစိတ် ကျွန်ုပ်တို့ထံ၌ ရှိတော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့ ဘာကြောင့်ဤသို့ဖြစ်ရသနည်း။ ဤသို့ဖြစ်ရသည်မှာ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ် လက်ခံမှု ကို ကျွန်ုပ်တို့၏နေ့စဉ်လုပ်ဆောင်မှုအပေါ် မူတည်၍ ကြည့်သောကြောင့်ဖြစ်သည်။ ဤအရာမှာ အမှား တစ်ခုဖြစ်သည်။ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ်လက်ခံမှုသည် ကျွန်ုပ်တို့ခရစ်တော်၌ ရှိ/မရှိအပေါ်တွင် မူတည်သည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့ရပ်တည်နိုင်သည်။

ကျွန်ုပ်တို့ နမော်နမဲ့အသက်ရှင်ခြင်းသည် ဘုရားသခင်ကို ဝမ်းနည်းစေသည်။ ကျွန်ုပ်တို့အပြစ်လုပ် သောအခါ သန့်ရှင်းသော ဝိညာဉ်တော်က အပြစ်စီရင်သည်။ ကျွန်ုပ်တို့နားမထောင်ပဲ အပြစ်ဆက်လုပ်မည် ဆိုပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆုံးမစည်းကမ်း ပေးမည်ဖြစ်သည်။ အပြစ်ပေးခြင်းဖြင့် လမ်းမှန်သို့ ရောက်အောင်လုပ်လိမ့်မည်။

သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်ပေးဆုံးမချိန်၌ပင် ခရစ်တော်၌ ကျွန်ုပ်တို့ရှိသောကြောင့်ကျွန်ုပ်တို့ကိုချစ်တုန်း၊လက်ခံတုန်းပင်ဖြစ်သည်။ သူ၏ချစ်စွာသော သားတော်အားဖြင့်ကျွန်ုပ်တို့ကိုလက်ခံတော်မူသည်။ သမ္မာကျမ်းစာက ''ထိုဘုရားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်၊ငါ့တို့အား ပေးတော်မူသောကျေးဇူးတော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။'' ဟုဆိုသည်။(ဧဖက်၊ ၁း၆)

''ချစ်စွာသောသားတော်အားဖြင့်ကျွန်ုပ်တို့ကိုလက်ခံသည်'' ၏ဆိုလိုရင်းမှာထင်ရှားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သခင်ယေရှု အားဖြင့် အမြဲတမ်း လက်ခံသည်။ ကျွန်ုပ်တို့အပြစ်လုပ်မိသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်အားဝန်ခံရန်လိုသည်။သို့သော်သနားခြင်းဂရုဏာတော်နှင့် ကျေးဇူးတော်ကိုတောင်းခံရန်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်ခြင်းကိုမူ ကျွန်ုပ်တို့၏အပြစ်များနှင့် လုပ်ဆောင်ရန် ပျက်ကွက်မှုများက မတားဆီးသင့်ပေ။ သမ္မာကျမ်းစာကဟေဗြဲ(၄း၁၆)တွင်''ထိုကြောင့်၊ငါတို့သည်သနားခြင်းဂရုဏာတော်ကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။'' ဟု ဆိုထားသည်။


သခင်ယေရှုကိုယ်တိုင်က ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။


''သခင်ဘုရား၌အစဉ်မပြတ်ဝမ်းမြောက်ရန်''ဘုရားသခင်သည်သူ၏နှုတ်ကပတ် တော်ထဲ၌ကျွန်ုပ်တို့ကိုမိန့်မှာထားသည်။ကျွန်ုပ်တို့၏အခြေအနေမှာမည်သို့ပင်ဖြစ်စေကာမူကျွန်ုပ်တို့သည်သခင်ယေရှုနှင့်သူလုပ်ပေးခဲ့သမျှသောအရာတို့၌ ကျွန်ုပ်တို့အစဉ်မပြတ် ဝမ်းမြောက်နိုင်သည်။ သူသည် ကျွန်ုပ် တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်ဆိုသောအချက်၌ ကျွန်ုပ်တို့အထူးသဖြင့် ဝမ်းမြောက်နိုင်သည်။

သခင်ယေရှုကိုယ်တိုင်ကကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်။ဓမ္မဟောင်းကျမ်းထဲရှိ သူ၏အမည် တစ်ခုမှာ ''ကျွန်ုပ်တို့၏ ဖြောင့်မတ်တော်မူ သော ဘုရားသခင်'' ဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာက ''ထိုမင်း သည် ယေဟောဝါဗဇေဒကနု ဟူသောဘွဲ့နာမရှိလိမ့်မည်''ဟူ၍ (ယေရမိ ၂၃း၆)တွင် ရေးသားထားသည်။

ကျွန်ုပ်တို့အားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့၏လုပ်ဆောင်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းသည် သခင်ယေရှုခရစ်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်၌တည်စေပြီး ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်ဖြစ်သည်။သမ္မာကျမ်းစာက''ထိုဘုရားသခင်အားဖြင့်သင်တို့ သည် ယေရှုခရစ်၌တည်နေကြ၏။ထိုသခင်မူကား၊ဘုရားသခင်စီရင်တော်မူ သည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏''ဟု ၁ကော (၁း၃ဝ)တွင် ဆိုထားသည်။

ဤကျမ်းပိုဒ်ကမည်သူနှင့်ဆိုင်သနည်း။ယုံကြည်သူတိုင်းနှင့်ဆိုင်သည်။ယုံကြည်သူတိုင်းသည် ခရစ်တော်အတွင်း၌ တည်သည်။ ထို့ကြောင့် ''ခရစ်တော်သည် ငါ၏ဖြောင့်မတ်ခြင်းဖြစ်သည်''ဟူ၍ ယုံကြည်သူတိုင်းဆိုနိုင်သည်။



ဘုရားသခင် ကျွန်ုပ်တို့ကို မြင်သလိုမျိုး ကျွန်ုပ်တို့မိမိကိုယ်ကိုမြင်ရမည်


ခရစ်တော်အားဖြင့်ပြီးပြည့်စုံစွာ ဖြောင့်မတ်သောသူများအဖြစ် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမြင်သလိုမျိုးကျွန်ုပ်တို့မိမိကိုယ်ကိုမြင်ရမည်။ ဤပြီးပြည့်စုံသောဖြောင့်မတ်မှုသည်ဘုရားသခင်ကကျွန်ုပ်တို့ကိုပေးသောလက် ဆောင်ဖြစ်သည်။ခရစ်တော်၌တည်သောကြောင့်ရရှိခြင်းဖြစ်သည်။သင်သည်လူဟောင်းမဟုတ်၊ ခရစ်တော်၌ အသစ်သောသတ္တဝါဖြစ်၏။ သမ္မာကျမ်းစာက ''လူမည်သည်ကား၊ ခရစ် တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ၊'' ဟူ၍ ၂ကော ၅း၁၇ တွင်ဆိုထားသည်။

ဘုရားသခင်သည် သူ၏သားတော်ကို ကြည့်သောအခါ ပြီးပြည့်စုံစွာ ဖြောင့်မတ်သောသူအဖြစ် မြင်သလိုမျိုး ကျွန်ုပ်တို့ကိုလည်း မြင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၌တည်ရှိ သောကြောင့်ဖြစ်သည်။

သူ၏အမြင်၌ ဖြောင့်မတ်သောသူများဖြစ်သည်ကို ကျွန်ုပ်တု့သိရှိလျက် နေ့စဉ်နေ့တိုင်း ဘုရား သခင်သည် ကျွန်ုပ်တို့ကို အသက်ရှင်စေ လိုသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်သောကြောင့်ဖြစ်သည်။ ''ငါသည်ခရစ်တော်၌တည်သည်၊ သူသည် ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းဖြစ်သည်'' ဟူ၍ သင်ကိုသင်ခဏခဏပြောပါ။

''ကျွန်ုပ်တို့သည်ခရစ်တော်၌တည်ပြီးသူသည်ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်ဟူသောအမှန်တရားထက် ပိုပြီးအရေးကြီးသောအရာ ကျမ်းစာထဲတွင်မရှိပါ။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလိုက်သောအခါ ဘုရားသခင်က ဤအရာကို ရရှိရန် ကျွန်ုပ်တို့ကိုလုပ်ဆောင်ပေးသည်။ ဤသင်ခန်း စာကို ထပ်ခါတလဲလဲဖတ်ပါ။ သင်သည်ခရစ်တော်၌တည်သည်၊ သူသည် သင်၏ဖြောင့်မတ်ခြင်းဖြစ်သည် ဆိုတာကို ပြသရန်ဘုရားသခင်ထံ တောင်းခံပါ။



ရှာဖွေတွေ့ရှိရသော သမ္မာကျမ်းစာ ရတနာ


ဘုရားသခင်သည်ကျွန်ုပ်ကို ခရစ်တော်၌တည်စေပြီး ခရစ်တော်၏ဖြောင့်မတ်ခြင်း၌ ဘုရားသခင်၏ ရှေ့တော်မှောက် ကျွန်ုပ် ရပ်လျက်ရှိသည်။


မေးခွန်းများ (အဖြေမှန်ရွေးပါ။)


၁။ ကယ်တင်ခြင်း၏ရည်ရွယ်ချက်မှာ ....

(က) ကျွန်ုပ်တို့ကိုပျော်ရွှင်စေရန်။

(ခ ) သန့်ရှင်းသောဘုရားနှင့်မှန်ကန်စွာ မိတ်သဟာယဖွဲ့နိုင်ရန်။

(ဂ ) အသင်းသားကောင်းများ ဖြစ်စေရန်။

၂။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၌ ပျော်ရွှင်ရန်၊ ကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်ခဲ့ပြီဆိုတာ သိရုံမက....

(က) ဘုရားသခင်လက်ခံနိုင်သော ဖြောင့်မတ်ခြင်းတန်ဆာကို ဝတ်ဆင်ထားပြီးဖြစ်ကြောင်းလည်း သိရမည်။

(ခ ) လူများ၏နှစ်သက်လက်ခံမှုကိုရကြောင်းလည်းသိရမည်။

(ဂ ) တရားဟောဆရာ (သို့) ဘုရားသခင်၏ အချိန်ပြည့် အမှုတော်ဆောင်ဖြစ်သွားကြောင်းလည်း သိရမည်။

၃။ ဘုရားသခင်လက်ခံနိုင်သော တစ်ခုတည်းသော ဖြောင့်မတ်ခြင်းမျိုးမှာ ....

(က) အခြားလူအများစုထက် ပိုကောင်းသောဖြောင့်မတ်ခြင်းမျိုးဖြစ်သည်။

(ခ ) ကျွန်ုပ်တို့သိသော အကောင်းဆုံးလူများတွင်ရှိသော ဖြောင့်မတ်ခြင်းမျိုးဖြစ်သည်။

(ဂ ) ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းမျိုးဖြစ်သည်။

၎။ ဘုရားသခင်သည် သူ၏အမြင်၌ ကျွန်ုပ်တို့ကို လုံးဝဖြောင့်မတ်စေသည်။

(က) သာ၍ကောင်းသောသူများဖြစ်လာရန် ပြောင်းလဲစေခြင်းဖြင့်။

(ခ) ခရစ်တော်၌ ကျွန်ုပ်တို့ကို တည်စေခြင်းအားဖြင့်။

(ဂ) ကျွန်ုပ်တို့သိသော အကောင်းဆုံးလူများနှင့်တူအောင် ကူညီပေးခြင်းဖြင့်

၅။ ဤပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းကို .....

(က) သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံချိန်တွင် ရရှိသည်။

(ခ ) အသင်းတော် ဝတ်ပြုစည်းဝေးပွဲများတွင် သစ္စာရှိစွာ ပါဝင်ခြင်းဖြင့် ရရှိသည်။

(ဂ ) အချိန်အတော်ကြာ ကောင်းသောအမှုများကို ပြုလုပ်ခြင်းအားဖြင့် ရရှိသည်။

၆။ ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ခံနိုင်မှုသည် အောက်ပါအရာပေါ်တွင် မူတည်သည်။

(က) ကျွန်ုပ်တို့၏နေ့စဉ်ပြုမူလုပ်ဆောင်မှု။

(ခ ) ကျွန်ုပ်တို့လုပ်သော ကောင်းမှုများ။

(ဂ ) ကျွန်ုပ်တို့၏ ခရစ်တော်၌တည်ရှိမှု။

၇။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်နေချိန်တွင်.....

(က) ကျွန်ုပ်တို့ခရစ်တော်၌တည်သောကြောင့် ကျွန်ုပ်တို့ကို ချစ်တုန်း၊ လက်ခံတုန်းဖြစ်သည်။

(ခ ) သူသည် ကျွန်ုပ်တို့ကို စိတ်ပျက်ပြီး မချစ်တော့ပေ။

(ဂ ) ကျွန်ုပ်တို့ကို စကေားပြောတော့မည်မဟုတ်ပေ။

၈။ ကျွန်ုပ်တို့သည် အပြစ်လုပ်မိသည့်အခါ .....

(က) သနားခြင်းဂရုဏာနှင့် ကျေးဇူးတော်ကို တောင်းရန် ဘုရားသခင်ထံတော်သို့ မချဉ်းကပ်သင့် တော့ပေ။

(ခ ) အပြစ်လုပ်မိခြင်းကို ကာမိစေရန်အတွက် ကောင်းမှုလုပ်သင့်သည်။

(ဂ ) ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ထံ ဝန်ချတောင်းပန်သင့်သည်။

၉။ ဘုရားသခင့်ရှေ့တော်၌ ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းသည် .....

(က) သခင်ယေရှု ခရစ်တော်ဖြစ်သည်။

(ခ ) ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ဆောင်မှုဖြစ်သည်။

(ဂ ) ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သော ကောင်းမှုများဖြစ်သည်။

၁ဝ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာကို အောက်ပါအတိုင်း အသက်ရှင်စေလိုသည်။

(က) သူ၏အမြင်၌ စိတ်ပျက်ဖွယ် အပြစ်သားများ ဖြစ်သည်ကို ကျွန်ုပ်တို့သိပြီး။

(ခ ) သူလက်ခံလာနိုင်အောင် မိမိကိုယ်ကို ပြုလုပ်စေခြင်းဖြင့်။

(ဂ) ခရစ်တော်၌တည်သောကြောင့် ပြီးပြည့်စုံစွာဖြောင့်မတ်သောသူများဖြစ်ကြသည်ကိုသိရှိခြင်းဖြင့်။



ဤသင်ခန်းစာ၌ သင်ယူရရှိခဲ့သော အရေးကြီးဆုံးအရာမှာ မည်သည့်အရာနည်း။


ရဲလင်းထွန်း

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support