HCF

HCF MYANMAR IN SINGAPORE

Wednesday, July 21, 2010

အချင်းချင်း ချစ်ရမည်


Love One another

Practical Christian Living Course

Lesson 21

သော့ချက်ကျမ်းပိုဒ်။

သင်တို့သည် အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ ကိုချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍၊ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရ ကြလိမ့်မည် ဟု မိန့်တော်မူ၏။ (ယော၊ ၁၃း၃၄-၃၅)


သခင်ယေရှုကို မဖမ်းဆီးမီ အမှု့ရင်မဆိုင်မီနှင့် ကားတိုင်၌တင်မသတ်မီအချိန်တွင် သခင်သည် နောက်ဆုံးသောတညတာကို တပည့်တော်များ နှင့်အတူ ကုန်ဆုံးစေခဲ့သည်။ သူသည်တပည့်တော်တို့အား နှစ်သိမ့်ပေးရန်နှင့် ညွှန်ကြားရန် ဤအချိန်ကိုအသုံးပြုခဲ့သည်။ ဤအမိန့်ကိုလည်း တပည့်တော်တို့အား ပေးခဲ့သည်။ ""အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ကြလော့""

သခင်ယေရှုက ""သင်တို့သည် အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ ကိုချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။""ဟု ဆိုခဲ့သည်။ ယော ၁၃း၃၄

ဤအမိန့်ကိုကျမ်းစာထဲရှိ နေရာအတော်များများ၌တွေ့ရသည်။ ၄င်းတို့ထဲမှ အနည်းငယ်မှာ အောက်ပါတို့ဖြစ်ကြသည်။ ""ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။"" ယော ၁၅း၁၂

""အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တပါးကို ကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ ကျင့်ရာရောက်၏။ ဂလာ ၅း၁၄

""သင်တို့သည် ရှေးဦးစွာကပင်ကြားရသော တရားစကားဟူမူကား၊ ငါတို့သည် အချင်းချင်းချစ်ရကြ မည်။"" ၁ယော ၃း၁၁

""ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။"" ၁ယော ၄း၂၁

""အခြားသောအမှုအရာထက်မက အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်း မေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။"" ၁ပေ ၄း၁၈

အချင်းချင်းချစ်ရကြမည်ဟူသော အမိန့်တော်ကို သခင်ယေရှုကိုယ်တိုင်က အထူးအရေးကြီးကြောင်း သတ်မှတ်ခဲ့သည်။ ဤအမိန့်ကို နာခံခြင်း သည် သူ့တပည်တော်များ၏ အမှတ်လက္ခဏာပင် ဖြစ်သည်။ သူက ""သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍၊ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်""ဟု မိန့်တော်မူ၏။(ယော၊ ၁၃း၃၅)


သခင်၏အမိန့်တော်က ဆိုလိုသည်မှာ

အချင်းချင်းချစ်ရကြမည်ဟူသော သခင်ယေရှုအမိန့်တော်၏ဆိုလိုရင်း နှစ်ခုရှိသည်။


(၁) အချင်းချင်းချစ်ခြင်းသည် ရွေးချယ်နိုင်သောအရာတခု မဟုတ်ပါ။

ခရစ်ယာန်အချင်းချင်းချစ်ကြရန် မိန့်မှာထားသည်။ အခြားယုံကြည်သူများကို ချစ်ရမည်လော၊ မချစ်ရမည်လောဟု မေးစရာမေးခွန်းမရှိပါ။ ဤအမိန့်သည် ကျွန်ုပ်တို့သခင်၏အမိန့်ဖြစ်သည်။ အခြား ယုံကြည်သူတဦးကို မချစ်ခြင်းသည် သူ့အား နာမခံခြင်းပင်ဖြစ်သည်။ သခင်ယေရှုက ""သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဤပညတ်တို့ကို ငါပေး၏။""ဟု ဆိုခဲ့သည်။ ယော ၁၅း၁၇


(၂) ""အချင်းချင်းချစ်ရမည်""၏ ဆိုလိုရင်းမှာ ယုံကြည်သူတိုင်းကို ချစ်ရန်ဖြစ်သည်။

အချင်းချင်းချစ်ရကြမည်ဟု ဆိုရာတွင် မိမိနှင့်သဘောသဘာဝအရ ပြေလည်သူ ယုံကြည်သူများကိုသာ ချစ်ရန် မဟုတ်ပါ။ ယုံကြည်သူတိုင်း ကို ချစ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တမန်တော်ယောဟန်က ကျွန်ုပ်တို့အချင်းချင်း ချစ်ကြခြင်းသည် ဒုတိယမွေးခြင်းကို အမှန်တကယ်ခံပြီးကြောင်းကို သက်သေပြသည်။ ယောဟန်က ""ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှအသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ် သိရ ကြ၏။""ဟု ရေးသားခဲ့သည်။ ၁ယော ၃း၁၄


ကွဲပြားခြားနားသော ချစ်ခြင်းမေတ္တာအမျိုးအစားများ

ယုံကြည်သူတစ်ဦး၏ ဘ၀အတွက်ချစ်ခြင်းမေတ္တာသည် အလွန်အရေးကြီးသောကြောင့် သခင်ယေရှုက အချင်းချင်း ချစ်ရကြမည် ဟု ပြောသောအခါ သူဘာကိုဆိုလိုသည်ကို ကြည့်ကြမည်ဖြစ်သည်။

ဂရိဘာသာစကားတွင် ချစ်ခြင်းမေတ္တာ၏ယေဘူယျသဘောကို ဖော်ပြရန် စကားလုံးများစွာရှိသည်။


(၁) အီရောစ် (EROS)

""EROS""ဟူသောစကားလုံးသည် နှစ်သက်ပျော်ရွှင်မှုကိုပေးသော ချစ်ခြင်းမေတ္တာမျိုးကို ဖော်ပြရာ တွင် အသုံးပြုသည်။


(၂) ဖီလ်လီယာ (PHILIA)

""PHILIA""ဆိုသော စကားလုံးသည် ဆွဲဆောင်မှု့ရှိသော ချစ်ခြင်းမေတ္တာကိုဖော်ပြရာတွင် အသုံးပြု သည်။ ရင်းနှီးသော ဆက်ဆံမှုမျိုးတွင် ခံစားရသော နွေးထွေးသည့်အချစ်နှင့် ကြင်နာယုယမှု့မျိုးဖြစ်သည်။


(၃) အဂ္ဂါပေ (AGAPE)

""AGAPE""ဟူသောစကားလုံးကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုဖော်ပြရာတွင် အသုံးပြုသည်။ AGAPE (အဂ္ဂါပေ)ဟူသော ချစ်ခြင်းမေတ္တာမျိုးသည် ဘုရားသခင်က သူ၏ချစ်စွာသော သားတော်အပေါ် တွင်ထားရှိသော မေတ္တာမျိုးဖြစ်သည်။ ယေရှုက သူ့ခမည်းတော်အား ""အိုအဘ ကိုယ်တော်သည် ဤကမ္ဘာ မတည်မရှိမီ ကျွန်ုပ်ကိုချစ်(အဂ္ဂါပေ)၍...""ဟု ပြောခဲ့သည်။

အဂ္ဂါပေမေတ္တာသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ်တွင်ထားသော မေတ္တာမျိုးလည်းဖြစ်သည်။ ကျမ်းစာက ""ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင်၊ လောကီသားတို့ကို ချစ်(အဂ္ဂါပေ)တော်မူ၏။""ဟု ဆိုသည်။ ယော ၃း၁၆

အံ့သြဖွယ်ကောင်းစွာပင် အဂ္ဂါပေချစ်ခြင်းမေတ္တာသည် သခင်ယေရှုက မိန့်မှာထားသော ယုံကြည်သူအချင်းချင်းတို့၌ ထားရှိရမည့် မေတ္တာ မျိုးပင်ဖြစ်သည်။ ယေရှုက "ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ ကို ချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်(အဂ္ဂါပေ)ကြလော့။"ဟု ပြောခဲ့သည်။


အဂ္ဂါပေချစ်ခြင်းမေတ္တာ ဆိုသည်မှာ အဘယ်နည်း။

အဂ္ဂါပေမေတ္တာကို အဓိပ္ပါယ်ဖွင့်ဆိုရန် မလွယ်ကူပါ။ မိမိ၏လုပ်ဆောင်မှု့များအားဖြင့် ဤမေတ္တာကို ပြသနိုင်သည်။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်စဉ်ပင် ဘုရားသခင်သည် သူသားတော်ကို ကျွန်ုပ်တို့ ကိုယ်စားအသေခံစွန့်လွှတ်ခဲ့ခြင်းအမှု့ကို ကြည့်ခြင်းအားဖြင့် အဂ္ဂါပေ ချစ်ခြင်း မေတ္တာကို ထင်ရှားစွာတွေ့မြင် နိုင်သည်။ ကျမ်းစာက ""ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော် မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။""ဟု ဆိုသည်။ ရော ၅း၈ ""ငါတို့သည် ဘုရားသခင် ကို ချစ်ကြသည်မဆို။ ဘုရားသခင်သည် ငါတို့ကို ချစ်၍ ငါတို့ အပြစ်ဖြေစရာအကြောင်း၊ ဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသော အရာ၌ ချစ်ခြင်းမေတ္တာ(အဂ္ဂါပေ)ရှိ၏။

ဤကျမ်းပုဒ်များက အဂ္ဂါပေမေတ္တာသည် မည်သို့သောမေတ္တာမျိုးဖြစ်သည်ကို နားလည်စေသည်။ အဂ္ဂါပေမေတ္တာဆိုသည်မှာ အခြားသူတဦး၏ အထွတ်အထိပ်ကောင်းကျိုးအတွက် မိမိကိုယ်ကိုပေးအပ်၊ စွန့်လွှတ်ပူဇော်သော မေတ္တာမျိုးဖြစ်သည်။ အဂ္ဂါပေချစ်ခြင်းမေတ္တာ၏ အဓိက ကြန်အင် လက္ခဏာ မှာ တကိုယ်ကောင်းဆန်ခြင်း လုံးဝကင်းမဲ့သည်။ မိမိ၏အကျိုးစီးပွားကို မရှာဖွေဘဲ အခြားသူတဦး၏ အကောင်းဆုံး အကျိုးစီးပွားကို အမြဲတမ်း ရှာဖွေသော မေတ္တာမျိုးဖြစ်သည်။

၁ကော အခန်းကြီး(၁၃)ကို ""ချစ်ခြင်းမေတ္တာ၏အခန်းကြီး""ဟုလည်း ခေါ်သည်။ အကြောင်းမှာ ချစ်ခြင်းမေတ္တာသည် မည်သို့ပြုမူ လုပ်ဆောင် သည်ကို ပြောထားသောကြောင့်ဖြစ်သည်။ ""မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ။ ၀ါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်။ မတရားအမှု့၌ ၀မ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌ ၀မ်းမြောက်တတ်၏။ ခပ်သိမ်းသော အရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။"" ၁ကော ၁၃း၎-၇(မှတ်ရန် ၁ကော ၁၃ တွင် သုံးထားသော ထိုဘာသာစကားသည် ""အဂ္ဂါပေ""ဖြစ်သည်။ ""အဂ္ဂါပေ""ကို King James Version ကျမ်းစာက ""ဂရုဏာ""ဟု ဘာသာပြန်ထားသော်လည်း ""ချစ်ခြင်းမေတ္တာ""ဟု ဘာသာပြန်ပါက အကောင်းဆုံးဖြစ်လိ့မ် မည်။


ဘုရားသခင်က ချစ်ခြင်းမေတ္တာကို ပြင်ဆင်ပေးမှု့

သခင်ကအချင်းချင်းချစ်ကြရန် မိန့်မှာထားသောချစ်ခြင်းမေတ္တာမျိုးသည် ကျွန်ုပ်တို့၌မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ မလုပ်နိုင်သော အရာကို လုပ်နိုင်အောင် မပြုလုပ်ပေးဘဲ ဘယ်တော့မှ အမိန့်ပေးမည် မဟုတ်ပါ။

ဘုရားသခင်က ကျွန်ုပ်တို့အချင်းချင်းအဂ္ဂါပေချစ်ခြင်းမေတ္တာမျိုးဖြင့် ချစ်နိုင်အောင် ဘယ်လိုလုပ် ပေးသနည်း။ သူသည် ကျွန်ုပ်တို့အတွင်း၌ တည်ရှိရန် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးခဲ့သည်။ ခမည်းတော်နှင့်သားတော်အတွင်း၌ တည်ရှိသောဝိညာဉ်တော်သည် ယခုတွင် ကျွန်ုပ်တို့အတွင်း၌ လည်း အသက်ရှင်တည်ရှိလျက် ရှိသည်။ ဘုရားသခင်၏ နှလုံးသားအတွင်း၌ရှိသော အဂ္ဂါပေမေတ္တာတော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့၏နှလုံးသားတွင်းသို့ စီးဆင်းလာပြီး ထိုမှတဆင့် အခြားသူများထံသို့ ဆက်လက်စီးဆင်းလျက်ရှိသည်။ ကျမ်းစာက ""အဘယ်ကြောင့်နည်းမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူ၏။"" ဟု ဆိုသည်။ ရော ၅း၅

အဂ္ဂါပေမေတ္တာသည် ကျွန်ုပ်တို့၏ မိမိဘာသာမိမိကြိုးစားအားထုတ်မှု(သို့) ကျွန်ုပ်တို့၏အတွင်းပိုင်း လှုံ့ဆော်မှုတခုခုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ဤမေတ္တာသည် ""၀ိညာဉ်တော်၏အသီး""ဖြစ် သည်။ ကျမ်းစာက ""၀ိညာဉ်တော်၏အကျိုးဟူမူကား၊ ချစ်ခြင်း...ပေတည်း""ဟု ဆိုသည်။ ဂလာတိ ၅း၂၂

ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်ဖြတ်သန်းစီးဆင်းရန် လမ်းကြောင်း (Channel) များ ဖြစ်ရန်အတွက် ဘုရားသခင်ထံ တိုးဝင် အညံ့ခံသောအခါ ဘုရားသခင်၏ မေတ္တာတော်သည် ကျွန်ုပ်တို့ထံ စီးဆင်းလာပြီး ထိုမှတဆင့် အခြားသူများထံ ဆက်လက်စီးဆင်းမည်ဖြစ်သည်။ တစုံတဦးကို ဤသို့ပြော နိုင်သည်။ ""ဘုရားသခင်သည် သင့်အတွက်သူ့ရဲ့ထူးခြားကောင်းမွန်သော မေတ္တာတော်ကို ကျွန်ုပ်အတွင်း၌ ထည့်သွင်း ထားသောကြောင့် ကျွန်ုပ်သင့်ကိုချစ်သည်။"" ဤအဂ္ဂါပေမေတ္တာ၏ တန်ခိုးသည်အလွန်ကြီး သဖြင့် ကျွန်ုပ်တို့၏ရန်သူများကိုပင် ချစ်လာနိုင်စေသည်။

ပထမဦးဆုံး မာတုရသတေဖန်သည် သူ့ကိုကျောက်တုံးဖြင့် ပစ်သတ်ခဲ့သူများအတွက် ဆုတောင်း ပေးနိုင်ခဲ့ခြင်းမှာ အဂ္ဂါပေချစ်ခြင်းမေတ္တာ ကြောင့်သာဖြစ်သည်။


သင်မချစ်သောသူတဦးကို မည်သို့ချစ်လာနိုင်မည်နည်း။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်ဝိညာဉ်၌ အခြားယုံကြည်သူများနှင့် တလုံးတ၀တည်းဖြစ်သော်လည်း ကျွန်ုပ်တို့၏စိတ်နှင့် ပုဂ်္ဂိုလ်ရေးရာတို့မှာမူ အခြားသူများနှင့် လုံးဝကွာခြားသည်။ ကျွန်ုပ်တို့၏ ပုဂ်္ဂိုလ်ရေး မှာတဦးနှင့်တဦးအလွန်ကွာခြားသဖြင့် ကျွန်ုပ်တို့သည် အချို့သောလူများကို နှစ်သက် သဘောကျပြီး အချို့ သောသူများကိုမူ နှစ်သက်သဘောကျခြင်းမရှိပါ။ ဤအရာသည် အပြစ်မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို တဦးနှင့်တဦး မတူညီအောင် ဖန်ဆင်းထားသောကြောင့် ကျွန်ုပ်တို့တွင် မတူညီသောနှစ်သက်မှုများနှင့် မနှစ်သက်မှု့များ ရှိနိုင်သည်။ သခင်ယေရှုက ယုံကြည်သူတိုင်း ကို နှစ်သက်ရမည်ဟု မပြောထားပဲ ချစ်ရမည်ဟုသာပြောထားသည်။ ခရစ်ယာန်တစ်ဦးဦးကို မချစ်လျှင်မူအပြစ်ရှိသည်။ ကျမ်းစာက ""မိမိညီ အစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သော တစုံ တယောက်၌မျှ ထာဝရအသက်မတည်သည်ကို သင့်တို့သိကြ၏။""ဟုဆိုသည်။ ၁ယော ၁၄-၁၅

ယခုအချိန်တွင် ဘုရားသခင်က သင် မချစ်သောသူတစ်ယောက်အကြောင်း သင်ကိုပြောနေပေမည်။ ထိုသူသည် ဆွေမျိုး(သို့) အသင်းဝင်သူ ချင်း (သို့) အခြားတဦးဦးဖြစ်ချင်ဖြစ်လိမ့်မည်။ သင်ကဤသို့ပြော လိမ့်မည်။ ""ထိုသူကို ကျွန်ုပ်ချစ်သင့်တယ်ဆိုတာကို သိပါတယ်။ သို့သော် ချစ်နိုင်အောင် ဘယ်လိုလုပ်ရ မလဲ?"" သင်လုပ်ဆောင်ရမည့် အဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။


အဆင့် ၁။ ကျွန်ုပ်သည် ကျွန်ုပ်၌ချစ်ခြင်းမေတ္တာမရှိခြင်းသည် အပြစ်ဖြစ်သည်ဟု ၀န်ခံရမည်။

ကျွန်ုပ်၏နှလုံးသား၌ ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်း(မချစ်တတ်ခြင်း)သည် အပြစ်ဖြစ်သည်။ ကျွန်ုပ် နှလုံးသား၏သဘောထားသည် မှားယွင်းနေ လျှင်၊ ကျွန်ုပ်သည် ထိုအချက်ကို အသိအမှတ်ပြု၍ အပြစ်တခု အနေဖြင့် ထိုမှားသောသဘောထားကို ဘုရားသခင်ထံ ၀န်ခံတောင်းပန်ရမည်ဖြစ်သည်။ ယေရှုခရစ်တော်၏ အသွေးတော်သည် အပြစ်များကို ၀န်ချပါက ကျွန်ုပ်၏အပြစ်အားလုံးကို ဆေးကြောသန့်စင်စေသော်လည်း အကြောင်းပြချက်ပေး၍ အပြစ်ကို ၀န်မခံလျှင် ဆေးကြောပေးမည် မဟုတ်ပါ။

ထို့နောက်မချစ်တတ်ခြင်း၏အပြစ်မှ ရွေးနှုတ်ခြင်းခံရရန်အတွက် မိမိစိတ်အလိုကို ထိန်းကျောင်း လေ့ကျင့်ပေး၍ ချစ်တတ်သောစိတ်ကို မွေးမြူ ရမည်ဖြစ်သည်။ ကျွန်ုပ်၏စိတ်အလိုကို မလေ့ကျင့်၍ ချစ်တတ်သောစိတ်ကို မမွေးမြူပါက မချစ်တတ်ခြင်း၏အပြစ်မှ ရွေးနှုတ်ခြင်း ဘယ်တော့မှ ခံရမည် မဟုတ်ပါ။


အဆင့် ၂။ ခရစ်တော်၌ ကျွန်ုပ်သည် မချစ်တတ်ခြင်း၏ အပြစ်မှ စုတေ့(သေ)သည်။

ခရစ်တော်၌ ကျွန်ုပ်သည်ထိုအပြစ်မှ စုတေ့သည်ဟူသော အချက်ကိုယုံကြည်စိတ်ချခြင်းအားဖြင့် ကျွန်ုပ်သည် မည်သည့်အပြစ်မှမဆို ရွေးနုတ် ခြင်းခံရနိုင်သည်။ ကျမ်းစာက ""ထိုသို့မှန်လျှင် အဘယ်သို့ ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှာ၊ အပြစ်တရားကို ကျင့်၍ နေရမည် လော။ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သာသူတို့သည် ထိုတရား၌အဘယ်သို့ရှင်ရဦးမည်နည်း။""ဟု ဆိုသည်။ ရော ၆း၁-၂ မည်သည့် ခရစ်ယာန်မှ အပြစ်တရား၌ ဆက်လက်အသက်မရှင်သင့်ပါ။ အကြောင်းမှာ သူသည်ခရစ်တော်၌ အပြစ်တရားမှ စုတေ့သောကြောင့်ဖြစ်သည်။ ခရစ်တော်၌ပင် ကျွန်ုပ်တို့သည် မချစ်တတ်ခြင်း၏အပြစ်မှ စုတေ့သည်။ ဤကျမ်းပုဒ်များကို မိမိအပိုင်ဖြစ်အောင် ပြုလုပ်ကြပါစို့။


ကျွန်ုပ် ဘယ်လို ဆက်အသက်ရှင် ရမည်နည်း။

ကျွန်ုပ် ဘယ်လို ဆက်အသက်ရှင်ရမည်နည်း။ ကျွန်ုပ်သည် ဤသို့သော မချစ်တတ်ခြင်း၏အပြစ်၌ ဆက်လက်ရှင်သန် သင့် သလော။ လုံးဝ မရှင်သန်သင့်ပါ။ ကျွန်ုပ်သည် မချစ်တတ်ခြင်း၏အပြစ်မှ စုတေ့ပြီ ဖြစ်သောကြောင့် နောက်ထပ် ထိုအပြစ်၌ ဆက်လက် အသက်မရှင်သင့်တော့ပါ။ ကျွနုပ် ကျန်ရှိနေသေးသော ဘ၀ တလျှောက်လုံး၌ ထိုမချစ်တတ်ခြင်းအပြစ်၏ ကျွန်အဖြစ်အသက်ရှင်ရမည်လော။ မရှင်ရပါ။ ဘုရားသခင် ၏နှုတ်ကပတ်တော်က ထိုအပြစ်မှ ကျွန်ုပ်သေသည်ဟု ပြောထားသည်။ ကျွန်ုပ်သည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို ယုံကြည်ခြင်းဖြင့် ရှေ့ဆက်လှမ်းရမည်ဖြစ်သည်။


အဆင့် (၃) ။ ထိုလူကို ချစ်ရန်အတွက် ကျွန်ုပ် ရွေးချယ်ဆုံးဖြတ်ရမည်။

ကျွန်ုပ်သည် ကျွန်ုပ်၏ခံစားချက်များကို မထိန်းချုပ်နိုင်သော်လည်း ကျွန်ုပ်၏စိတ်အလိုဆန္ဒကိုမူ ထိန်းချုပ်နိုင်သည်။ ကျွန်ုပ်သည် ထိုသူကို ချစ်သောခံစားချက်မျိုး ရှိလာအောင်မပြုလုပ်နိုင်သော်လည်း၊ ထိုသူကိုချစ်ရန်အတွက် ရွေးချယ်ဆုံးဖြတ်နိုင်သည်။ ကျွန်ုပ်သည် ထိုသို့ရွေးချယ်ဆုံးဖြတ်ပြီး ထိုရွေးချယ်မှု ကိုဆက်လက်ကိုင်ဆွဲထားပါက အချိန်တန်လျှင် ကျွန်ုပ်၏ခံစားချက်များသည် ကျွန်ုပ်စိတ်အလိုဆန္ဒ၏ ရွေးချယ်ခဲ့မှု့အနောက်သို့ လိုက်လာ လိမ့်မည်။ မှတ်မိရမည့်အရေးကြီးသည့်အချက်မှာ ""ကျွန်ုပ်သည် ကျွန်ုပ်စိတ်အလိုဆန္ဒ ၏ဆုံးဖြတ်ချက်ရဲ့ ထိန်းချုပ်ထားမှုကို ခံရပြီး ကျွန်ုပ်ခံစားချက်များ ၏ ထိန်းချုပ်မှုကို မခံရပါ။

သင်က ဤသို့ပြောလိမ့်မည်။ ""အကယ်၍ ထိုလူသာ ကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြန်မတုံ့ပြန်ရင် ရော? သင်သည် ဘယ်လိုပဲဖြစ်ဖြစ် ထိုသူကို ချစ်နိုင်သည်။ ယေရှုက ""ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကိုမုန်းလော့ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့ သည်ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘ၏သားဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကိုချစ်ကြ လော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြု ကြလော့။ သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြ လော့။""ဟု ဆိုသည်။ မဿဲ ၅း၄၃-၄၄


အဆင့် (၄) ။ ကျွန်ုပ်မလုပ်နိုင်သောအရာကို လုပ်နိုင်ရန်အတွက် ဘုရားသခင်ကို ယုံကြည်စိတ်ချ ရမည်။

ရောမ ၇ တွင် ပေါလုက သူသည်မှန်သောအရာကို အလိုရှိ (သို့)ရွေးချယ်လိုသော်လည်း ထိုသို့ လုပ်ရန် မိမိဘာသာမိမိ လုပ်နိုင်စွမ်းမရှိပါ။ ပေါလုသည် ထိုသို့လုပ်နိုင်ရန်အတွက် သူ့အတွင်း၌ရှိသော သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုအားကိုးမည်ဆိုတာကို သင်ယူသိရှိခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်သည် တစုံတဦးကို ချစ်ရန်အတွက် ရွေးချယ် မည်ဖြစ်သော်လည်း မိမိဘာသာမိမိဆိုလျှင် ချစ်နိုင်မည် မဟုတ်ပါ။ ထိုသို့ချစ်နိုင်ရန်အတွက် ကျွန်ုပ်အတွင်း ၌ရှိသော သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုအားကိုးရမည်ဖြစ်သည်။ သူကချစ်နိုင်ရန် ပြုလုပ်ပေးမည်ဖြစ်ပြီး ကျွန်ုပ်က ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ ဘုရားသခင်ကို ဤသို့ပြောရမည် ""သခင်၊ ကျွန်ုပ်သည် ထိုသူကိုချစ်ရန်အတွက် ရွေးချယ်ပါ၏။ မိမိဘာသာမိမိဆိုလျှင်၊ ထိုသို့ချစ်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ချစ်နိုင်ဖို့ ကိုယ်တော်ကို ယုံကြည်အားကိုးပါ၏။""

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်နှင့် သဘောထားချင်းကိုက်ညီသော မည်သည့်ဆုံးဖြတ် ချက်ကိုမဆို အကောင်အထည်ဖော် လုပ်ဆောင်ပေးရန်အတွက် အမြဲတမ်းအဆင်သင့်ရှိနေသည်။ သို့သော် ကျွန်ုပ်တို့က ထိုသို့ဆုံးဖြတ်ချက်ကိုချရန်အတွက် ရွေးချယ်ရမည်။ ကျမ်းစာက ""သင်ကြံစည်သောအကြံ အစည်သည် ထမြောက်၍ သင်သွားရာလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်""ဟု ဆိုသည်။ ယောဘ ၂၂း၂၈


အဆင့် (၅) ။ ကျွန်ုပ်၏နှလုံးသားအတွင်း၌ ထိုသူအတွက် ဆုတောင်းရမည်။

တခါတရံ၌ ကျွန်ုပ်သည် ဘုရားသခင်အား လုပ်ဆောင်ပေးရန်အတွက် တောင်းဆိုပြီးသော်လည်း ဘာမှဖြစ်လာပုံမပေါ်ပါ။ နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။ ထိုသူအတွက် စတင်ဆုတောင်းပေးရမည်။ ဘုရားသခင်က အခြားသူတဦးအပေါ်သို့ ကောင်းချီး သွန်းလောင်းပေးရန်အတွက်၊ ကျွန်ုပ်သည် ရိုးသားစွာဖြင့်အလေးအနက်တောင်းဆိုပါက ဘုရားသခင်သည် ကျွန်ုပ်အားပြောင်းလဲစေရန်အတွက် ကျွန်ုပ်၏ နှလုံး သားအတွင်း၌ အလုပ်လုပ်နေမည်ဖြစ်သည်။


အဆင့် (၆) ။ ထိုသူအပေါ်၌ထားသော ကျွန်ုပ်၏သဘောထားကို ပြောင်းလဲရန်အတွက် အလေးအနက် ထားလုပ်ဆောင်ရမည်။

ကျွန်ုပ်တို့မနှစ်သက်သည့် အခြားယုံကြည်သူတဦးကို ဝေဖန်တက်ခြင်းနှင့် မချစ်ချင်းတို့သည်၊ ဘုရားသခင်၏ထူးခြားကောင်းမွန်သော အစီ အစဉ်ကို မမြင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ် တို့ကို တဦးနှင့်တဦး မတူညီကွဲပြားစေသည်။ သူသည် ကျွန်ုပ်တို့ကို တဦးနှင့်တဦး ကွဲပြား အောင် ဖန်ဆင်းထားသည့် ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့တဦးစီတိုင်းသည် မိမိတို့၏ အတုမရှိသော ကိုယ်ပိုင်ဟန်ဖြင့် ခရစ်တော်၏ဘုန်းတော်ကို ထင်ရှား စေနိုင်ရန်ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကြီးမြတ်သောအစီအစဉ် ကို သိမြင်လာချိန်တွင် ကျွန်ုပ်သည် အခြားယုံကြည်သူများကို အထင်ကြီး၍ ချစ်ခင်လာနိုင်မည်ဖြစ်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်အတွက် အဖိုးထိုက်တန်ပြီး ခရစ်တော်၏ဘုန်းတော်ကို ထူးခြား ကောင်းမွန်၍ အတုမရှိ သောပုံစံမျိုးဖြင့် ကြေငြာမောင်းခေတ်ထင်ရှားစေမည်ဖြစ်သောကြောင့် ဖြစ်သည်။


အဆင့် (၇) ။ ကျွန်ုပ်သည် ထိုသူကိုသွားတွေ့ရန် လိုကောင်းလိုလိမ့်မည်။

ကျွန်ုပ်တို့သည် ထိုသူကို သွားတွေ့၍ သူနှင့်အတူစကားပြောဆိုကြသောအခါ ဘုရားသခင်သည် တခါတရံ အံ့သြဖွယ်အမှုကို လုပ်ဆောင် သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နှလုံးသားအတွင်း၌ ထိုသူ အတွက် ချစ်ခြင်းမေတ္တာကို ကိန်းဝပ်လျက်ရှိသည်ကို အံ့သြစွာဖြင့် သိရှိလာလေ့ရှိသည်။ ယေရှုသည် လက်သေနေသူတစ်ဦးအား လက်ကိုဆန့်စေရန်ပြောခဲ့သည်။ ထိုသူသည် သခင့်စကားကို နာခံခဲ့ သောကြောင့် ဘုရားသခင်၏ တန်ခိုးတော် သည် သူ့အတွင်းသို့ စီးဆင်း၍ သူအရင်ကမလုပ်နိုင်သောအရာ ကို လုပ်နိုင်ခဲ့သည်ကို သူကိုယ်တိုင်သိရှိခံစားခဲ့ရသည်။


အဆင့် (၈) ။ ကျွန်ုပ်သည် သူ့အပေါ်တွင် ကောင်းမွန်စွာပြုမူဆက်ဆံနိုင်ရန်အတွက် အစီအစဉ် ချထားမည်။

သင်သည် တစုံတဦးကို မချစ်တာတောင်မှ အကယ်၍ သင်သာ ထိုသူကိုချစ်ပါက သူ့အတွက် သင်လုပ်ပေးမည့်အရာတို့ကို စဉ်းစား၍ သူ့အတွက်လုပ်ဆောင်ပေးပါ။

သင်သည် တစုံတဦးကိုမချစ်သော်လည်း သူ့ကိုတကယ်ချစ်သလိုမျိုး ပြုမူဆက်ဆံပြီး သူ့အတွက် ကောင်းမွန်သောအရာတို့ကို ပြုလုပ်ပေး မည်ဖြစ်သည်။

သင်က ""ကျွန်ုပ်သာ ထိုသို့ပြုလုပ်ပေးပါက သူတော်ကောင်းယောင်ဆောင်သလို ဖြစ်မနေဘူးလား"" ဟုပြောလိမ့်မည်။ မဖြစ်ပါ။ သင့်အတွင်း၌ ခရစ်တော်၏ အသက်တာနှင့် အပြစ်ရှိသော ဇာတိပကတိ အသက်တာနှစ်ခုရှိသည်။ သင်သည် မည်သည့်အသက်တာကို ဖော်ထုတ်ပြသမလဲဆိုတာကို ရွေးချယ်ရမည်။ သင်သည် ခရစ်တော်၏အသက်တာကို ဖော်ထုတ်ပြသရန် သူ့(ခရစ်တော်)မေတ္တာကို အခြားသူတဦးအား ဖော်ထုတ်ပြသရန်အတွက် ရွေးချယ်ခြင်းသည် သူတော်ကောင်းယောင်ဆောင်ခြင်းမဟုတ်ပါ။

ချစ်ခြင်းမေတ္တာအားဖြင့် ပြုမူလုပ်ဆောင်ရန်အတွက် ချစ်ခြင်းမေတ္တာကို ခံစားရသော ခံစားချက်မျိုး ရှိရန်မလိုပါ။ ခရစ်ယာန်စာရေးဆရာ C.S. Lewis က ""ကျွန်ုပ်တို့အားလုံးအတွက် စည်းမျဉ်းမှာ လိုတိုရှင်း သည်။ သင့်အိမ်နီးချင်းကိုချစ်လား မချစ်လားဆိုတာကို စဉ်းစားနေခြင်းဖြင့် အချိန်ကုန် မခံပါနှင့်။ သူ့ကို တကယ်ချစ်သလိုမျိုး သူနှင့်ပတ်သက်၍ ပြုမူလုပ်ဆောင်ပါ။ ကျွန်ုပ်တို့သည် ဤအရာကို လုပ်သည်နှင့် တပြိုင်နက်၊ ကြီးမြတ်သော လျှို့ဝှက်ချက်များထဲမှ တခုကို သိရှိလာလိမ့်မည်။ ""သင်သည် တစုံတဦးကို မချစ်သော်လည်း တကယ်ချစ်သလိုမျိုး၊ သူ့အပေါ် ပြူမူဆက်ဆံပါက သင်သည်လက်တွေ့ပင် သူ့တို့ကို အမှန်တကယ် ချစ်လာနိုင်မည်။"" (C.S. Lewis. Mere Christianity)


ချစ်ခြင်းမေတ္တာသည် မမြင်နိုင်သောအရာများကို ကျွန်ုပ်တို့အား မြင်နိုင်စေသည်။

လူများသည် မမြင်နိုင်သောဘုရားကို မည်သို့ ""မြင်""နိုင်မည်နည်း။ လူများသည် ဘုရားကို သူ၏ လူများ၌သာမြင်နိုင်မည်ဖြစ်သည်။ တမန်တော်ယောဟန်က ""ဘုရားသခင်ကို အဘယ်သူမျှမမြင်ဘူး၊ သို့သော်လည်း အချင်းချင်း ချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ငါတို့သည် ချစ်ခြင်း မေတ္တာတော်နှင့် ပြည့်စုံလျက်ရှိကြ၏။""ဟု ပြောခဲ့သည်။

ယောဟန်သည် ဘာကိုဆိုလိုခြင်းဖြစ်သနည်း။ သူဆိုလိုသည်မှာ ""မည်သူကမှ ဘုရားသခင်ကို မမြင်ဖူးပါ။ သို့သော် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါက၊ လူများသည် ကျွန်ုပ်တို့အတွင်း၌ ဘုရားသခင်၏ မေတ္တာတော်ကို ကိန်းဝပ်လျက်ရှိသည်ကို သိရှိသွားကြပြီး သူတို့သည် မမြင်နိုင်သော ဘုရားကိုပင် မြင်တွေ့လာနိုင်မည်ဖြစ်သည်။


အဂ္ဂါပေချစ်ခြင်းမေတ္တာသည် မတိုင်းတာနိုင်လောက်အောင် တန်ခိုးကြီးမားသည်။

ရုရှားနိုင်ငံ မေရီ ဆိုသောမိန်းကလေးသည် ယေရှုခရစ်တော်ကို သက်ဝင်ယုံကြည်ခြင်းကြောင့် ထောင်သွင်းအကျဉ်းချခြင်းခံရသည်။ ဤအဖြစ်အပျက်သည် အဂ္ဂါပေချစ်ခြင်းမေတ္တာတန်ခိုးကြီးမားပုံကို ပြသည်။ သူမ၏ထောင်အခန်းလေးထဲမှ ဤသို့ရေးခဲ့သည်။

ဂျူးလူမျိုးများသည် ဘုရားမဲ့သောတပါးအမျိုးသားတိုင်းပြည်တွင် နေထိုင်ခဲ့ရသကဲ့သို့ ယခု ကျွန်မ လည်း ဘုရားမဲ့သောလူ့အဖွဲ့အစည်းတွင် နေထိုင်နေရသည်။ ၄င်းတို့ထဲမှ တဦးသည် ကျွန်မကို နှစ်သက် စွဲမက်လာခဲ့သည်။ သူမက ""ရှင်ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်မ နားမလည်နိုင် တော့ ဘူး။ ဒီကလူတွေများစွာက ရှင့်ကိုစော်ကားကဲ့ရဲ့တာတောင်မှ ရှင်သူတို့အားလုံးကို ချစ်နိုင်သေးတယ်။""ဟု ပြောခဲ့ သည်။ အရင်က သူမသည် ကျွန်မကို ဒုက္ခဝေဒနာများ ခံစားစေခဲ့သော်လည်း ကျွန်မသည် သူ့အတွက် လေးနက်စွာ ဆုတောင်းပေးခဲ့သည်။ နောက်တကြိမ်တွင် သူမက သူမကို ကျွန်မ ချစ်နိုင်မလားဟု မေးခဲ့ သည်။ ကျွန်မသည် ကျွန်မ၏လက်ကို သူမထံသို့ ဆန့်တန်းထားလိုက်ပြီး ကျွန်မတို့နှစ်ယောက် အတူတူ ဖက်၍ ငိုကြွေးခဲ့ကြသည်။ ယခုတွင်မူ ကျွန်မတို့အတူတူ ဆုတောင်းကြသည်။ .... သူမ၏နာမည်မှာ ဘာဘရာဖြစ်သည်။

ဘာဘရာသည် ခရစ်တော်ကို သူမ၏ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပြီး ခရစ်တော်၌ ထားရှိသော သူမ၏ယုံကြည်ခြင်းကို အခြားသူတို့ရှေ့တွင် ရဲဝံ့စွာ သက်သေခံခဲ့သည်။ သူမ၏ကြောက်ရွံ့ခြင်း ကင်းမဲ့ သော သက်သေခံခြင်းကြောင့် သူမသည် ရိုက်နှက်ခံရပြီး အကျဉ်းချခံခဲ့ရသည်။ မနေ့က ကျွန်မ၏ ချစ်စွာ သော ဘာဘရာကို သူမ၏ ထောင်ခန်းထဲတွင် ပထမဆုံးအကြိမ် ပြန်တွေ့ခဲ့သည်။ သူမသည် အလွန်ပိန်၍ ဖြူဖက်ဖြူရော်ဖြစ်နေပြီး ရိုက်နှက်ထားသောဒဏ်ရာများလည်း သူမ၏၌တွေ့ရသည်။ သူမနှင့်ပတ်သက်၍ တောက်ပမှုရှိသောအရာများမှာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ဝမ်းမြောက် ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိသော သူမ၏မျက်စိများပင်ဖြစ်သည်။ ကျွန်မက သူမကို ဘားတန်းအပြင်မှ ဤသို့မေးလိုက်သည်။ ""ဘာဘရာ၊ ရှင်လုပ်ခဲ့တဲ့ အရာအတွက် ရှင်နောင်တမရဘူးလား"" သူမက ""မရပါဘူး""ဟု ခိုင်ခိုင်မာမာပြန်ဖြေသည်။ ""အကယ်၍ သူတို့ကျွန်မကို ထောင်ကလွှတ်လိုက်ရင်၊ ကျွန်မရဲ့ ရဲဘော်တွေဆီသွားပြီး အံ့သြဖွယ်ခရစ်တော်၏ အံ့သြဖွယ်မေတ္တာတော်အကြောင်းကိုဆက်ပြီး ပြောပြသက်သေခံဦးမှာပါ။ သခင်က ကျွန်မကို အရမ်းချစ်ပြီး သူ့အတွက်ဝေဒနာခံစားပေးဖို့ ထိုက်တန်သူတဦးလို့ ကျွန်မကို သတ်မှတ်ပေးသည့်အတွက် ကျွန်မ၀မ်းသာပါတယ်"" ဟုပြောခဲ့သည်။

ရှာဖွေ့တွေ့ရှိသော ရတနာ

ဘုရားသခင်သည် သူ၏အံ့ဘွယ်ချစ်ခြင်းမေတ္တာတော်ကို ကျွန်ုပ်၌ထည့်ပေးခြင်းကြောင့် အခြားသူများကို ကျွန်ုပ် ချစ်မေတ္တာ ရှိနိုင်သည်။


မှန်/မှား

၁။ ကျွန်ုပ်တို့သည် အချင်းချင်းချစ်ရကြမည်ဟူသော သခင်ယေရှု၏အမိန့်တော်သည် ချစ်မည်လား၊ မချစ်မည်လားဟု ရွေးချယ်မှုမပြုလုပ်နိုင်သော အမိန့်တော်မျိုးဖြစ်သည်။

၂။ "အချင်းချင်း ချစ်ရကြမည်"ဟုဆိုရာတွင်သဘာဝအရ မိမိသဘောကျနှစ်သက်သော ယုံကြည်သူများ ကိုသာ ချစ်ကြရန် ဆိုလိုသည်။

၃။ ဘုရားသခင်က ကျွန်ုပ်တို့အချင်းချင်း အဂ္ဂါပေမေတ္တာမျိုးဖြင့် ချစ်နိုင်ရန်အတွက် ကျွန်ုပ်တို့အတွင်း ၌ တည်ရှိရန် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးခဲ့သည်။

၎။ တစုံတဦးအပေါ်တွင် ထားရှိသော ကျွန်ုပ်၏ခံစားချက်ကို ကျွန်ုပ်မထိန်းချုပ်နိုင်သောကြောင့် ထိုသူကို ချစ်ရန်အတွက် ကျွန်ုပ်၏အလိုဆန္ဒကို မထိန်းချုပ် နိုင်ပါ။

၅။ ကျွန်ုပ်သည် အခြားသူများကို ချစ်နိုင်ခြင်းမှာ ဘုရားသခင်သည် သူ၏အံ့သြဖွယ်ကောင်းမွန်သော မေတ္တာတော်ကို ကျွန်ုပ်နှလုံးသားအတွင်းသို့ ထည့် ထားသောကြောင့်ဖြစ်သည်။

၆။ အဂ္ဂါပေချစ်ခြင်းမေတ္တာ၏ အဓိကကြန်အင်လက္ခဏာမှာ တကိုယ်ကောင်းဆန်ခြင်းဖြစ်သည်။

၇။ တစုံတဦးကို မချစ်ခြင်းသည် အပြစ်ဖြစ်သည်။

၈။ "အကယ်၍ သင်သည်တစုံတဦးကို မချစ်လျှင်တောင်မှ၊ အကယ်၍ သင်သာသူ့ကိုချစ်ခဲ့လျှင်ဟုတွေး ၍ သူ့ အတွက် ကောင်းမွန်သောအရာ တို့ကို လုပ်ဆောင်ပေးပါ။" ဤအချက်သည် မှန်ကန်သလော (သို့) သူတော်ကောင်းယောင်ဆောင်ထားခြင်းလော?

၉။ ဘုရားသခင်သည် သူကကျွန်ုပ်တို့ကို အဂ္ဂါပေချစ်ခြင်းမေတ္တာဖြင့် ချစ်သလိုမျိုး၊ ကျွန်ုပ်တို့ အချင်းချင်းကိုလည်း ထိုမေတ္တာမျိုးဖြင့် ချစ်စေလိုသည်။

၁၀။ ပထမဦးဆုံး မာတုရမှာ ပေတရုဖြစ်သည်။


ရဲလင်းထွန်း (အင်းစိန်)


Share:

Tuesday, July 20, 2010

ယုံကည်သူများ၏ ရန်သူများ


သင်ခန်း စာ (၂၄)

ယုံကြည်သူများ၏ ရန်သူများ


ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရှိသွားကြပြီ။ ခရစ်ယာန်အသက်တာလည်းလျှောက် လှမ်းနေပြီ။ သို့သော်ထင်မှတ်သလောက် ခရီးမပေါက်ရောက်ဘဲ အနှောင့်အယှက်များရှိကာ အသက်တာ၌ ပျော်ရွှင်ဝမ်း မြောက်သင့်သလောက် မ၀မ်းမြောက်။ လုပ်ဆောင်သင့်သ လောက်မလုပ် ဆောင် နိင်။ ထိုမျှသာမက ဘုရားတရားဘက်၌ စိတ်မ၀င်စားတော့ဘဲ အသက်တာ၏ ခမ်းခြောက်မှုကို ခံစားနိင်သည်။ ထိုအချိန်တွင် အခြားယုံကြည်သူများနှင့်လည်း မတွေ့ ချင်။ မိဿဟာရလည်းမဖွဲ့ လို၊ ကျမ်းစာလည်းမဖတ်၊ ဆုလည်း မတောင်း၊ ဘုရားကျောင်းလည်းမတက်ချင်၊ တက်လျှင်လည်း အားရမှုမရှိ၊ သြတပစိတ်ကျေဘို့ လောက်သာတက်သည်။ ထိုအချင်းအရာများသည် ယုံကြည်သူများ၌အနည်း အများဖြစ်တတ်သော အရာများဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းအကြောင် ရင်း များသည် ယုံကြည်သူများ၌ ရန်သူ၏ တိုက်ခိုက်ခြင်းခံရ သောကြောင့်ဖြစ်သည်။

ရန်သူသုံးမျိုး

ယုံကြည်သူများ၌ ရန်သူသုံးမျိုး ရှိသည်။ ယင်းတို့ မှာစာတန် မာရ်နတ်၊ လောက နှင့် ဇာတိတို့ ဖြစ်သည်။ ထိုရန်သူများ အကြောင်း ကို လေ့လာ၍ မည်ကဲ့သို့ တော်လှန်တိုက်ခိုက်မည်ကို လေ့လာကြစို့ ။

စာတန်မာရ်နတ်

ပဌမဦးစွာ ယုံကြည်သူများ၏ ဘုံရန်သူဖြစ်သော စာတန်မာရ်နတ် အကြောင်းကိုလေ့လာကြစို့။မြန်မာစကားပုံ၌ ကုလားမနိင် ရခိုင်မဲ ဆိုသလို စာတန်သည် ဘုရားမနိင်သောအခါ ဘုရားသခင်၏အချစ်ဆုံးလူကို မဲလာသည်။ ပဌမဦးဆုံးသူ၏ဖျက်ဆီးခြင်းအလုပ်ကို အာဒံနှင့်ဧ၀ တို့ ထံ၌တွေ့ နိင်သည်။ သူသည် အာဒံ နှင့်ဧ၀ကို မသတ်နိင်သော်လည်း ဘုရားသခင်ထံတော်မှ လမ်းလွဲသွာရန် လုပ်ဆောင် ခဲ့ကြောင်းတွေ့ ရသည်။

စာတန်၏ ရည်ရွယ်ချက်

သူ၏ အဓိကရည်ရွယ်ချက်နှင့် အလုပ်မှာ လူသားများကို ဘုရားသခင်ထံ မရောက်ဘို့ရန် ထာဝရမီးအိုင်ထဲသို့သူနှင့်အတူ ဆင်းရဲခံစေခြင်းငှာ ဖျားယောင်း သွေးဆောင်ဘို့ ဖြစ်သည်။ လူများကိုဘုရားသခင်ထံမှခွါပြီး ဘုရားသခင်နှင့်ဝေး နိင်သမျှ ဝေးသွားအောင် လုပ်ဆောင်လိုသည်။ လူများကိုဖျက် ဆီးလိုသည်။ သခင်ယေရှုက-သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာ တတ်၏-ဟုဆိုသည်(ယော၊၁၀း၁၀)။ ဤနေရာ၌ သူခိုးသည် စာတန်ကို ဆိုလိုခြင်းဖြစ်သည်။ စာတန်သည် လူသားများဘုရားသခင်နှင့် ဆက်သွယ်၍ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို မမြင်လို။ ထို့ကြောင့် ကယ်တင်ခြင်း သို့မရောက်သေးသောသူများကို ကယ်တင်ခြင်း အကြောင်း ကြားရလေအောင် သူတို့၏ နားများကို ပိတ်၍ သူတို့၏ မျက်စိများကိုလည်း ဖုံးထားသည်။

ရှင်ပေါလုက- ထိုသို့မယုံကြည်သောသူတို့မူကား ဘုရားသခင်၏ ပုံသဏ္ဍာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧ၀ံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏-ဟုဆိုသည်(၂ကော၊၄း၎)။

ခရစ်တော်၏ ဧ၀ံဂေလိတရားသည် လူများကို ကယ်တင်နိုင်သော တန်ခိုး ရှိသည်(၁ကော၊၁း၁၈)။ လူသည် ထိုတရားစကားကို ကြားလျှင် ကယ်တင်ခြင်းသို့ ရောက်သွားနိုင်သည်။ ထို့ကြောင့်စာတန်သည် တတ်နိုင်သမျှ လူများကို ထိုသတင်း စကားကို မကြားနိုင်အောင် သူတို့၏ နားကို ပိတ်၊ မျက်စိကိုဖုံးစေသည်။ ထိုသို့ လူများကို မျက်စိဖုံး နားပိတ်ဘို့ရန် အသုံးပြုသော လက်နက်များမှာ လောက ပစ်္စည်းများ တပ်မက်စေခြင်း၊ ရာထူးဂုဏ်ထူးများအားဖြင့် လှည့်ဖျားခြင်း၊ ပျော်ပွဲ ရွှင်ပွဲများအားဖြင့် ဆွဲဆောင်ခြင်း၊ ငွေကိုတပ်မက်၍ ငွေနောက် တကောက်ကောက် ပါအောင်လိုက်စေခြင်း၊ လွဲမှားသော ဘာသာရေးများ ဆွဲလမ်းစေခြင်း၊ နာမည်ခံ ခရစ်ယာန်ဘ၀နှင့် ကျေနပ်စေခြင်း၊ ခရစ်တော်နှင့် သမ္မာတရားထက် ဂိုဏ်းဂဏကို ပို၍အဓိကထားစေခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုများ လိုက်စာခြင်းအားဖြင့် ဘုရားသခင်ထံမှ ဝေးသွားအောင် ဆွဲဆောင်သည်။ လမ်းလွဲ စေသည်။

ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများလည်း သူ့လက်မှ လွတ်သွားသော် လည်း လက်မလျော့ဘဲ ဘုရားဖက်၌ စိတ်အားမ ကြီးနိုင်ရန်သော်၎င်း၊ အခြားသူများ ခရစ်တော်ထံသို့ မဆွဲဆောင်နိုင်ရန် အားလျော့ဘို့ရန် တတ်နိုင်သမျှ အားထုတ်လျက် အနှောင့်အယှက် ပေးနေသည်။ ဤအကြောင်းအရာနှင့် ပတ်သက် ၍ ယောဘ၏ အသက်တာ၌ စာတန်၏ လုပ်ဆောင်ချက်ကို တွေ့နိုင် သည်။ ဘုရားသခင်ကို ယုံကြည်၍ ဖြောင့်မတ်ခြင်းကို လိုက်စား သော ယောဘကို ဖျက်စီး ဘို့ရန် စာတန်သည် ဘုရားသခင်ထံ၌ တောင်းဆို ခဲ့သည် (ယောဘ၊၁)တမန်တော် ပေတရုအားဖြင့်လည်း သခင်ယေရှုသည် သေခြင်းကို ရှောင်ကွင်းရန် အကြံပေး ခဲ့သည် (မ၊၁၆း၂၃)။ သခင်ယေရှု ကိုယ်တိုင်ပင်လျှင် ရက်ပေါင်းလေးဆယ် အစာရှောင်၍ ခန်္ဓာကိုယ်အားနည်းချိန်တွင် သုံးကြိမ် အပြစ်လုပ်ဘို့  သွေးဆောင် ခဲ့သည် ( မ၊၄)။ အကယ်၍သခင်ယေရှုက စာတန်၏ သွေး ဆောင်မှုကို မငြင်းပယ်နိင်ခဲ့လျှင် သူသည် စာတန်လက်အောက်၌ကျရောက်၍ လူသားများကို ကယ်တင်နိင်မည် မဟုတ်ပေ။

စာတန်၏လူများ

ယုံကြည်သူများသည်ဘုရားသားများဖြစ်သကဲ့သို့ မယုံကြည်သူများသည် စာတန်၏သားများဖြစ်ကြသည်၊ သခင်ယေရှုက ယခုလူတို့ အား -သင်တို့ သည်သင်တို့ အဘ တည်း ဟူ သော မာရ်နတ်မှဆင်းသက်ကြ၏- (ယော ၈း၄၄)ဟုဆိုခဲ့သည်။ တမန်တော် ယောဟန်ကလည်း-ငါတို့ သည်ဘုရား သခင် နှင့်စပ်ဆိုင်သည်ကို၎င်း။ လောကီသားအပေါင်းတို့ သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်း ငါတို့ သိကြ၏= ဟုဆို သည် (၁ ယော၊ ၅း၁၉)။ ထို့ ကြောင့်ယုံကြည်သူများသည် လောကီသားများနှင့်ပေါင်းဖေါ်သောအခါ သမ်္မာ သတိရှိဘို့  လိုသည်။ မယုံကြည်သူများနှင့်မညီသောထမ်းဘိုးကို မထမ်းဘို့ ရှင်ပေါလုကသတိပေးခဲ့သည် (၂ ကော ၆း၁၄)။ ထိုသတိပေးချက်ကို ဂရုမစိုက်ဘဲ မယုံကြည်သူများနှင့် တွဲသောသူများသည် ပြဿနာပေါင်းစုံတွေ့ကာ ၀ိညာဉ် ရေးရာ၌ ကျဆင်း၍ ဘုရားဖက်၌ အားနည်း တတ်ကြသည်။


စာတန်အသင်းတော်

စာတန်သည်ဘုရားသခင်ကိုအမြဲ တိုက်ခိုက်အံတုချင်သည့်အတိုင်း ဘုရားလုပ်သမျှကိုလုပ်လိုသည်။ ဘုရားသခင်၏ အသင်းတော် ရှိသကဲ့သို့ သူ၌လည်း အသင်းတော်ရှိသည်။ အစပိုင်း၌ အသင်းတော်ကို တတ်နိင်သမျှ တိုက်ခိုက် ဖျက်စီးသည်။ ရှောလုကိုလည်းအသုံးပြု၍ အသင်းတော်ကို ဖျက်စီးခဲ့သည်။ သို့သော်အသင်းတော်သည် မပျက်စီးသည်သာမက ပို၍ပို၍ အားကြီး လာသော အခါ စာတန်သည်သူ၏ နည်းဗြူဟာကို ပြောင်းလိုက်သည်။ အဘယ်သို့ ပြောင်းသနည်းဟူမူကား၊ အသင်းတော်ကိုမတိုက်ခိုက်တော့ဘဲ အသင်းတော်အထဲမှ အလုပ်လုပ်သည်။ အသင်းသားများသမ်္မာတရားလမ်းမှ လွဲသွား အောင်သွန်သင် သည်။ ထို့ ကြောင့်များစွာသော အသင်းတော်များသည် အပြင်ပန်းအားဖြင့် ဘုရားသခင်၏အသင်းတော်များဟု ထင်မှတ်ရသော်လည်းအတွင်း၌ စာတန်၏ အသင်းတော်များဖြစ်နေသည်။

စာတန်၏အသင်းတော်ဟုတ် မဟုတ်မည်ကဲ့သို့ သိနိင် မည်နည်းဟူမူကား၊ ကယ်တင်ခြင်းအကြောင်းမပြော၊ ပြောသော သူကို လည်းမုန်း၍ တားဆီးလျှင် စာတန်၏ အသင်းတော် ဖြစ်သည်။ ထိုသို့ သောအသင်းတော်များ၌ ကျမ်းစာကို အဓိက မထား၊ လူ့  ပညာ အတွေးအခေါ်များကို ဦးစားပေးကာ ဟောပြောကြ သည်။ ဘုရား၏အလိုတော်ဆောင်ဘို့ ထက် လူမှုရေး ပညာရေး နိင်ငံရေး လူမျိုးရေး များကိုဦးစားပေးကြသည်။ ၀ိညာဉ်ရေးရာထက် ကိုယ်ကာယပိုင်း၊ ပျော်ရွင်ဘို့ ဦးစားပေး သည်။ သမ္မာတရားဟောပြောသောသူများကို မုန်းသည်။ ထိုသို့သော အသင်းတော်များသည် ဟန်ရှိသော်လည်း ဘုရားသခင်၏အသိအမှတ်ပြုသော အသင်းတော်များမဟုတ်ချေ။

စာတန်ကျမ်းစာကျောင်း

စာတန်၌ အသင်းတော်သာမက ကျမ်းစာကျောင်းများလည်းရှိသည်။ ထိုကျမ်းစာကျောင်းများ၌ ကျမ်းစာယုံကြည်ဘို့  သင်ပေး သည်ထက် သံသယရှိဘို့ သင်ပေးသည်။ ကျမ်းစာ ထက် လူ့ အတွေးအခေါ်များကိုသင်ပေးသည်။ ထိုကျမ်းစာ ကျောင်းများ၌ တက်သည် ထက် မတက်လျှင်သာ၍ကောင်းသည် အဘယ့်ကြောင့် ဆိုသော် ယုံကြည်ခြင်းကိုပျောက်စေ၍ ဘုရားသခင်နှင့်နီးစေသည်ထက် သာ၍ ဝေးစေသည်။


စာတန်၏ လက်နက်များ

စာတန်၏ အဓိကလက်နက်မှာ လိမ်လည်လှည့်ဖျားမှုဖြစ်သည်။ ထိုလက် နက် ဖြင့်လူသားအားလုံး၏ မိခင်ဖြစ်သော ဧ၀ကို ဖျက်စီးခဲ့သည်။ စာတန် သည် ဧ၀ကို ကောင်းမကောင်း သိကျွမ်းရာအသီးကိုစားခိုင်းသည်မဟုတ်။ သို့ သော်စားချင် လာအောင် လိမ်လည်ခဲ့သည်။ ဧ၀သည်အဘယ်ကြောင့် လိမ်လည်မှုကို ခံသနည်း ဟူမူကား ဘုရားသခင်၏စကားကို မယုံကြည် သောကြောင့်ဖြစ်သည်။

စာတန်သည်လူတိုင်းကိုလိမ်လည်လှည့်ဖျားသည်သာမက သခင်ယေရှု ကိုပင်လှည့်ဖျားခဲ့သည်။ စာတန်သည် သခင် ယေရှုကို အစာအားဖြင့် ၄င်း၊ လောက ဘုန်းစည်းစိမ်အားဖြင့်၎င်း၊ တန်ခိုးပြ၍၀ါကြွားဘို့ ရန်၎င်း ဖျားယောင်း ခဲ့သည် (မဿဲ၊ ၄း၁-၁၁)။ သခင်ယေရှုသည် စာတန်၏ လှည့်ဖျားမှုကို ဘုရားသခင်၏ နှုတ်ကပတ် တော်အားဖြင့် အောင်မြင်ခဲ့သည်။ ထို့ နည်းတူ ယုံကြည်သူများလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလေးအနက် ထားကာ အသုံးပြုဘို့ လိုသည်။

စာတန်ကိုအောင်နိင်သောလက်နက်

စာတန်သည်အသွေးအသားရှိသည်မဟုတ်။ ထိုကြောင့် အသွေးအသား လက်နက်များဖြင့် တိုက်ခိုက်၍မရချေ။ ရှင်ပေါလုက- ညီအစ်ကိုတို့  သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့် ခြင်း ရှိကြလော့။ မာရ်နတ်၏ပရိယာယ်တို့ ကို ဆီးတားနိင်မည့်အကြောင်း ဘုရားသခင်ပြင် ဆင်တော်မူသော လက်နက်စုံတို့ကို ၀တ်ဆောင် ကြလော့။ အ ကြောင်းမူကား ငါတို့ သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ကြသည် မဟုတ်။ အထွဋ်အမြတ်တို့ နှင့်၎င်း၊ အာဏာစက်တို့ နှင့် ၄င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့ နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုး တို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက် လှန် ရကြသည်-ဟုဆိုသည် (ဧဖက် ၆း၁၀-၁၂)။ ထိုသို့စာတန်သည် ဇာတိ လက်နက်ဖြင့် တိုက်၍မရကြောင်း သိခြင်းသည် အောင်မြင်ခြင်း၏အစ ဖြစ်သည်။စည်းကမ်းရှိခြင်း၊ စည်းလုံး ညီညွတ်ခြင်း၊ ကြိုးစားအားထုတ်ခြင်း ကိုယ်ကာယ ခွန်အားစိုက်ထုတ်ခြင်း၊ ငွေကျေးအသုံးပြုခြင်း၊ ပညာကို အသုံးပြုခြင်းတို့ သည် ကောင်းသော်လည်း ထိုအရာ များဖြင့် စာတန်ကို မနိင်နိင်ပါ။ ထိုကြောင့်ဘုရား ပြင်ဆင်ပေးသော လက်နက်များကို အသုံးပြုရမည်။


ဘုရားပြင်ဆင်ပေးသောလက်နက်များ

ဘုရားသခင်သည်သူ၏သားသမီးများအတွက် အောက်ပါလက်နက်များကို တပ်ဆင်ပေးသည်၊ ထိုလက်နက်များကိုအသုံးပြုရမည်။

သစ္စာ (သမ္မာတရား) တည်းဟူသော ခါးပန်း

ခါးပန်းသည်ခါးကို တင်းကျပ်စေသည်။ ထို့ အပြင်ဓါး ကိုလည်း ခါပန်း၌ချိတ် ထားရသည်။ စစ်သားတယောက်၏ လိုအပ်သော လက်နက် တခုဖြစ်သည်။ ထို့နည်းတူ ယုံကြည်သူ၏ သစ်္စာတည်းဟူသော သမ်္မာတရား မသိမရှိလျှင် စာတန်၏ အလွယ်တကူ အောင်နိင်ခြင်း ကို ခံရမှာဖြစ်သည်။

ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ

ရင်အုပ်တန်ဆာသည်ရန်သူထိုးမည့်ခုတ်မည့်အရာကို ကာထားသည်။ ရင်အုပ်သည်ရန်သူ၏ အဓိကပစ်မှတ်ဖြစ်သည်။ ရင်အုပ် မကာ ထားပါက ရန်သူ အတွက်အကွက်ကောင်းဖြစ်သည်။ ထို့ နည်းတူ ယုံကြည်သူတယောက် ဘုရား ပေးထားသော ဖြောင့်မတ်ခြင်းနှင့် သန့် ရှင်းသော ၀ိညာဉ်တော်အုပ်စိုး ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းမရှိပါက ရန်သူလက်ထဲ၌ရှုံးရန်လွယ်ကူသည်။

ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧ၀ံဂေလိတရားကို ဟောပြောအံ့သောငှါ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်

ခြေစွပ်သည်လမ်းလျှောက်ဘို့ ရန် အလွန်အရေးကြီးသည်။ ခြေစွပ် မရှိပါကမည်သို့မျှရန်သူကို တိုက်ခိုက်နိင်မည် မဟုတ်။ ထိုအရာ သည် ဧ၀ံဂေလိ တရားကို ဟောပြောဘို့ ရန် အဆင်သင့် ရှိခြင်းကိုဆိုလိုသည်။ ဧ၀ံဂေလိတရားကို နေရာမရွေး အချိန်မရွေး ပြောနိင်ရမည်။

မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိင်သော ယုံကြည် ခြင်းတည်းဟူသော လွှား

လွှားသည်ရန်သူ့ထား၊ လှံများအားလုံးကိုကာကွယ်သောအရာ ဖြစ်သည်။ ထိုနည်းတူရန်သူတည်းဟူသောစာတန်ပစ်ခတ်သော မီးစက်လက်နက်များ တည်းဟူသော စာတန်သားသမီးများ၏ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း၊ အထင်အမြင်သေးခြင်းများကို ဘုရားသခင်အပေါ် ယုံကြည်ခြင်းအားဖြင့် အောင်မြင်နိင်သည်။

ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး

သံခမောက်လုံးသည် ဦးခေါင်းလုံခြုံရေးအတွက် အလွန်အရေး ကြီးသည်။ ထိုနည်းတူ ဘုရားပေးထားသော ကယ်တင်ခြင်း မရှိလျှင် မည်သို့ မျှ စာတန်ကို တိုက်ခိုက်နိင်မည်မဟုတ်။ ဤကယ်တင်ခြင်းသည် နေ့ စဉ်အသက် တာ၌ ဘုရား သခင်၏ကွယ်ကာ မစမှု လည်းဆိုလိုသည်။

ဘုရားသင်၏နှုတ်ကပတ်တော်တည်းဟူသော ၀ိညာဉ်တော်ထား

ဖေါ်ပြခဲ့ပြီးသောလက်နက်များသည် ခံစစ်လက်နက်များဖြစ်သည်။ ထိုလက်နက်များသည် အလွန်အရေးကြီးသော်လည်း ရန်သူကို ထိုလက်နက်များ အားဖြင့် မတိုက်ခိုက်နိင်သောကြောင့် ရန်သူသည် ကြောက်လန့် လိမ့်မည်မဟုတ်။ သို့ ဖြစ်၍ရန်သူကို တိုက်ခိုက်ဘို့ ရန် ၀ိညာဉ်တော် ထားတည်းဟူသော နှုတ်ကပတ် တော်ကိုအသုံးပြုရမည်။ စာတန်နှင့်သူ၏ လူများသည် လူ၏အတွေး အခေါ်၊ အပြော ကောင်းခြင်းများကို မမှုချေ။ ဘုရား သခင်၏ နှုတ်ထွက်စကား များကိုသာ ကြောက်ရွံ့ သည်။ အကြောင်းမှာ နှုတ်ကပတ်တော်သည် သန်လျက်တကာတို့ ထက် ထက် သည် (ဟေဗြဲ ၄း၁၂)။ ထို့  ကြောင့် နှုတ်ကပတ် တော်ကို အလွတ်ကျက်ရမည်။ ကောင်းစွာ အဓိပ်္ပါယ် နားလည်၍အသုံးပြုရမည်။



သင်ခန်းစာ (၂၄) မေးခွန်းများ


၁။ ယုံကြည်သူများ၌ ရန်သူဘယ်နှစ်မျိုးရှိသနည်း။ အားလုံး ဖေါ်ပြပါ။

-----------------------------------------------------------------

၂။ စာတန်၏ ရည်ရွယ်ချက်သည်အဘယ်အရာနည်း။------------------------------------------------------------------------------------

၃။ စာတန်သည်ကယ်တင်ခြင်းသို့ မရောက်သောသူများ၏-------------များကို ---------------၍သူတို့၏------------များကိုလည်း---------------------------ထားသည်။

၎။ လူများကယ်တင်ခြင်းသို့ မရောက်နိင်အောင် အသုံးပြုသော စာတန်၏ လက်နက်များကို ဖေါ်ပြပါ။---------------------------------------- -----------------------------------------------------------------

၅။ အဘယ်ကြောင့်စာတန်သည်ယုံကြည်သူများကိုနှောက်ယှက်သနည်း။

-----------------------------------------------------------------

၆။ စာတန်၏လူများသည်မည်သူများနည်း။------------------------------

ရ။ စာတန်၏ အသင်းတော်များကိုမည်ကဲ့သို့ သိနိင်သနည်း။

-----------------------------------------------------------------

၈။ စာတန်၏ကျမ်းစာကျောင်းများ၌မည်သည့်အရာများသင်သနည်း။ ----------------ထိုကျောင်းများ၌တက်လိုပါသလား။-----------------

၉။ စာတန်၏လက်နက်သည်အဘယ်အရာနည်း။------------------------

၁၀။ စာတန်ကိုအဘယ်ကြောင့်အသွေးအသားလက်နက်ဖြင့် မနိင်နိင်သနည်း။ -----------------------------------------------------------------

၁၁။ သခင်ယေရှုသည် ----------------------အားဖြင့်စာတန်ကိုနိင်သည်။

၁၂။ ဘုရားပြင်ဆင်ပေးသောလက်နက်များကို ဖေါ်ပြပါ။

-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Share:

ုကီးထွားရင့်ကျက်နည်း


သင်ခန်းစာ (၂၃)

ကြီးထွားရင့်ကျက်နည်း

ခလေးများကြီးထွားဘို့ ရန်အောက်ပါအချက်များရှိဘို့လိုအပ်သည်။ ကျန်းမာခြင်း၊ အစာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အနားယူခြင်း၊ နှင့်အချိန်များလိုအပ်သည်။ ထိုအရာများပြည့်စုံပါက ကြီးထွားခြင်းသည် အလိုလို ဖြစ်သည်။

အစားအစာ

ခလေးများကြီးထွားရန် ပဌမဦးဆုံးနို့ စို့ ရသည်။ မိခင်နို့သည် ခလေးများ အတွက် အကောင်းဆုံးဖြစ်သည်။ ထိုနည်းတူ ၀ိညာဉ်ပိုင်း၌လည်းဝိညာဉ်နို့ သောက် ဘို့ လိုသည်။ ကျမ်းစာက- ထို့ ကြောင့်သင်တို့ သည် သခင်ဘုရား၏ ကျေးဇူး တော်ကို မြည်းစမ်း ကြသည်ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖျား ခြင်း၊ လျှို့ ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ ရဲ့ ခြင်းရှိသမျှကို ပယ်ရှားကယ် တင်ခြင်း အလိုငှါ နှုတ်ကပတ်တော် တရား၏ နို့ စစ် အားဖြင့် ကြီးပွားမည့် အကြောင်း ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ ကို အလွန် လိုချင်သော စိတ်ရှိကြလော့-ဟုဆိုသည် (၁ ပေ၊၂း၁-၃)။

ခလေးနို့ မစို့လျှင် မကြီးထွားနိင်သကဲ့သို့  ၀ိညာဉ်လူ လည်း နှုတ်ကပတ် တော်နို့ စစ်ကို မစို့ လျှင် မကြီးထွားနိင်ချေ။ နှုတ်ကပတ်တော်သည် ၀ိညာဉ်နို့ ဖြစ်သောကြောင့်ဖတ်ရှုလေ့လာရမည်။ အချို့ သောသူများသည် ကြားနာခြင်း အားဖြင့်သာလျှင် နှုတ်ကပတ်တော်ကို ခံယူကြသည်။ ကိုယ်တိုင်ဖတ်ရှုလေ့ လာခြင်းမရှိ။ ထိုသို့ သောသူသည်မကြီးထွားနိင်။ နှုတ်ကပတ်တော် မဖတ်ဘဲ ကြီးထွားနိင်သောဖြတ်လမ်းမရှိ။ ထိုကြောင့်ကြီးထွာလိုလျှင် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့ လာရမည်။

ဆုတောင်းရမည်

ကိုယ့်အစွမ်းအစ အားဖြင့် ဘုရားသားမ ဖြစ်နိင်သကဲ့သို့ ကိုယ့်အစွမ်း အစအားဖြင့်ခရစ်ယာန်အ သက်တာ အသက်မရှင်နိင်ပါ။ ခရစ်ယာန်အသက်တာကို ဘုရားသခင်၏တန်ခိုးအားဖြင့်သာရှင် နိင်သည်။ သခင်ယေရှုက- ငါနှင့်ကွာလျှင် သင်တို့ သည် အဘယ်အမှုကိုမျှ မတတ်နိင်ကြ-ဟုဆိုခဲ့သည် (ယော၊ ၁၅း၅)။ ထို့ ကြောင့်ကြီးထွားရင့်ကျက်ရန် ဆုတောင်းဘို့ လိုသည်။ ဆုတောင်းခြင်းသည် လက်မြှောက် အရှုံးပေးခြင်း ဘုရားသခင်ကို လုံးဝဥသုန် အားကိုးခြင်းဖြစ်သည်။ ဘုရားသခင်နှင့် အစဉ်ဆက်သွယ်ဘို့ လိုသည်။

မိဿဟာရဖွဲ့ ခြင်း

ခလေးများကြီးထွား ဘို့ရန်ဆော့ကစား ခြင်းလည်း လိုအပ်သည်။ထို့ နည်းတူ ယုံကြည်သူများလည်း အခြားသူများနှင့် ထိတွေ့ မှု မိဿဟာရဖွဲ့ ဘို့ လိုအပ်သည်။ ယုံကြည်သူများနှင့်တွေ့လျှင် အချင်းချင်းတိုက်တွန်းခြင်း၊ သက်သေခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း ဆုံးမသွန်သင်ခြင်းများပြုလုပ်ခြင်း အားဖြင့် ၀ိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်နိင်သည်။ ထို့ကြောင့်အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်၊ အချင်းချင်းတို့ ကို တိုက်တွန်း နိုးဆော်ကြလော့။ကာလ အချိန်ရောက်လုနီးသည်ကို ထောက်သဖြင့် သာ၍ကြိုးစားကြ လော့- (ဟေဗြဲ ၊၁၀း၂၅)။

အနားယူခြင်း

ခလေးများကြီးထွားရန် အိပ်စက်အနားယူဘို့လိုသည်။ ခလေးငယ် လေလေ ပို၍အအိပ်များလေလေဖြစ်သည်။ ၀ိညာဉ်ရေးရာ ၌လည်း အနားယူဘို့ လိုအပ်သည်။ မည်ကဲ့သို့  အနားယူမည်နည်း။ အနားယူခြင်းသည် အလုပ်မလုပ်ခြင်း၊ သူ တပါးကို အားကိုးခြင်း ဖြစ်သည်။ ဘုရားသခင်ကိုအားကိုးခြင်းအားဖြင့် အနား ယူနိင်သည်။ သခင်ယေရှုက-၀န်လေး၍ပင်ပန်း သောသူ အပေါင်းတို့ ငါ့ ထံသို့  လာကြလော့။ ငါသည် ချမ်းသာပေးမည်- ဟုလက်ကမ်းကြိုနေသည် (မဿဲ၊၁၁း၂၈)။

လူတိုင်း၌၀န်ထုတ်ဝန်ပိုးများရှိကြသည်။ထိုအရာများ ကို သခင်ခရစ်တော် က ထမ်းပေးချင်သည်။ ထို့ ကြောင့် သူ့ ကို မိမိ၏ ၀န်ထုတ်များအပ်နှံဘို့ လိုအပ်သည်။ ၀န်ထုတ်ဝန်ပိုးများရှိနေလျှင် ၀ိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်ခြင်းမရှိနိင်ချေ။ လောက၌ ရှိကြသေးသောကြောင့် ဆင်းရဲဒုက်္ခများရှိရဦးမှာ ဖြစ်သည်။ ထို့ ကြောင့် သခင်ယေရှုက-သင်တို့ သည် ဤလောက၏ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့ သော်လည်း မစိုးရိမ်နှင့် ငါသည်လောကကိုအောင်ပြီ-ဟုမိန့် တော်မူ၏။ (ယော၊၁၆း၃၃)။

ခရစ်တော်၌ များများအနားယူခြင်းဖြင့် ၀ိညာဉ်ပိုင်း၌ ပို၍ ကြီးထွားနိင်သည်။ ဆက်လက်၍- အဘယ်သူသည်စိုးရိမ် ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွါးစေနိင်သနည်း-ဟုဆိုသည် (မဿ၊ဲ ၆း၂ရ)။ စိုးရိမ် ပူပန်ခြင်းဖြင့် ၀ိညာဉ်ပိုင်း နေမကောင်း ဖြစ်စေသည်။ ထို့ ကြောင့်-ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဥာဏ်ကိုအ မှီမပြုနှင့်။ သွားလေ ရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်သင်၏ လမ်း ခရီးတို့ ကို ပဲ့ပြင်တော်မူမည်။ ငါသည်ပညာရှိသည်ဟု ကိုယ်တိုမထင်နှင့်။ထာဝရဘုရားကို ကြောက်ရွှုံ ဒုစရိုက်ကိုရှောင်လော့။သို့ပြလျှင် သင်၏အ ကြောတို့ သည်အားသန်၍ အရိုးတို့ သည် ခြင်ဆီနှင့် ပြည့်စုံကြ လိမ့်မည်- (သုတ္တံ၊ ၃း၅-၈)။

ကျန်းမာဘို့ လိုသည်

ခလေးများကြီးထွားဘို့ ရန် ကျန်းမာဘို့ လိုသည်၊ မည်မျှ ပင်စားသော်လည်း မကျန်းမာပါက ကြီးထွားနိင်မည် မဟုတ်။ ထို့ နည်း တူဝိညာဉ်ပိုင်း၌လည်း ကျန်းမာ ဘို့လိုသည်။ ၀ိညာဉ်ပိုင်း နေမကောင်းစေသောအရာသည် အပြစ်ဖြစ်သည်။ ယုံကြည်သူတယောက်အပြစ် ကျူးလွန်သောအခါ ကြီးထွားမှု ကိုရပ်တန့် စေသည်။ ဆာလံဆရာက-ငါသည်အပြစ်ကိုမဖေါ်ပြဘဲနေစဉ်အခါ တနေ့လုံး ညည်းတွား သောအားဖြင့် ငါ့အရိုး တို့ သည်ဆွေးမြေ့ခြင်းသို့ ရောက်ရ ကြ၏။ နေ့ ညမပြတ်ကိုယ်တော်၏လက်သည် အကျွန်ပ် အပေါ်မှာ လေး၍ အကျွန်ပ်၏ ချွေးရည်သည် နွေကာလ၌ခြောက်သွေ့ ခြင်းကဲ့သို ဖြစ်၏- ဟုဆိုသည် (ဆာ၊၃၂း၃-၄)။

နေမကောင်းသောသူသည်ဂရုစိုက်ရသည်။ ဆေးသောက်ရသည်။ ကုသပေးရသည်။ သို့ မှသာ ကျန်းမာ၍ကြီး ထွားနိင်ပေမည်။ ထို့ နည်းတူ ၀ိညာဉ်ပိုင်းကျန်းမာဘို့ ရန် အ ပြစ်များကို ဘုရားသခင်ထံ ၀န်ချတောင်းပန်ရမည်။ ကျမ်းစာ က-တဖန်အကျွန်ပ်သည် ကိုယ်အပြစ်ကိုရှေ့ တော်၌၀န်ချပါ ၏။ ပြုမိသောဒုစရိုက်ကိုဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရ ဘုရားအား ဖေါ်ပြ တောင်းပန် မည်ဟုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏- (ဆာ၊၃၂း၅)။ လူသည်အပြစ်မရှိလျှင်ရောဂါမရှိ။ ရောဂါမရှိလျှင်ကျန်းမာ၍ကြီးထွားဘို့ ရန်သာရှိတော့သည်။

အချိန်စောင့်ဘို့ လိုသည်

ခလေးကြီးထွားရန် အချိန်စောင့်ဘို့ လိုသည်။ မည်မျှပင် ဂရုစိုက် ကျွေးမွေးပြုစုသော်လည်း နေ့ ချင်းညချင်းမကြီးထွားနိင်။ ထို့  နည်းတူ ၀ိညာဉ်ပိုင်း လည်း အချိန်စောင့်ဘို့ လို သည်။ ဟေဗြဲစာရေးသောသူက ဤသို့ ရေးသည်- သင်တို့ သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့် သော် လည်း-ကြေခဲသောအစာကိုမသုံးဆောင်။ နို့ ကိုသာ သုံးဆောင်ရ သော သူဖြစ်ကြ၏- (ဟေ၊၅း၁၂)။ ဤနေရာကာလအချိန်ကြာသောအခါ ကြီးထွား ရင့်ကျက်သော ဆရာအဖြစ်သို့ ရောက်သင့်ကြောင်း သိရသည်။ ထို့ကြောင့်ယုံကြည် သူများသည် ကြီးထွားရင့်ကျက်ဘို့  အချိန်စောင့်ဘို့ လို ကြောင်းသိရသည်။

ရင့်ကျက်ခြင်း

ရင့်ကျက်ခြင်းသည် ကြီးထွားခြင်း၏ အသီးအပွင့် သို့ မဟုတ် အဆက်ဖြစ် သည်။ ကိုယ်ခန်္ဓာရင့်ကျက်ခြင်းသည် မျိုး ဆက်ပြန့်  ပွါးစေနိင်သည်။ စိတ်ပိုင်းဆိုင်ရာ ကြီးထွားခြင်းသည် အသိဥာဏ်ဗဟုသုတ ပွားများခြင်းဖြင့်ရရှိနိင်သည်၊ ရင့်ကျက် ခြင်းမူကား ရရှိထားသော အသိဥာဏ်ကို အသုံးပြုခြင်းအား ဖြင့်ရရှိနိင်သည်။ ကျောင်းသားဖြစ်စဉ်တွင် ရင့်ကျက်ခြင်းမရှိသော်လည်း ကြီးထွားသည်။ ထို ကျောင်းသားသည်ဆရာမ ဖြစ်လာသောအခါ ကြီးထွားခြင်းရပ်၍ ရင့်ကျက်လာ သည်။ ကြီးထွားစဉ်တွင် ဆော့ကစားချင်၍ ဣဒြေစောင့်ခြင်းမရှိ။ သို့ သော် ဆရာမ ဖြစ်လာသောအခါရင့်ကျက်ခြင်း၏လက်္ဓဏာဖြစ်သော ဣဒြေစောင့်ခြင်းသည် အလိုလို ဖြစ်လာသည်။ ထိုဆရာမသည် ကျောင်းပြန်တက်ပါက ကြီးထွားပြန်၍ ခလေးစိတ်ပြန်ဝင်လာမှာဖြစ်သည်။ တပည့်တော်များလည်း သခင်ယေရှုနှင့်နေ စဉ်တွင်အလွန်ခလေးဆန်ကြသည်။ ယောဟန်နှင့်ယာကုပ်ညီအစ်ကိုတို့လည်း လောကီရာထူးရရှိဘို့  သခင်ယေရှုထံ၌ တောင်းခဲ့ကြသည်။ ကျန်သော တပည့်တော် များကလည်း ခလေးစိတ်ရှိကြသောကြောင့် ထိုညီအစ်ကို နှစ်ယောက်အပေါ်တွင် မနာလိုကြ၍ စိတ်ဆိုး ကြသည်(မဿဲ၊၂၀း၂၀-၂၄)။ အဘယ်သူသည်အ ကြီးမြတ်ဆုံး ဖြစ်ကြောင်းကိုလည်း သိချင်ကြသည် (မ၊၁၈း၁)။ ထိုသို့ ဖြစ်ရခြင်းသည် သင်တန်းသား ဖြစ်ခြင်းကြောင့်ဖြစ်သည်။ သူတို့ သခင်နှင့်ခွဲခွါပြီး သောအခါ တွင်မူ ရင့်ကျက်လာကြသောကြောင့် ခလေးအကျင့် များမတွေ့  ရတော့ဘဲ လူကြီး ကဲ့သို့ ပြောဆိုကြသည်။ သတ်္တိလည်းရှိကြသည်။ လူအကြီးအကဲများကိုလည်း မကြောက်တော့ဘဲ ပြတ်ပြတ်သားသားရင် ဆိုင်ရဲကြသည်။

ထို့ ကြောင့်ဝိညာဉ်ရေးရာ၌လည်း သူတပါးထံ၌ သင်ယူနေလျှင် ကြီးထွား ခြင်းရှိသော်လည်း ရင့်ကျက်ခြင်းမရှိနိင်။ ကြီးထွား လိုလျှင်သင်တန်းသားလုပ်၍ ရင့်ကျက်လိုလျှင်ဆရာလုပ်ရမည်။ တပြိုင်တည်းကြီးထွား ရင့်ကျက်လိုလျှင် သူတပါး ထံတပည့်ခံ၍ အခြားသူ များကိုလည်းသင်ပေးရမည်။ ကြီး ထွားရင့်ကျက် သောသူ သည် လုပ်ငန်းအောင်မြင်နိင်သည်။ ပြသနာကိုလည်းဖြေရှင်းနိင်သည်။ သူတပါး ကိုလည်း တည် ဆောက်နိင်သည်။ ဘုရား၏ဘုန်းတော်လည်းထင်ရှာှးု လူ များကို ဆွဲဆောင်နိင် ဦဆောင်နိင်သည်။


သင်ခန်းစာ (၂၃) မေးခွန်းများ

၁။ ၀ိညာဉ်ပိုင်းအတွက် နို့ သည် -------------ဖြစ်သည်။

၂၊။ ကျမ်းစာမဖတ်ဘဲကြီးထွားနိင်သလော ---------------။

၃။ ဆုတောင်းခြင်းသည် -------------- ဖြစ်သည်။

၎။ မိဿဟာရဖွဲ့ ခြင်းအဘယ်ကြောင့်အရေးကြီးသနည်း။-----------------------

၅။ အနားယူခြင်းသည် --------------- ဖြစ်သည်။

၆။ ၀ိညာဉ်နေမကောင်းစေခြင်းသည် --------------- ဖြစ်သည်။

ရ။ အပြစ်သည်ဝိညာဉ်ကြီးထွားမှုကို --------------- စေသည်။

၈။ ၀ိညာဉ်ပိုင်းကြီးထွားရင့်ကျက်ရန် --------------- လိုသည်။

၉။ တပည့်ခံခြင်းဖြင့် --------- ၍သူတပါးကို သင်ပေးခြင်းဖြင့် -------- စေသည်။

၁၀။ ကြီးထွားရင့်ကျက်ခြင်း၏အကျိုးများဖေါ်ပြပါ။ -----------------------------

---------------------------------------------------------------------


Share:

ုကီးထွားခြင်းနှင့်ရင့်ကျက်ခြင်း


သင်ခန်းစာ (၂၂)ကြီးထွားခြင်း နှင့်ရင့်ကျက်ခြင်း

သက်ရှိသတ်္တ၀ါနှင့်အပင်တိုင်းသည်ကြီးထွားကြသည်။ ကြီးထွားပြီးမှ ရင့်ကျက်ကာ သီးပွင့်ကြသည်။ သို့ မှသာပွါး များနိင်သည်။ လူသားများလည်း မွေးဘွားပြီးလျှင် ကြီးထွားကြ သည်။ ခလေး မွေးသော်လည်း မကြီးထွားလျှင် မိဘများစိတ် ဆင်းရဲမှာ သေချာသည်။ ထိုမျှသာမက ကြီးထွားသောသူတိုင်း လည်းမရင့်ကျက်ကြပါ။ လူကောင်ကြီးသော်လည်းခလေးစိတ် ရှိနေသေးပါက အားကိုး၍မရ ခလေး ကဲ့သို့ ကြည့်ရှုဘို့လိုအပ် ပေလိမ့်မည်။ ထို့ ကြောင့်လူတိုင်း မွေးဘွားရုံဖြင့်မပြီးပါ။ အချိန် တန်လျှင် ကြီးထွားဘို့ နှင့် ရင့်ကျက်ဘို့  လိုသည်။

ထို့နည်းတူ ၀ိညာဉ်ပိုင်းဆိုင်ရာ၌လည်း ယုံကြည်သူ များသည် ခရစ်တော်၏ ဒုတိယမွေးဘွားရုံနှင့် မပြီးပါ။ ကြီးထွားခြင်းနှင့် ရင့်ကျက်ခြင်း ရှိဘို့ လိုအပ်သည်။ အချိန်တန်သော်လည်း မကြီးထွားမရင့်ကျက်ပါက များစွာသော ပြဿနာများ ပေါ်ပေါက်နိင်သည်။

ဇာတိ၌ကျင်လည်

ယုံကြည်သူများကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ၀ိညာဉ်သဘောဖြင့် အသက်မရှင်နိင်။ ဇာတိသဘောဖြင့်သာ အသက်ရှင်နိင်သည်။ ကောရိန်သု အသင်းတော်သည် ကြီးထွားရင့်ကျက်ခြင်းမရှိသောကြောင့် ရှင်ပေါလုက -ညီအစ်ကိုတို့အထက်ကငါသည် ၀ိညာဉ်လူတို့ အား ဟောပြော သကဲ့သို့ သင်တို့အား ဟောပြောရသောအခွင့် မရှိဘဲ ဇာတိပကတိလူတို့ အား၎င်း၊ ခရစ်တော်၏ သူငယ်ခလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြော ရ၏-ဟုစာရေးခဲ့သည် (၁ကော၊၃း၁)။ ဇာတိ ပကတိလူ ဆိုသည်မှာ ဘုရားမသိ သောသူ မယုံကြည်သောသူကို ဆိုလိုသည်။ ယုံကြည်သူများသည် မကြီးထွား မရင့်ကျက် လျှင် လောကီသားများကဲ့သို့ ဖြစ်၍ခွဲခြား၍မရပေ။

ကြေခဲသောအစာ

ခလေးသူငယ်များသည်ကြေခဲသောအစာများကို မစားနိင်ကြ။ နို့ ကိုသာ သုံးဆောင်ကြသည်။ ထို့ နည်းတူဝိညာဉ်ပိုင်း ခလေး သူငယ်များလည်း ကြေခဲသော အစာကိုမစားနိင် ၀ိညာဉ်နို့ များကိုသာ သုံးဆောင်ကြသည်၊ ရှင်ပေါလုက- ယခုတိုင် အောင် သင်တို့ သည် ခဲဘွယ်စားဘွယ်ကို မကြေနိင်ကြသော ကြောင့် ငါမကျွေးရ။ နို့ ကိုသာတိုက်ရ၏။ ယခုပင်လည်းမကြေနိင် ကြသေး-ဟုရေးခဲ့သည် (၁ ကော၊၃း၂)။ ဟေဗြဲစာရေးသောသူကလည်း ထိုမေလခိ ဇေဒက်၏အကြောင်းကို ငါပြောစရာအများရှိ၏။ သို့ သော်လည်း သင်တို့ သည်ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော် လည်း ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ ဦးစွာ သင်ရသော တရားနု တို့ ကို သူတပါးထံ၌တဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲ သော အစာကိုမသုံးဆောင် နို့ ကိုသာသုံးဆောင်သောသူ ဖြစ်ကြ၏-ဟု ရေးခဲ့သည် (ဟေဗြဲ ၅း၁၁-၁၂)။

ကြေခဲသောအစာမစားခြင်းဖြင့် အဘယ်ပြဿနာ ရှိသနည်းဟု မေးနိင် သည်။ နို့ ကိုသာသုံးဆောင်သောသူသည်အားမရှိ။ အလုပ်မလုပ်နိင်။ ကြေခဲသော အစာစားမှသာ အားရှိ၍ အလုပ်လုပ်နိင်သည်။ ထိုနည်းတူ ၀ိညာဉ်နို့ ကိုသာသောက် သောသူသည် ဘုရားသခင်၏ အသုံးတော်မခံနိင်။ ခလေးကဲ့ သို့  သူတပါးကိုမှီခို အားကိုးဘို့ လိုအပ်နေပေလိမ့်မည်။ ခလေးများသည် အလုပ်မလုပ်နိင်သည် သာမက သားသမီးများလည်း မမွေးဘွားနိင်ပါ။ ထို့ နည်းတူ ၀ိညာဉ်ခလေးများသည် ၀ိညာဉ်သားသမီးများမမွေးဘွားနိင်ချေ။ သူတို့ကိုတချိန်လုံးစောင့်ရှောက်ဘို့လို အပ်သည်။

အပြစ်၌ပျော်မွေ့ 

ခလေးများသည် ညစ်ညူးသောအရာများကိုရွံရှာခြင်းမရှိ၊နှစ်သက် ကြသည်။ တွေ့ သမျှသောအရာကို ပါးစပ်ထဲသို့  ထည့်တတ်သည်။ ကျန်းမာရေး လည်းမသိ၊ မိမိအတွက် ဘေးအန်္တရာယ်ရှိမရှိကိုလည်း နားမလည်။ ထို့ ကြောင့်သူတို့ ကို တချိန်လုံး စောင့်ရှောက်ဘို့ လိုအပ်သည်။ ထိုနည်းတူ ၀ိညာဉ်မကြီးထွား မရင့်ကျက်သောသူတို့ သည် အပြစ်၌ပျော်မွေ့ တတ်သည်။ မိမိအတွက် အန္တရာယ်ရှိ မရှိ မစဉ်းစားဘဲ ဇာတိ၏အလိုကိုလိုက်လျှောက်တတ်သောကြောင့် သူတို့ကို တချိန် လုံးစောင့် ရှောက်ဘို့ လိုအပ်သည်။ ကောရိန်သုအသင်းတော်လည်းမကြီး ထွားမရင့် ကျက်သောကြောင့် ဂုဏ်ပြိုင်ခြင်း၊ရန်တွေ့ ခြင်း၊အချင်းချင်းကွဲပြားကြသည် (၁ ကော ၃း၃)။ ထိုအကျင့်များသည်ယုံကြည်သူများ၌မရှိသင့်။ သို့ သော်လည်း ၀ိညာဉ် ရေးရာ ခလေးဖြစ်နေလျှင်မလွှဲမရှောင်သာ ရှိနေပေမည်။ ၀ိညာဉ် ရေးရာ မကြီးထွား မရင့်ကျက်ခြင်းသည် မိမိအတွက်သာမက အခြားသူများအတွက်လည်း မကောင်းချေ။ ယုံကြည်သူညီ အစ်ကို မောင်နှမများကို အားနည်းစေသည်။ ယုံကြည်သူများအကြား၌ ပြဿနာများ၍ကွဲပြားစေသည်။ ထိုမျှသာမက မယုံကြည်သူများ အတွက် ထိမိလဲစရာဖြစ်သည်။ မရင့်ကျက်သူများ၏ အသက်တာကို ကြည့်ခြင်းအားဖြင့် မယုံကြည်သူများသည် ဘုရားသခင်ကို မမြင်နိင်။ အဟန့်  အတား ဖြစ်စေသည်။ ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေသည် သာမက နာမတော်ကို ရှုတ်ချစရာဖြစ်စေသည်။ ထို့ ကြောင့် ယုံကြည်သူတိုင်း ကြီးထွားရင့်ကျက်ဘို့ လိုအပ်သည်။

အသက်ရှင်သောအသင်းတော်များ၌ ၀ိညာဉ်ပိုင်းကြီး ထွားရင့်ကျက်မှုမရှိပါက ပြဿနာပေါင်းစုံနှင့် တွေ့ ကြုံရမှာ သေချာ နေပါသည်။ကောရိန်သု အသင်းတော်ကဲ့သို့  ၀ိညာဉ် ဆုကျေးဇူးရရှိသော်လည်း ပြဿနာ မပြေလည် နိင်အောင်ရှုပ် ထွေးမှုရှိ နိင်သည်။ ခလေးများ များရှိသော နေရာ၌ပြဿနာ များ၍အဘယ်အရာကိုမျှ လုပ်ဆောင်၍မရချေ။ ကြီးထွားရင့် ကျက်မှသာလျှင် ပြသနာများကို ဖြေရှင်းနိင်မှာ ဖြစ်သည်။

ကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ခလေးများကဲ့သို့  ကောက်ရိုးမီးလောင်သလို ခဏချင်းတွင်တက်ကြွသော်လည်းမကြာမှီ ပြန်လည် ငြိမ်ကျ သွားတတ်သည်။ အဘယ်ခလေးမှကြီးမားသောအမှုကို မလုပ်နိင်။ အချို့ သောအ သင်းတော်များ၏ ၀ိညာဉ်ပိုင်းခလေး များသာလျှင်ရှိ သောကြောင့် တချိန်လုံး ခလေးထိန်းကြီးတည်း ဟူသော အသင်းအုပ်ဆရာကိုသာ တမ်းတနေကြ သည်။အသင်းအုပ် ဆရာမရှိလျှင် ဘာမျှမလုပ်တတ်ကြတော့ ချေ။ သင်းအုပ်ဆရာလည်း ခလေးကြီး ဖြစ်နေပါက မည်ကဲ့သို့ ခလေးများကြီးထွား ရင့်ကျက် အောင်ပြုစုကျွေးမွေးရမည်ကို မသိ နို့ဘူးကြီးနှင့် တနင်္ဂနွေ နေ့ တွင် ၀ိညာဉ်ခလေးများကို ရေရောသော နို့ ကြဲကြဲ (လူ့  အကြိုက် တရား များ)ကို တိုက်တတ်သည်။ ထို့ ကြောင့်ဝိညာဉ်ခလေးများ သည် မကြီးထွား။ ပြဿနာများသည်။ သို့ ဖြစ်၍ မိတ်ဆွေလည်း ၀ိညာဉ်ရေး၌ ကြီး ထွားရင့်ကျက်ဘို့ လိုသည်။


သင်ခန်းစာ (၂၂) မေးခွန်းများ

၁။ ခလေးများမွေးဘွားပြီးလျှင် ဘာဖြစ်ဘို့ လိုသေးသနည်း။------------------

၂။ ခလေးမကြီးထွားလျှင်မည်သူစိတ်ဆင်းရဲသနည်း။-------------------------

၃။ ဒုတိယမွေးဘွားပြီးလျှင်ဘာလိုသေးသနည်း။-----------------------------

၎။ ၀ိညာဉ်သဘောနှင့်အသက်ရှင်နိင်ရန်ဘာလိုသနည်း။---------------------

၅။ ဇာတိပကတိလူသည်အဘယ်သို့ သောသူနည်း။--------------------------

၆။ ခလေးများမည်ကဲ့သို့ သောအစာ စားသနည်း။---------------------------

ရ။ အလုပ်လုပ်နိင်ရန်မည်ကဲ့သို့ သောအစာစားရသနည်း။-------------------

၈။ ခလေးများသည်မည်သည်အရာနှင့်ပျော်တတ်သနည်း။--------------------

၉။ မကြီးထွားခြင်း၏ ပြဿနာများရေးပါ။--------------------------------------------------------------------------------------------------------

၁၀။ အဘယ်ကြောင့်အသင်းတော်များ၌ပြဿနာများသနည်း။------------------

၁၁။ အဘယ်ကြောင့်ယုံကြည်သူများကြီးမားသောအရာမလုပ်နိင်သနည်း။ ----------------------------------------------------------------------------

၁၂။ အဘယ်ကြောင့်သင်းအုပ်ဆရာကိုမှီနေသနည်း။--------------------------


Share:

ရပ်တည်ချက်နှင့်လုပ်ဆောင်ချက်


သင်ခန်းစာ (၂၁)

ရပ်တည်ချက်နှင့်လုပ် ဆောင်ချက်

ခရစ်ယာန်တယောက်အနေဖြင့် မိမိ၏ ရပ်တည်ချက် (standing) နှင့် မိမိ၏ လုပ်ဆောင်ချက် (state) ကိုသေချာစွာပိုင်း ခြားနားလည်ဘို့လို သည်။ ရပ် တည်ချက်ဆိုသည်မှာ ဘုရားသခင်က ယုံကြည်သူများအတွက် ခရစ်တော်၏လုပ်ဆောင် ပေးသော အရာများ ဖြစ်သည်။ အိမ်နှင့်နှိုင်းပါက အုတ်မြစ်နှင့်တူသည်၊ လုပ်ဆောင်မှုသည် နေ့ စဉ် ယုံကြည်သူ၏ လုပ်ဆောင်မှုကိုဆိုလိုသည်။ ရပ်တည်ချက် အချို့ ကိုဖေါ်ပြပါ က-

အပြစ်ကင်းစင်သည်

ယုံကြည်သူတယောက်သည် နေ့ စဉ်နှင့်အမျှ စိတ်အားဖြင့်၎င်း၊ကိုယ် ကာယအားဖြင့်၎င်း၊ တနည်းမဟုတ် တနည်း အပြစ် ကျူးလွန်မှာဖြစ်သည်။ သို့သော် သူသည် ခရစ်တော်၌ အပြစ်ကင်းစင်သောသူဖြစ်သည်။ ထို့ ကြောင့် အပြစ်စီရင်ခြင်းမှ ကင်းလွတ် သောသူဖြစ်သည် (ယော ၁း၁၈)။ အပြစ်ကျူးလွန်မှု အတွက် အဘသည်သားကိုဆုံးမတတ်သကဲ့သို့ ဘုရားသခင်၏ဆုံးမခြင်း ခံရမှာ ဖြစ်သည် (ဟေဗြဲ ၁၂း၅-၁၁)။ အပြစ်စီရင်ခြင်း သည် အပြစ်သားများနှင့်ဆိုင်၍ ဆုံးမခြင်းသည် သားများ နှင့်သာဆိုင်သည်၊ ထို့  ကြောင့် ယုံကြည်သူ များ သည် အချိန် မရွေး ဘုရားသခင်၏ဆုံးမခြင်းကိုခံနိင်သော်လည်း အပြစ်အတွက်တရား စီရင်ခြင်းမှ ကင်းလွတ်ပြီး သောသူများဖြစ်သည်။ ထိုသို့ ယုံ ကြည်သူတယောက် အပြစ်နှင့် ကင်းစင်ခြင်းသည် ခရစ်တော်၏ ခံစားရသော ရပ်တည်ချက်တခုဖြစ်သည်။ ယုံကြည်သူကိုယ်တိုင် အကျင့်အကြံအားဖြင့် အပြစ်ရှိသော်လည်း ခရစ်တော်၌ အပြစ်ကင်းစင်သည်။ တနည်းအားဖြင့် ဆိုလျှင်ရပ်တည်ချက်သည် ဘုရားသခင်၏ အမြင်၌ဖြစ်၍လူ့ အမြင်၌မဟုတ်၊ ဤအရာကို နားလည်နိင်ဘို့ ရန် ရှင်ပေါလုက ကောရိန်သုအသင်းတော်ထံရေးသောစာ ကိုကြည့်ကြစို့ ။ ထိုအသင်းတော်သည် အပြစ်နှင့်မကင်းပါ။ သူတို့ သည်ဇာတိပကတိလူဖြစ်ကြ သေးသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ ခြင်၊ အချင်းချင်း ကွဲပြားခြင်းရှိကြသေးသည် (၁ ကော ၃း၃)။ ထိုမျှသာမက အဘ၏ မယားကိုသိမ်းပိုက်သောသူလည်း သူတို့ အထဲ၌ရှိသည်။ ကျန်သောသူ များ ကလည်း ထိုအပြစ်အတွက် စိတ်မသာညည်းတွားခြင်းမရှိ။ မာနထောင်လွှား လျက်ရှိ ကြသည် (၁ ကော၊၅း၁-၂)၊ ကောရိန်သု အသင်းတော်သည် သန့် ရှင်းခြင်းမရှိချေ။သို့သော်ရှင်ပေါလုက သူတို့ ကိုစာရေးသောအခါ-ယေရှုခရစ်အားဖြင့်အပြစ်နှင့် ကင်းစင်၍သန့် ရှင်း သူအရာ၌ခန့်ထားသောသူတည်းဟူသော ကောရိန်သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်-ဟုရေးခဲ့သည် (၁ ကော ၁း၂)။ အဘယ်ကြောင့်ထိုသို့ ရေးသနည်း။ အစ၌ သူတို့၏အပြစ်ကိုမသိသော ကြောင့်လော။ မဟုတ်ပါ။ သူတို့၏အပြစ်များကို ရှင်ပေါလု ကောင်းကောင်း သိပါသည်။

ရှင်ပေါလုဆိုလိုသည်မှာ ကောရိန်သု အသင်းတော်သည် ခရစ်တော်၏ အပြစ်နှင့်ကင်းစင်၍သန့် ရှင်းခြင်းကိုဘုရား သခင်က ယေရှုခရစ်အားဖြင့် ပေးခြင်း ကို ဆိုလိုသည်။ ထိုအရာ သည်ယေရှုခရစ်၌ သူတို့ ၏ရပ်တည်ချက်ဖြစ်သည်။ သူတို့ လုပ်ဆောင်ချက် မကောင်းပါ။ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင်ခြင်း အ ချင်းချင်း ကွဲပြားခြင်းတို့ သည် သူတို့ ၏လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ထိုအရာများ သည်အပြစ်ရှိ၍ လုံးဝမကောင်းပါ။ သို့ သော်သူတို့ ၏ရပ်တည်ချက် သည် ခရစ်တော်၌ ဖြစ်သောကြောင့် အပြစ်နှင့်ကင်းစင်၍သန့် ရှင်းသည်။ အကြောင်းမှာ ခရစ်တော် ၏ သန့်ရှင်းခြင်းသည် သူတို့ ၏ သန့် ရှင်းခြင်းဖြစ်သည် (၁ ကော ၁း၃၀)။

ရပ်တည်ချက်သည် ဘုရား၏ အမြင်၌ဖြစ်၍ လူ၏အမြင် မဟုတ်။ ဘုရား သခင်က ကောရိန်သု အသင်းတော်ကို ခရစ်တော်၌ မြင်သည်။ ထို့ ကြောင့်သူတို့ သည်ခရစ်တော်၌ အပြစ်ကင်း၍သန့် ရှင်းသည်။ လူသည်လုပ်ဆောင်ချက်သာ မြင်နိင်သည်။ ထို့ ကြောင့် လုပ်ဆောင်မှုအပေါ်မှာသာ တယောက်နှင့် တယောက် ဆုံးဖြတ် ကြသည်။ ထိုသို့ ဆိုသော် ဘုရားသခင်သည် လုပ်ဆောင်မှုကို ဂရုမစိုက် သလောဟု မေးစရာရှိလာသည်။ ဘုရားသခင်သည် ယုံကြည်သူ၏လုပ်ဆောင်မှု ကိုလည်း ဂရုစိုက်ပါသည်။ သို့ သော်ထိုအရာအားဖြင့် ယုံကြည်သူကခရစ်တော်၌ ရရှိထားသော သန့် ရှင်းခြင်းကို မထိခိုက်နိင်ချေ။ လုပ်ဆောင်မှု အတွက် အဘသည် သားကိုဆုံးမသကဲ့သို့  ဆုံးမမှာဖြစ်သည်။ အကယ်၍ဆုံးမခြင်းကို နားးမထောင် ပါက သူ၏ ကိုယ်ခန်္ဓာရုပ်သိမ်းခြင်းအထိ ပြုလုပ်နိင်သည်။

ဖြောင့်မတ်ခြင်း

ဖြောင့်မတ်ခြင်းသည် တရားစီရင်ခြင်းနှင့်ဆိုင်သည်။ ယုံကြည်သူတစ် ယောက်သည် ခရစ်တော်၌ ရှိသောကြောင့်ဘုရားသခင်၏ အမြင် ဖြောင့်မတ်သည်။ ထို့ ကြောင့်ရှင်ပေါလုက- ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသော သူဖြစ် စေတော် မူ၏။ အကြောင်း မူကားငါတို့ သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့ ဖြောင့်မတ် သောသူ ဖြစ်မည့် အကြောင်းတည်း -ဟုဆိုသည် (၂ ကော၊၅း၂၁)။

ဘုရားသခင်က အပြစ်နှင့်ကင်းစင်သောသူ တည်းဟူသော ခရစ်တော်ကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေသည်။ အကြောင်းမှာ ငါတို့ သည် ခရစ်တော်အား ဖြင့်(ငါတို့ ၏လုပ်ဆောင်ချက်ကြောင့်မဟုတ်) ဘုရားသခင့်ရှေ့ တော်၌ (လူရှေ့၌ မဟုတ်) ဖြောင့်မတ်မည့် အကြောင်းတည်းဟု ဆိုထားသည်။

သို့ဖြစ်၍ယုံကြည်သူများသည်ဘုရားအမြင်၌ ခရစ်တော်ကြောင့်ဖြောင့်မတ်ကြ သည်။ ထိုအရာသည် ယုံကြည်သူများ၏ ရပ်တည်ချက်ဖြစ်သည်။ သူတို့ ၏လုပ် ဆောင်မှုအပေါ် ဆုံးဖြတ်သည်မဟုတ်။ လူ့ အမြင်အားဖြင့်လည်း မဟုတ်။ ရပ်တည် ချက်သည် ခရစ်တော်အပေါ် မူတည်သည်။ သို့ ဖြစ်၍ယုံကြည်သူတိုင်း၏ ရပ်တည် ချက် သည် အတူတူပင်ဖြစ်၍ ပြောင်းလဲခြင်းလည်း မရှိချေ။ လုပ်ဆောင်မှု မူကား မိမိ၏လုပ်ဆောင်မှုအပေါ်မူတည်သောကြောင့် တယောက်နှင့်တယောက် ကွားခြား ကွဲပြားကြသည်။

ရပ်တည်ချက်နှင့် လုပ်ဆောင်ချက် မခွဲခြားပါက ရှုပ်ထွေးမှုများ ဖြစ်လာ သည်။ မည်သူမျှအပြစ်မလုပ်ဘဲမနေနိင်ကြ။ သို့ ဖြစ်၍ ယုံကြည်သူများ အပြစ်ပြန် လုပ်မိ သောအခါ ဖြောင့်မတ်ခြင်း၊ သန့် ရှင်းခြင်းများ ဆုံးရှုံးသွားပြီဟု ထင်တတ် သည်။ ဘုရားသခင်ရှေ့ မှာ ယေရှုခရစ်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းနှင့် သန့် ရှင်းခြင်းသည် ယေရှုခရစ် မပြောင်းလဲသကဲ့သို့  ပြောင်းလဲခြင်းမရှိချေ။ သို့သော် အပြစ်ကြောင့် ဘုရားသခင်နှင့် မိဿဟာရပြတ်၍ ၀မ်းမြောက်မှုဆုံးရှုံးမည်။ မိဘစကားနားမထောင်သော သားသမီးသည် သားသမီး အဖြစ်မှ စွန် လွှတ်ခြင်း မခံရသော်လည်း ၀မ်းမြောက်မှု မရှိတော့ချေ။ မိဘရှေ့ မှာမျက်နှာမရဘဲ မျက်နှာ ငယ်နေရသည်။ ထို့ နည်းတူ အ ပြစ်လုပ်သော ယုံကြည်သူသည် ဘုရား သခင်ရှေ့မှာ မျက်နှာငယ်ရသည်။ ဒါဝိဒ်သည် ဗာသရှေဗနှင့်မှားယွင်းသောအခါ ၀မ်းမမြောက် နိင်သောကြောင့် ဤသို့ပြန်လည်ဆုတောင်းသည်- စိတ်သက်သာ ၀မ်းမြောက်မူ ရှိမည့်အကြောင်းစကားကို အကျွန်ပ်အား ကြားစေ တော်မူပါ။ သို့ ပြုလျှင် ချိုးဖဲ့တော်မူသောအရိုးတို့ သည် ရွှင်မြူးခြင်း ရှိကြပါလိမ့်မည်-ကယ်တင် တော်မူခြင်းနှင့်ယှဉ်သော ၀မ်းမြောက်ခြင်း အခွင့်ကို ပြန်၍ပေး သနား တော်မူပါ။-ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ပ်ကို ထောက်မပါစေသော်- (ဆာ၊၅၁း၈၊၁၂)။

ကောရိန်သု အသင်းသားများသည် အသက်တာ၌ သန့် ရှင်းမှုမရှိကြသော် လည်း ၀ိညာဉ်ဆုကျေးဇူးများရရှိကြသည်။ ထိုမျှသာ မက သန့် ရှင်းသူများ ကိုသခင် ယေရှုက ချီဆောင်ခြင်းလည်းပါဝင်ရကြမှာဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေး ထားသည်-ငါတို့ ရှိသမျှသည် အိပ်ပျော်(သေ)ရကြမည်မဟုတ်။ သို့သော် လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါတခဏခြင်းတွင် မျက်စိ တမှိတ်၌ ငါတို့ ရှိသမျှ (ကောရိန်သု အသင်းသားများအပါအ၀င်) သည် ပြောင်းလဲခြင်းသို့  ရောက် ရကြမည် ( ၁ ကော၊ ၁၅း၅၁-၅၂)။ ဆိုလိုသည်မှာ ခရစ်တော် ကြွလာသောအခါ ဇာတိပကတိအတိုင်းအသက်ရှင်ခဲ့ကြသော ကော ရိန်သုအသင်းသား များ လည်း ကိုယ်ခန်္ဓာပြောင်းလဲခြင်းသို့ ရောက် ကြမည်။ ဇာတိအတိုင်းအသက်ရှင်ခြင်းအားဖြင့် သူ တို့ ကယ် တင် ခြင်း မဆုံးရှုံးချေ။ ထိုသို့မဆုံးရှုံးသောကြောင့်ဇာတိအတိုင်း အသက်ရှင် ကြ ဘို့ မဟုတ်။ ဇာတိအလို အတိုင်းအသက်ရှင်ခြင်းအားဖြင့် ဆုံးရှုံးသောအရာများကို ပြန်လည်လေ့လာရကြမည်။မိဿဟာရပြတ်သည်

ယုံကြည်သူတယောက်သည် ခရစ်တော် လက်ခံချိန်မှ စ၍ ဘုရားသခင်၏ သားဖြစ်ရပြီ (ယော၊၁း၁၂)။ ဇာတိ အလိုလိုက်၍အပြစ် ကျူးလွန်နေချိန်၌ပင်လျှင် ဘုရားသခင်၏သားဖြစ်သည်။ သားသမီး များ သည် မိဘ စကား နားထောင်သော အချိန်ကသာ သားသမီးများ ဖြစ်သည် မဟုတ်၊ စကားနား မထောင်သော အချိန်၌ ပင်လျှင် သားသမီးများဖြစ်ကြသည်မဟုတ်လော။ စကားနားထောင်သော ကြောင့် သား သမီးဖြစ်ကြသည်မဟုတ်။ မွေးဘွားခြင်းကြောင့် သားသမီးဖြစ်သည်။ ထို့ကြောင့် စကားနားမထောင်ခြင်းအားဖြင့် သားသမီးအရာကိုဆုံး ရှုံးနိင်သည် မဟုတ်။ သားသမီး ဖြစ်ခြင်းသည် ကျိုးစား ခြင်း၊ ကောင်းမြတ်ခြင်းအားဖြင့်ဖြစ်သည် မဟုတ်။ မိခင်မှ မွေးဘွားခြင်းအားဖြင့် ဖြစ်သည်။ ထို့ နည်းတူ ဘုရားသခင်၏ အသား ဖြစ်ခြင်းသည် အကျင့်နှင့်ကြိုးစားခြင်းအားဖြင့်မဟုတ်။ ၀ိညာဉ်နှင့် မွေးဘွားခြင်း အားဖြင့် သာလျှင်ဖြစ်သည်။ ထိုအရာသည်ရပ် တည်ချက်ဖြစ်သည်။ လူ၏ လုပ်ဆောင်မှုကြောင့်မဟုတ်။ ဘုရားသခင်၏လုပ်ဆောင်မှုဖြစ်၍ မပြောင်း လဲ နိင်တော့ချေ။ သခင်ယေရှုခရစ် ပေးသော ဥပမာကလည်း ပျောက်သော သားသည် သုံးဖြုန်း၍ မကောင်းသောအကျင့်များကျင့်လျက် ဖခင်ထံမှ ထွက်သွားသော်လည်း သူ့ ဖခင်၏သား ပင် ဖြစ်သည်။ ဖခင်ထံမှ သွား သော ကြောင့် ဖခင်နှင့်မိဿဟာရ ပြတ်၍ ဖခင်၏ စည်းစိမ် မခံစားရသော်လည်း ဖခင်၏သားဖြစ်ဆဲဖြစ်သည်။ သူပြန်လာသောအခါ သူ့ ဖခင်က သား ဟုလက် ခံသည် (လု၊၁၅း၂၄)။

သားသမီးများသည် မိဘ စကားနားထောင်ဘို့ ဖြစ် သည်။ မိဘစကား နားထောင်မှ မိဘမျက်နှာပွင့်လန်းသည်။ ထိုနည်းတူ ယုံကြည်သူများ ဘုရား စကား နားထောင်ရမည်။ သို့ မှသာ ဘုရား၏ဘုန်း ထင်ရှားမှာဖြစ်သည်။ ဘုရား၏သား များ အကျင့်ဆိုးနေပါက ဘုရား၏ဘုန်းရှုတ်ချစရာ ဖြစ်သည်။


သင်ခန်းစာ (၂၁) မေးခွန်းများ

၁။ ရပ်တည်ချက်သည်-------------၏လုပ်ဆောင်ချက်ဖြစ်သည်။

၂။ လုပ်ဆောင်ချက်သည် ---------------၏လုပ်ဆောင်ချက်ဖြစ်သည်။

၃။ ရပ်တည်ချက်သည် ----------------၏ အမြင်၌ဖြစ်သည်။

၎။ ကောရိန်သုအသင်းတော်သည် ခရစ်တော်၏ သန့် ရှင်းခြင်း သည်သူတို့၏ ---------------ချက်ဖြစ်သည်။

၅။ ကောရိန်သုအသင်းတော်သည် ဇာတိအပြစ်ကျူးလွန်ခြင်းသည် သူတို့ -----------------------ချက်ဖြစ်သည်။

၆။ ယုံကြည်သူ သည်----------ရှိသောကြောင့်----------အမြင်၌ဖြောင့်မတ်သည်။

ရ။ ယေရှုခရစ်၌ရသောအရာများမပြောင်းသော်လည်းအပြစ်လုပ်လျှင်ဘာရှုံး မည်နည်း။-------------------------

၈။ ဒါဝဒ်သည်မှားယွင်းသောအခါ ဘာရှုံးသနည်း။-------------------

၉။ ဘုရားသားဖြစ်ခြင်းသည်--------------ချက်ဖြစ်သည်။

၁၀။ အပြစ်လုပ်လျှင် မည်သည့်အရာရှုံးမည်နည်း။----------------------------

မည်သည့်အရာမရှုံးနိင်သနည်း။-----------------------------------------


Share:

Sunday, July 18, 2010

ခရစ်ယာန်၏ ပျော်ရွှင်သောအသက်တာ၏ လျှို.ဝှက်ချက်


The Christian's Secret of a Happy Life

Practical Christian Living Course

Lesson 24

သော့ချက်ကျမ်းပိုဒ်။ ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့ သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။ (ရော၊ ၈း၂၈)


ဒုက္ခပြသနာများသည် ဤဘ၀၏ တစိတ်တဒေသဖြစ်သည်။ ကျမ်းစာက ""လူသည် ဒုက္ခခံခြင်းငှာ မွေးဖွား၏""ဟု ဆိုသည်။ (ယောဘ ၅း ၇)

တခါတရံ ခရစ်ယာန်များသည် သူတို့အား ပြဿနာများခက်ခဲမှုများနှင့် ကင်းဝေးအောင် ဘုရားသခင်က ပြုလုပ်ပေးမည်ဟု ယုံကြည် မျှော်လင့် ကြသော်လည်း ဘုရားသခင်က ထိုသို့ပြုလုပ်ပေးရန် ကတိ မပေးထားပါ။ ကယ်တင်ခြင်း မခံရသူများသာမက ခရစ်ယာန်များပါ ဒုက္ခပြသနာ စုံစမ်း နှောင့်ယှက်ခြင်းများနှင့် ဝေဒနာများကို ရင်ဆိုင်ကြုံတွေ့ခံစားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုက္ခပြဿနာများနှင့် ရင်ဆိုင် ကြုံတွေ့သည့်အခါ၊ ကျွန်ုပ်တို့ ၏အတွင်းပိုင်းမှ ဒုက္ခပြသနာကို မည်သို့ မြင်သည့်အပေါ်တွင် မူတည်၍ အရှုံးအနိုင်ကို သတ်မှတ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုခက်ခဲမှု ပြသနာများကို လူအမြင်ဖြင့်သာမြင်ပါက ကျွန်ုပ်တို့သည် စိတ်ဓာတ်ကျကာ ရှုံးနိမ့်ကြမည်ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ အခြေအနေ အရပ်ရပ်တိုင်း၌ ဘုရားသခင်၏ အံ့သြဖွယ်ဇာတိတော်နှင့် လက်တော်ကိုမြင်၍ အသိအမှတ်ပြုပါက ဘုရားသခင်၏အမြင်အားဖြင့် ဒုက္ခပြသနာများကို မြင်ပါက ကျွန်ုပ်တို့သည် ငြိမ်သက်ခြင်း၊ ၀မ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုကိုခံစားရရှိမည်ဖြစ်သည်။


ကျွန်ုပ်တို့ သိရမည့်အရာ အချို့

ပျော်ရွှင်သောခရစ်ယာန်အသက်တာကို ရရှိရန်အတွက် မည်သို့ပြုလုပ်အသက်ရှင်ရမည်ကို မကြည့်ကြမီ ကျွန်ုပ်တို့ သိရမည့်အရာအချို့ ရှိသည်။


(၁) ဤဘ၀တွင် ဘာကိုရရှိရန် မျှော်လင့်နိုင်သည်ကို သိထားရမည်။

ဘုရားသခင်၏ လူများကြားထဲတွင် ပျံ့နှံ့နေသော မှားယွင်းသော သင်ကြားမှုတခုရှိသည်။ ထိုသင် ကြားမှုများမှာ ""ယေရှုခရစ်တော်၏ နောက်လိုက်တဦးဖြစ်လာပါက သင်၏ဒုက္ခပြသနာအားလုံးသည် ပြီးဆုံးပျောက်ကွယ်သွားမည်ဖြစ်ပြီး ဘုရားသခင်သည် သင့်ကို မကျန်းမာမှုများမှ ကင်းဝေးစေပြီး မှန်သော အရာများကိုသာ သင်ယုံကြည်၍ အပိုင်ရယူပါက ဘုရားသခင်သည် သင့်ကိုအောင်မြင်အောင် လုပ်ပေးမည် ဟူ၍ဖြစ်သည်။ ကျမ်းစာထဲရှိ မည်သည့်နေရာ၌မျှ ဘုရားသခင်သည် ဤသို့ကတိမပေးထားပါ။ ယေရှုက ""သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြ လိမ့်မည်""ဟု ဆိုသည်။ (ယော ၁၆း ၃၃)

ဒုက္ခပြသနာများသည် ဤဘ၀၏ တစိတ်တဒေသဖြစ်ပြီး မည်သူကမျှ မရှောင်ကွင်းနိုင်ပါ။ ကျမ်းစာက ""လူသည် မိန်းမဖွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။""ဟုဆိုသည်။ (ယောဘ ၁၄း ၁)

ခရစ်ယာန်များသည် စုံစမ်းနှောက်ယှက်ခြင်းများ၊ ဝေဒနာများကို တွေ့ကြုံခံစားရရန် မျှော်လင့် ထားရမည်။ ကျမ်းစာက ""ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌မွေ့လျော်နေခြင်းငှာ၊ အလိုရှိ သောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်""ဟု ဆိုသည်။ (၂တိ ၃း ၁၂)

ကျမ်းစာက ထပ်မံ၍ ""ငါတို့သည်များပြားသော ဆင်းရဲဒုက္ခခံ၍ ဘုရားသခင်၏နိုင်ငံသို့ ၀င်ရကြ မည်""ဟု ပြောထားသည်။ (တမန်၊ ၁၄း၂၂)

(၂) ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့ကို အကောင်းဆုံးအရာများကိုသာ ရစေလို သည်ကို သိထားရမည်။

ကျမ်းစာက ဘုရားသခင်သည် သူ၏သားတော်ကိုချစ်သလိုမျိုး ကျွန်ုပ်တို့ကို ချစ်သည်ဟု ပြောထားသည်။ သူသည် ကျွန်ုပ်တို့ကို ဤသို့ ချစ်သောကြောင့် သူသည် ကျွန်ုပ်တို့အား အကောင်းဆုံးအရာများကို ရရှိစေလိုသည်။ ကျွန်ုပ်တို့က သိပ်မကောင်းသောအရာများကို ရပါက ကျေနပ်လျှင် တောင်မှ သူသည် ကျွန်ုပ်တို့အား အကောင်းတကာ အကောင်းဆုံး အရာများကိုသာ ကျွန်ုပ်တို့အတွက် ရှာဖွေပေးသည်။ ဒါဝိတ်သည် ဘုရားသခင်က သူ့ကို မည်မျှချစ်၍ သူ့အကျိုးအတွက် မည်မျှစဉ်းစားပေးသည့်ကြောင်းကို တွေးတောနေတုန်း ဤသို့အော်ဟစ်ပြောဆိုခဲ့သည်။ ""အိုဘုရားသခင် ကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည် တို့သည် အလွန်ထူးဆန်ကြပါ၏။ အလွန်များပြားကြပါ၏။"" (ဆာလံ ၁၃၉း ၁၇)


(၃) ကျွန်ုပ်တို့သည် ဤဘ၀၌ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်ကို သိရမည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ကိုင်တွယ်၍ ပြုမူဆက်ဆံနေသည်ကို နားလည်နိုင်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ပတ်သက်၍ မည်သို့သောရည်မှန်းချက်များထားရှိသည်ကို သိရမည်။ သူ၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့ကို ပျော်ရွှင်ရန်နှင့် အောင်မြင်လာအောင် ပြုလုပ် ပေးရန်သာ မဟုတ်ပါ။ ဘုရားသခင်၏ ကျွန်ုပ်တို့အတွက် ရည်မှန်းချက်ပန်းတိုင်မှာ ကျွန်ုပ်တို့ကို သူသားတော်နှင့် သဏ္ဍာန်ချင်းတူညီ အောင် ပြောင်းလဲ ပေးရန်ဖြစ်သည်။ ကျမ်းစာက ""ဘုရားသခင်၏ သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ရှေးမဆွကပင် သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့်တညီတည်းဖြစ်စေခြင်းငှာ၊ ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏"" ဟုဆိုသည်။ (ရော ၈း ၂၉)

ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ့သားတော်နှင့်တူညီလာအောင် မည်သို့ ပြောင်းလဲပေးသနည်း။ ကျွန်ုပ်တို့၏ဘ၀ အခြေအနေများနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြောင်းလဲပေးသည်။ ဤသို့ပြောင်း လဲပေးရာ၌ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဒုက္ခပြဿနာများနှင့် ဝေဒနာများအးဖြင့် လည်း ပြောင်းလဲစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤဒုက္ခပြဿနာများ၊ ဝေဒနာများကို ရင်ဆိုင်ကြုံတွေ့ခံစားရရန် မျှော်လင့်ထား ရမည်ဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့ကိုခရစ်တော်နှင့် တူလာစေရန်အတွက် ဘုရားသခင်က ဤအရာ များကို လိုအပ်၍အသုံးပြုသောကြောင့်ဖြစ်သည်။


ပျော်ရွှင်သောအသက်တာ ဆီသို့ ခြေလှမ်းများ

ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာ၌ ပျော်ရွှင်ဝမ်းမြောက်ရန်နှင့် ဘုရားသခင်ကျွန်ုပ်တို့အတွက် ပြင်ဆင်ထားပေးသော အရာတို့ကို ၀င်ရောက် ခံစားနိုင်ရန်အတွက် ကျွန်ုပ်တို့သေသေချာချာ လှမ်းရမည့် ခြေလှမ်းအချို့ရှိသည်။


(၁) ဘုရားသခင်သည် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းကို ယုံကြည်ရမည်။

ဘုရားသခင်သည် အချုပ်အခြာအာဏာ ပိုင်သည်ဟု ပြောသောအခါ၊ ဘုရားသခင်သည် ဤကမ္ဘာရှိ အရာအားလုံးနှင့် စကြ၀ဌာတခုလုံးကို အုပ်စိုးနေကြောင်းကို ပြောလိုခြင်းဖြစ်သည်။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ အခွင့်အာဏာ အပြည့်ရှိသူဖြစ်သည်။ သူလုပ်ဆောင်ရန် ရည်ရွယ်ထားသော အရာတို့ကို မလုပ် နိုင်အောင် မည်သူကမှ မတားဆီးနိုင်ပါ။ ကျမ်းစာက ""ကောင်းကင်ဗိုလ်ခြေတို့၌၄င်း၊ မြေကြီးသားတို့၌၄င်း၊ အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၍၊ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။""ဟူ၍ဆိုသည်။ (ဒံယေလ ၄း၃၅)

အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်သည် သူဖန်ဆင်းထားသောအရာများကို အုပ်စိုး၍ သူ၏ အချုပ်အခြာပိုင်မှု့ကို ပြသသည်။ ကျမ်းစာ က ၊ ""ထာဝရဘုရားသည် ကောင်းကင်မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှကို ပြုတော်မူ၏။""ဟုဆိုသည်။ (ဆာလံ ၁၃၅း၆)

ကျမ်းစာက အရာခပ်သိမ်းသည် ဘုရားသခင်၏ ""အစေခံများ"" ဖြစ်ကြသည်ဟုဆိုသည်။ တနည်းအားဖြင့် ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များ ပြီးပြည့်စုံစေရန်အတွက် အရာခပ်သိမ်းကို အသုံးပြုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့က လူကောင်းများနှင့် ဘ၀၏ကောင်းသော အရာများသာ ဘုရားသခင်ကို အစေခံကြသည်ဟု တွေးလေ့ရှိကြသည်။ သို့သော် ကျမ်းစာက ကောင်းသောအရာများ၊ ဆိုးသောအရာများ အပါအ၀င် အရာခပ်သိမ်းသည် ဘုရားသခင်၏အစေခံများဖြစ်ကြပြီး သူ၏အလိုတော် အတိုင်း လုပ်ဆောင်ရမည်ဟု ပြောထားသည်။

ဆာလံ ၁၁၉ ၌ ဒါဝိဒ်က သူသည် သူ့အတွက် ""တွင်းတူး""ထားသော မာနကြီးသူများ၏ ""၀ါးမြိုခြင်းကို ခံရလုနီးပါး""ဖြစ်ခဲ့ကြောင်းနှင့် မှားယွင်းစွာညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံရကြောင်းကို ပြောထားသည်။ ဤသို့သော နှောင့်ယှက်ခြင်းများ၊ ဒုက္ခပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရစဉ်တွင်ပင်၊ ""အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ သစ္စာတော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည်အမြဲနေရပါ၏။ ခပ်သိမ်းသောအရာတို့ သည် ကိုယ်တော်၏ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင် အောင် အမြဲနေကြပါ၏။""ဟု ဆိုသည်။ (ဆာလံ ၁၁၉း၈၉-၉၁)

ဒါဝိဒ်သည် ဤကြီးမြတ်သော အမှန်တရားကို နားလည်ခဲ့သည်။ ""အရာခပ်သိမ်းသည် ဘုရား သခင်၏ကျွန်(အစေခံ)ဖြစ်သောကြောင့် သူ၏ အလိုတော်အတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ သဘာဝ တရား၏ရက်စက်ကြမ်းကြုတ် ပြင်းထန်သောအရာများတောင်မှ သူ့ကိုအစေခံ၍သူ၏ နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေရမည်ဖြစ်သည်။ ကျမ်းစာက ""မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ မီးနှင့် မိုဃ်းသီး၊ မိုးပွင့်နှင့် အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း.....""ဟုဆိုသည်။ (ဆာ ၁၄၈း၇-၈)

အရာခပ်သိမ်းသည် ဘုရားသခင်၏ကျွန်များဖြစ်ကြသည်။ သဘာဝတရားသာမက လူများ၊ နိုင်ငံ များ၊ ဘုရင်များနှင့် အရာခပ်သိမ်းသည် ဘုရားသခင်၏ ထိန်းချုပ်မှု့အောက်၌ရှိနေသည်။ ကျမ်းစာက ""ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍၊ ထာဝရဘုရား၏လက်တော်၌ ရှိသဖြင့်၊ အလိုတော် ရှိသည်အတိုင်း လှည့်စေတော်မူ၏။""ဟုဆိုသည်။ (သုတ၊္တံ ၂၁း၁)

ဘုရားသခင်သည် သူ၏အလိုတော်ကို ပြီးပြည့်စုံစေရန်အတွက် စာတန်နှင့်စာတန်၏ကျွန်များကို တောင်မှအသုံးပြုသည်။ သခင်ယေရှု၏ သေခြင်းကို ကြံစည်ခဲ့သူမှာ စာတန်ဖြစ်သည်။ ယေရှုအား သစ္စာဖောက်ရန် ယုဒ၏စိတ်နှလုံးအတွင်းသို့ ၀င်ရောက်ပြောဆိုခဲ့သူမှာလည်း စာတန်ဖြစ်သည်။ သခင်အား အသေသတ်ရန် လူအုပ်ကြီးအား အော်ဟစ်ပြောဆိုအောင် လှုံ့ဆော်ပေးသူမှာလည်း စာတန်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လူသားကို ကယ်တင်မည့် အလိုတော်ပြီးပြည့်စုံစေရန်အတွက် စာတန်နှင့် သူ၏ ကောက်ကျစ်သောနောက်လိုက်များသည် အသုံးချခြင်းခံခဲ့ရသည်။

(၂) ဘုရားသခင်သည် ကောင်းမြတ်ကြောင်းကို ယုံကြည်ရမည်။

စုံစမ်းနှောင့်ယှက်ခြင်းများနှင့် ခက်ခဲမှု့များသည် ကျွန်ုပ်တို့ထံရောက်လာချိန်တွင် စာတန်သည် သူ၏အတွေးမှားများကို ကျွန်ုပ်တို့၏ စိတ်နှလုံး ထဲ သို့ ထည့်ရန်ကြိုးစားသည်။ သူက ဤသို့ သင့်ကို အကြံ ပေးလိမ့်မည်။ ""ဘုရားသခင် သင့်ကိုတကယ်မချစ်ပါဘူး။ ကောင်းမြတ်သောဘုရားက ဘာကြောင့် ဤအရာ မျိုးကို ဘာကြောင့်ဖြစ်ခွင့်ပြုမှာလဲ""

ကျွန်ုပ်တို့သည် စာတန်၏အတွေးမှားကို လက်ခံပါက ထိုအတွေးများသည် ကျွန်ုပ်တို့ကို စိတ်ဓါတ် ကျစေပြီး မိမိကိုယ်ကို သနားစေလိမ့်မည်။ ကျွန်ုပ်တို့၏အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ ဤအရာ သည် မှန်ကန်သည်။ ကျမ်းစာက ""ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။""ဟု ဆိုသည်။ (ဆာလံ ၁၀၆း၁)

Prairie Bible Institute ကိုတည်ထောင်သူ L.E. Maxwell ကစုံစမ်းနှောင့်ယှက်ခြင်းအချို့ကို ကျွန်ုပ်တို့ထံရောက်လာစေရန် ခွင့်ပြုပေးခြင်း၌ ဘုရားသခင်သည် ကောင်းမြတ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ခြင်းက ဘုရားသခင်သည် ကြီးမြတ်ကြောင်းနှင့် ကျွန်ုပ်တို့ကို ကြွယ်ဝစွာ ရွေးနှုတ် နိုင် ကြောင်း ကို ယုံကြည်နိုင်စေသည်။

သူ့အရင်မွေးဖွားခဲ့သော အစ်ကို(၂)ယောက်နှင့် အမ(၁)ယောက်သည် ကိုယ်လက်အင်္ဂါစုံ၍ ကောင်းမွန်စွာ မွေးဖွားခဲ့သော်လည်း Charles Rentz မှာမူ လက်မောင်းနေရာမှာစ၍ တုံးတိဖြစ်နေပြီး ဒူးခေါင်းအောက်၌ ခြေနှစ်ချောင်းလည်း မပါလာပေ။ သူသည် ခရစ်စမတ်ရာသီတွင် မွေးဖွားခဲ့သည်။ ထိုခရစ်ယာန်မိသားစုသည် သူတို့၏အားလပ်ရက်ရာသီကို ဘုရားသခင်အား လမ်းပြပို့ဆောင်ပေးရန် အတွက်တောင်းခံသော ဆုတောင်းရာအချိန်ဖြစ်စေခဲ့သည်။ Charles ၏မိဘများက သူတို့၏သားသည် စိတ်ချို့ယွင်းမှု့မရှိကြောင်းကို သိသည်နှင့်တပြိုင်နက် ဖြစ်နိုင်သမျှ Charles ကိုအခြားကလေးများနှင့် တန်းတူ ရည်တူဆက်ဆံရန် ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့ကြသည်။ သူ့မိသားစု၊ မိတ်ဆွေများနှင့် ဆရာများက သူသည် အခြားသူများနှင့် မတူညီကွဲပြားစွာ ခံစားရတာမျိုး၊ လုပ်ဆောင်ရတာမျိုး မရှိရလေအောင် ကြိုးပမ်း ခဲ့ကြသည်။ သူတို့သည် သူ့ကိုတန်းတူရည်တူ ဆက်ဆံ၍""ဉဏ်ပညာရှိသူတဦးသည် ဘုရားသခင်၏ အလိုတော်ကို မေးခွန်းမထုတ်ပါ""ဟူ၍ သင်ကြားပေးခဲ့သည်။

Charles သည်မကြာမီ သင်ယူသိရှိခဲ့သည်မှာ ""လူတိုင်းတွင် ရင်ဆိုင်ကြုံတွေ့ရမည် စိန်ခေါ်မှု့များ ရှိသည်။ မိမိတို့၏အသက်မွေးဝမ်းကျောင်း အလုပ်ကို အကောင်းဆုံးလုပ်ကိုင်ရာ၌ဖြစ်စေ၊ ဘုရားသခင်က သူ့အတွက်အကောင်းဆုံးဖြစ်မည်ဟု ယူဆ၍ပေးထားသော ဆုကျေးဇူးများအားဖြင့် ဘုရားသခင်အား အစေခံရာတွင်ဖြစ်စေ၊ ထိုသို့သော စိန်ခေါ်မှု့များနှင့် တွေ့ကြုံရမည်ကို နားလည်ခဲ့သည်။

သူသည် သူ၏လက်မောင်းတုံးတိနှစ်ခုကြားတွင် ဘောပင်(သို့)ခဲတံကို ညှပ်၍သူ၏ပခုံးကိုလှုပ်ကာ စာရေးရန်ကြိုးပမ်းခဲ့သည်။ သူသည် ကောလိပ်ပညာရေးကို မသင်ယူခဲ့ရသော်လည်း သူသင်ယူနိုင်သမျှ အရာအားလုံးကို သင်ယူခဲ့သည်။ အကောင်းဆုံး သူသင်ယူခဲ့သည်အရာမှာ ဘုရားသခင်ကို ချစ်ရန်နှင့် ယုံကြည်ရန်ဖြစ်သည်။

ယနေ့တွင် Charles သည် သူ၏နေ့စဉ်အသက်တာတွင် ကိုယ်ကာယပိုင်းအရ လုပ်ဆောင်ရန် လိုအပ်သောအရာအားလုံးကို လုပ်ဆောင် နိုင် သည်။ သူသည် ကားကိုကောင်းမွန်စွာ မောင်းနှင်နိုင်ပြီး ချိုင်းထောက်ဖြင့် လှေကားအတက်အဆင်းကိုလည်း ယုံကြည်ချက်အပြည့်ဖြင့် တက်ဆင်းနိုင်ပြီး မိမိ၏ ရုံးခန်းထဲရှိ သာမန်ထိုင်ခုံ၌လည်း ကောင်းမွန်စွာထိုင်နိုင်သည်။ သူသည် တယ်လီဖုန်းဆက်နိုင်၊ စာရိုက်နိုင်၊ အထောက်အကူပြုစက်ဖြင့် အသုံးပြုနိုင်၊ Piano တီးနိုင်သည်။ သူ၏အပေါ်ဆုံးအင်္ကျီကြယ်သီးကိုမတတ်နိုင်သည်ကလွဲ၍ အ၀တ်အစားကိုအစအဆုံး ကောင်းမွန်စွာ ၀တ်ဆင် နိုင်သည်။ သူ၏ လည်စီးကိုပင် မိမိဘာသာဝတ်ဆင်နိုင် သည်။ သူ့အိမ်(သို့)ရုံးခန်း၌ မည်သည်စက်ပစ္စည်းချို့ယွင်းပျက်စီးသည်ဖြစ်စေ၊ ယေဘုယျအားဖြင့် သူသည် မိမိဘာသာပြုပြင်နိုင်သည်။ သူ့လက်ရော၊ ခြေရောမရှိသည့်အချက်ကိုထည့်တွက်ပါက အထက်ပါအရာများသည်တမူထူးခြားသည်။

Charles သည် ၀န်ဆောင်မှုဌာန၏၀န်ထမ်း၊ မော်တော်ကားအရောင်းဝန်ထမ်း၊ အာမခံ ကိုယ်စားလှယ်နှင့် သူ့မြို့နယ်တွင် တရား၏ တတ်စွမ်း သော စာရေးတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည်။ သူ့တွင် နှစ်လိုဖွယ်အိမ်တစ်လုံးနှင့် သစ္စာရှိသောမိသားစုတစ်စုရှိသည်။ သူ့မိန်းမက ""ကျွန်မဘ၀မှာ အကောင်းဆုံး အကျိုးဖြစ်ထွန်းစေတဲ့အရာကတော့ Charles နှင့်အတူနေရခြင်းပါပဲ"" ဟူ၍ရင်ဖွင့်ခဲ့သည်။

ဤလူသည် ဘာကြောင့်ရဲစွမ်းသတ်္တိရေးရာ၌ စံတင်လောက်သူဖြစ်ခဲ့သနည်း။ Charles ကိုယ်တိုင်က ဤလျှို့ဝှက်ချက်ကိုပြောပြသည်။ ""ကျွန်ုပ်အပေါ် ကောင်းချီးများစွာသွန်းလောင်းပေးတဲ့ ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ကိုယုံကြည်ခြင်းအပေါ်မှာ ကျွန်တော့်ရဲ့ဘ၀တစ်ခုလုံးကို တည်ဆောက်ခဲ့ ပါတယ်။""


(၃) ဘုရားသခင်၏အလိုတော်သည် ပြီးပြည့်စုံစွာကောင်းမွန်သည်ကို ယုံကြည်ရမည်။

ဘ၀တွင် ကျွန်ုပ်တို့ရှင်းမပြ နိုင်သောဆန်း ကြယ်မှုများစွာ ရှိနေသည်။ ခရစ်ယာန်များသည် အခြားသူ များနည်းတူကြေကွဲဝမ်းနည်း စရာများကိုတွေ့ကြုံခံစားရမည်။ ကျွန်ုပ်တို့သည် အခြေအနေအရပ်ရပ်တို့ကို နားလည်နိုင်ရန်ခက်ခဲနေခြင်းမှာ ကျွန်ုပ်တို့သည်အခြေအနေတို့ကို လူ့အမြင်ဖြင့်သာ ကြည့်၍ ဘုရားသခင် မြင်သောအမြင်အားဖြင့် မကြည့်သောကြောင့်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် အမှားမပြုလုပ်ပါ။ ဤ ကျဆုံးနေသောကမ္ဘာ၌ အရာရာတို့သည် မည်သို့ဖြစ်နေသည်ဖြစ်စေ၊ ဘုရားသခင်၏လုပ်ဆောင်မှုအားလုံးသည် ပြီးပြည့်စုံစွာကောင်းမွန်သည်။ သူ၏လုပ်ဆောင်ပုံနည်းလမ်းသည် ဒီထက်မကောင်းနိုင်တော့ပါ။ ကျမ်းစာက ""ဘုရားသခင်စီရင်တော်မူသောအမှုသည်စုံလင်သည်"" ဟုဆိုသည်။ (ဆာ ၁၈း၃၀)

ပုံဥပမာတစ်ခုရှိသည်။ တစ်ခါက လူတစ်ဦးသည် နာရီတစ်လုံးကို တီထွင်ပြုလုပ်ပြီး နာရီကိုလုံးဝ မမြင်ဖူးသောသူ့မိတ်ဆွေကိုပြသခဲ့သည်။ နာရီကို ဒီဇိုင်းထွင်သူသည် နာရီ၏နောက်ဖုံးကိုဖွင့်၍ မိတ်ဆွေကို ပြပြီး ""နာရီပြုလုပ်သူဟာ ဘယ်လိုလူဖြစ်မလဲ"" ဟုမေးလိုက်သည်။ သူ့မိတ်ဆွေသည် ဦးတည်ချက် အမျိုးမျိုးဖြင့် လှည့်ပတ်နေသောဘီးသေး၊ ဘီးကြီးများနှင့် တစ်ချို့ဘီးကြီးများက လျင်မြန်စွာလှည့်ပတ်နေ ၍တစ်ချို့ကနှေးကွေးစွာ လှည့်ပတ်နေပုံကိုမြင်သောအခါ ဤသို့မှတ်ချက်ချခဲ့သည်။ ""ဒီနာရီပြုလုပ်သူဟာ အရူးပဲဖြစ်ရမယ်။""

ထို့နောက် နာရီပြုလုပ်သူသည် နာရီ၏ရှေ့ဘက်ကို သူ့မိတ်ဆွေအားပြ၍ ""ကဲအခု၊ နာရီပြုလုပ်သူ ဟာ ဘယ်လိုလူဖြစ်မလဲ"" ဟု ထပ်မေး လိုက်သည်။ မိတ်ဆွေဖြစ်သူသည် နာရီ၏အရှေ့ဘက်တွင် နာရီလက်တံနှစ်ခုသည် ဒိုင်ခွက်ပေါ်တွင်စည်းချက်ကျစွာ၊ ချောမွေ့စွာ ရွေ့လျားနေပြီး နေ့တစ်နေ့၏အချိန် ကိုတိကျစွာပြသနေပုံကို မြင်တွေ့သောအခါ ""ဒီနာရီကိုပြုလုပ်သူဟာ ဤကမ္ဘာပေါ်မှာ ပညာအရှိဆုံးလူပဲ ဖြစ်ရမယ်"" ဟူ၍ မှတ်ချက်ချခဲ့သည်။

ဤပုံဥပမာသည် ဘ၀အသက်တာနှင့်စပ်လျဉ်း၍ အကြီးမြတ်ဆုံးအမှန်တရားကို ကျွန်ုပ်တို့အား သင်ကြားသိရှိစေရန် ကူညီပေးသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိစဉ်ကာလ၌ ကမ္ဘာဘက်ခြမ်းရှိ ဘုရား သခင်၏လုပ်ဆောင်မှုများကိုသာမြင်သောကြောင့် သူ၏ပြီးပြည့်စုံသောဒီဇိုင်းနှင့် အစီအစဉ်ကို မမြင်နိုင်ကြပါ။ ""ဘီးများ""သည် ဦးတည်ချက်အမျိုးမျိုးဖြင့် ရွေ့လျားနေပြီး တစ်ခါတစ်ရံဦးတည်ချက်နှင့်ဒီဇိုင်းပင် မရှိဟုထင်ရသည်။ သို့သော်တစ်နေ့တွင် ကျွန်ုပ်တို့သည် ကောင်းကင်ဘုံဘက်ခြမ်းမှ ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကိုမြင်တွေ့နိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့၏ဘ၀အတွက် သူ၏ပြီးပြည့်စုံသောဒီဇိုင်းနှင့်အစီအစဉ် ကိုနားလည်ကြသောအခါ ""သခင်၊ ကိုယ်တော်ကိုချီးမွမ်းကျေးဇူးတင်လိုပါ၏။ သခင်၏စီရင်တော်မူချက် တို့သည် ဧကန်အမှန်ပင် ပြီးပြည့်စုံပါသည်။"" ဟုပြောကြမည်ဖြစ်သည်။


(၄) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အလိုကို ဘုရားသခင်ထံ အရှုံးပေး အပ်နှံရမည်။

ကျွန်ုပ်တို့၏ခံစားချက်များ(Feelings)၊ ဆန္ဒများ(Desires)၏နောက်ကွယ်၌ အရာရာတိုင်းကို ဆုံးဖြတ်ချုပ်ထိန်းသော အရာတစ်ခုသည် ကျွန်ုပ်တို့အတွင်း၌ရှိသည်။ ထိုအရာမှာအဘယ်နည်း။ ကျွန်ုပ်တို့၏စိတ်အလို(WILL)ဖြစ်သည်။ သမ္မာကျမ်းစာအခေါ် ""စိတ်နှလုံး"" (သို့) ကျွန်ုပ်တို့၏ စိတ်အလို(WILL)သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို မြဲမြံစွာချုပ်ထိန်းထားသည်။ ကျွန်ုပ်တို့အား တခုခုကို ဆုံးဖြတ်စေ၍ ပြုလုပ်သောအရာမှာ ကျွန်ုပ်တို့၏ ခံစားချက်များနှင့် တောင့်တချက် များမဟုတ်ပါ။ ကျွန်ုပ်တို့၏အလို(WILL) ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို လုံးလုံး လျားလျား ထိန်းချုပ်နိုင်ရန် အတွက် သူသည် ကျွန်ုပ်တို့၏အလို(WILL) ကို ပိုင်ဆိုင် ထားရမည်။ ဘုရားသခင်က ""ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့"" ဟုပြောသောအခါ၊ ကျွန်ုပ်တို့၏အလို(WILL)ကို သူ့အား အရှုံးပေးအပ်နှံရန် ပြောနေခြင်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ခံစားချက်များနှင့် တောင့်တ ချက်များကို ပေးရန် မတောင်းဆိုပါ။ ကျွန်ုပ်တို့၏စိတ်အလို(WILL)ကိုသာ သူအလိုရှိသည်။

ဘုရားသခင်၏အလိုတော်သည်သာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သော်လည်း သူ့အလိုအတိုင်း အတင်းအကြပ် မလုပ်ဆောင်စေပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏လွတ်လပ်သောအလိုကို ကျွန်ုပ် တို့ထံမှ မယူဆောင်သွားပါ။ သို့သော်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလိုကို ဘုရားသခင်ထံ အရှုံးပေး မအပ်နှံပါက ကျွန်ုပ်တို့၏ဘ၀အတွက် သူ၏ပြီးပြည့်စုံသော အစီအစဉ်ကို လက်လွှတ်ကြရမည်။

ကျွန်ုပ်တို့အလိုကို ဘုရားသခင်ထံသို့ အရှုံးပေး အပ်နှံခြင်းဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဆိုလိုသည် မှာ ဘုရားသခင်အလိုရှိသော အရာရာတိုင်း ကို အချိန်တိုင်း၌ ကျွန်ုပ်တို့ကလည်း အလိုရှိကြခြင်းဖြစ်သည်။ ဤသို့အလိုရှိခြင်းသည် ကျွန်ုပ်တို့ဘ၀အတွက် ဘုရားသခင်၏အစီအစဉ်ကို ပြုလုပ်ပေးရန် အခွင့်ပေး ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်သော အစေခံတစ်ဦးက ""ကျွန်ုပ်တို့၏အလိုကို ကိုယ်တော်၏ အလိုအတိုင်း ဖြစ်တော်မူပါ""ဟူ၍ ဆုတောင်းခဲ့သည်။


(၅) ဘုရားသခင်ကိုချစ်သောသူတို့၏အကျိုးစီးပွားအတွက် အရာရာတိုင်းက အတူတကွလုပ်ဆောင် လျက်ရှိသည်ကို ယုံကြည်ပါ။

ဘုရားသခင်၏သားသမီးတဦး၏ ဘ၀၌ ဖြစ်ပျက်သမျှအရာအားလုံးတို့သည် မတော်တဆဖြစ်ခြင်း မဟုတ်ပါ။ ဘုရားသခင်က ဤအရာတို့ကို ကျွန်ုပ်တို့ဘ၀၌ ဖြစ်ပျက်စေရန် ညွှန်ကြားထား၊ ခွင့်ပြုထားသောကြောင့် ဤအရာတို့ ဖြစ်ပျက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဘ၀၌ ဖြစ်ပျက်သမျှ အရာ အားလုံး တို့သည် ကျွန်ုပ်တို့၏ ထာဝရကာလအကျိုးစီးပွားအတွက် အတူတကွ လုပ်ဆောင်ပေးကြသည်။ ကျမ်းစာက ""ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။""ဟုဆိုသည်။ (ရော ၈း၂၈)

ဘုရားသခင်သည် အချုပ်အချာအာဏာပိုင်သူဖြစ်သောကြောင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ကို ချစ်သောသူတို့အဖို့ တညီ တညွတ်တည်းလုပ်ဆောင်ကြသည်ကို ကျွန်ုပ်တို့ သေချာသိနိုင်သည်။ အရာခပ်သိမ်းတို့သည် သူ၏ကျွန်များဖြစ်သောကြောင့် ဘုရားသခင်သည် အရာ ခပ်သိမ်းကို သူချစ်သောသူ များအား အစေခံကြရန် ညွှန်ကြားထားသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် အရာခပ်သိမ်းတို့က မည်သို့ လုပ်ဆောင် နေကြသည်ကို ကျွန်ုပ်တို့မမြင်နိုင်သော်လည်း သိနိုင်သည်။ ဘုရားသခင်က ထိုသို့ ပြောထားသောကြောင့် ဖြစ်သည်။


(၆) ဘုရားသခင်၏လက်တော်မှ အရာအားလုံးကို ကျွန်ုပ်တို့ လက်ခံရမည်။

ဘုရားသခင်ကို ယုံကြည်သော သားသမီးတဦးသည် မည်သူက သူ့ထံသို့ ယူဆောင်လာသည်ဖြစ်စေ သူလက်ခံရရှိသောအရာအားလုံးသည် ဘုရားသခင်ဆီမှသာ လာသည်။ သင်က ဤသို့ပြောလိမ့်မည်။ ""ကျွန်ုပ်ထံသို့ရောက်လာသောအရာတခုသည် ဘုရားသခင်ဆီမှလာတာ သေချာပါက လက်ခံနိုင်သည်။ သို့သော် အခြားသူတဦး၏ ပျက်ကွက်မှုများ၊ စိတ်ပုပ်မှုနှင့် အပြစ်ကြောင့် ကျွန်ုပ်ထံရောက်လာပါက လက်မခံနိုင်ပါ။""

ဘုရားသခင်သည် ထိုသို့သော ပျက်ကွက်မှုများ၊ အပြစ်များကို ဖန်တီးသူမဟုတ်ကြောင်းကို သိကြ ပါသည်။ သို့သော် ကျမ်းစာက ""ဘုရားသခင်က ဖြစ်စေရန်အလိုမရှိ၊ ဖြစ်ခွင့်မပေးပါက ဘုရားသခင်၏ သားသမီးတဦး၏ဘ၀၌ မည်သည့်အရာမျှ မဖြစ်ပျက်ပါ""ဟူ၍ပြောထားသည်။ အကယ်၍ ဘုရားသခင်သာ တစုံတခုကို ဖြစ်စေရန် အလိုရှိ၍ ဖြစ်ခွင့်ပေးခြင်းမှာ ထိုအရာသည် သူ့သားသမီးအတွက် အထွဋ်အထိပ် ကောင်းချီး မင်္ဂလာ တခု ဖြစ်သည်ဟု သူကမြင်သာသောကြောင့်ဖြစ်သည်။

ကျမ်းစာက ကျွန်ုပ်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ၀ှက်ထားလျက်ရှိသည်ဟု ဆိုသည်။(ကော၊ ၃း၃) ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့နှင့်အတူရှိပြီး ကျွန်ုပ်တို့ကို ၀န်းရံထားသည်။ ဘုရားသခင် ခွင့်မပြုဘဲ ဘယ်အရာကမှ ကျွန်ုပ်တို့ကို မထိနိုင်ပါ။ ကျွန်ုပ်တို့ထံ မလာ နိုင်ပါ။ အကယ်၍ သူသည် တစုံ တခုကိုလာရန် ခွင့်ပြုပါက၊ ထိုအရာသည် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးမည်ဟု သူမြင်သော ကြောင့် ဖြစ်သည်။ ထိုအရာသည် ဆိုးရွားသောလူများထံမှ လာခြင်းလည်းဖြစ်နိုင်ပြီး ကျွန်ုပ်တို့ကို မကောင်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ထိုအရာကို လုပ်ခြင်း လည်း ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က ခွင့်ပြု၍ ထိုအရာသည် ရောက်လာပါက ကျွန်ုပ်တို့ထံ ရောက်လာချိန်တွင် ထိုအရာသည် ကောင်းချီး တခု ဖြစ်လိမ့်မည်။

ယောသပ်ကို ဥပမာအနေဖြင့်ကြည့်ပါ။ သူ့အစ်ကိုများက သူ့ကိုမုန်းတီး၍ ကျွန်အဖြစ်ရောင်းစားသော ဖြစ်ရပ်မျိုးထက် သာ၍ဆိုးရွားသော ဖြစ်ရပ် အနည်းငယ်သာရှိလိမ့်မည်။ ယောသပ်၏အစ်ကိုများသည် သူ့ကို မကောင်းဖြစ်စေလိုသည်မှာ သံသယရှိစရာမလိုသလို ထိုအရာသည် အပြစ် ဖြစ်သည်။ သို့သော် ဘုရားသခင် သည်ထိုအရာကိုဖြစ်ခွင့်ပြုခဲ့ပြီး ယောသပ်ထံသို့ ထိုအရာရောက်ရှိလာချိန်တွင် ထိုအရာသည် သူ့အတွက် ဘုရားသခင် အလိုတော်ဖြစ်လာသည်။ ထိုအရာသည် သူ့ဘ၀တွင် အကြီးမားဆုံးသောကောင်းချီးအဖြစ် ပြောင်းလဲသွားသည်။ ယောသပ်သည် ထိုအချိန်က ထိုအရာကို မမြင်ခဲ့ပါ။ အချိန်တန်သောအခါ ယောသပ်သည် ထိုဖြစ်ရပ်တစ်ခုလုံး၌ ဘုရားသခင်၏ကောင်းချီးချပေးသောလက်တော်ကိုမြင်လာပြီး သူ့အစ်ကိုများကို ""သင်တို့သည် ကျွန်ုပ်ကိုညင်းဆဲမည်ကြံသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း လူများ အသက်ချမ်းသာစေခြင်းငှာ၊ ကျေးဇူးပြုတော် မူ၏။"" ဟုပြောခဲ့သည်။ (ကမ္ဘာ ၅၀း၂၀)


(၇) ကျွန်ုပ်တို့သည် ကျေးဇူးတော်ကို ချီးမွမ်းရမည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကိုင်တွယ်၍ ပြုမူဆက်ဆံခြင်းအားလုံးတို့၌ ကျွန်ုပ်တို့သည် သူ့အား ယုံကြည်ကြရန် သင်ကြားပေးနေသည်။ ကျွန်ုပ်တို့၏ ဘ၀အခြေအနေအရပ်ရပ်တို့၌ ဘုရားသခင်ကို ယုံကြည်ကြောင်းကို ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် သက်သေပြနိုင်သည်။ ကျမ်းစာက ""အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။"" ဟုဆိုသည်။ (၁သက် ၅း၁၈)


ခရစ်ယာန်အသက်တာပျော်ရွှင်မှုလျှို့ဝှက်ချက်

ခရစ်ယာန်အသက်တာပျော်ရွှင်မှု၏လျှို့ဝှက်ချက်မှာ အဘယ်နည်း။ အတိုချုပ်၍ပြောပါက ""ကျွန်ုပ် တို့၏ဘ၀အခြေအနေ အရပ်ရပ်တို့၌ ဘုရားသခင်ကိုမြင်ခြင်း"" ဖြစ်သည်။

ဤဘ၀တွင် ကျွန်ုပ်တို့အတွက် ရွေးချယ်ရမည့်အရာအမြဲတမ်းနှစ်ခုရှိသည်။ မိမိအမြင်အားဖြင့် လျှောက်လှမ်းရန်ရွေးချယ်နိုင်သလို ယုံကြည် ခြင်းအားဖြင့် လျှောက်လှမ်းရန်လည်း ရွေးချယ်နိုင်သည်။ မိမိ အမြင်အားဖြင့်အသက်ရှင်သည်ဆိုသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အခြေအနေ တို့ကို ကြည့်ပြီး ကျွန်ုပ်တို့မြင်သောအရာများအားဖြင့် လျှောက်လှမ်းသည်ကိုဆိုလိုသည်။ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းသည် ဆိုသည်မှာ ကျွန်ုပ်တို့၏ အခြေအနေတို့ကိုကျော်ကြည့်၍ နောက်ကွယ်၌ဘုရားသခင်၏ လုပ်ဆောင်နေမှုအား မြင်ခြင်းကိုဆိုလိုသည်။

ဘာကိုဆိုလိုလဲဆိုတာကို ဥပမာပေးပြီး ဖော်ပြပါမည်။ သင်သည် လှပ၍တောင်တန်းရှုမျှော်ခင်းကို မြင်နိုင်သောပြတင်းပေါက်တစ်ပေါက်တွင် ထိုင်နေသည်ဆိုပါစို့။ သင်လုပ်နိုင်သည့်အရာနှစ်ခုရှိသည်။ သင်သည် ပြတင်းပေါက်ကိုသာကြည့်၍ အနာအဆာများ၊ မပြည့်စုံမှုများနှင့် ပြည့်နှက် လျက် ရှိသော ပြတင်း မှန်ကိုသာ စိုက်ကြည့်နေနိုင်သည်။ ထိုသို့မဟုတ်ပါက သင်သည် ပြတင်းမှန်ကိုထွင်းဖောက်၍ကြည့်ပါက ဘုရားသခင်၏ ဖန်ဆင်းခြင်း လက်ရာ ရှုမျှော်ခင်းကိုမြင်တွေ့ခံစားနိုင်သည်။

ကျွန်ုပ်တို့၏ဘ၀အခြေအနေတို့၌ ကျွန်ုပ်တို့သည် မိမိအမြင်အားဖြင့်သာလျှောက်လှမ်းရန် ရွေးချယ် ပါက၊ ကျွန်ုပ်တို့တွင် ဖြစ်ပျက်နေသော အခြေအနေတို့ကိုသာမြင်ရမည်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းရန်ရွေးချယ်သောအခါတွင်မူ၊ ကျွန်ုပ်တို့၏အခြေအနေတို့ကို ကျော်၍ ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏လုပ်ဆောင်မှုကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ယုံကြည်ခြင်းဆိုသည်မှာ စိတ်ခံစားမှုတစ်ခုမဟုတ်ပါ။ ယုံကြည်ခြင်းဆိုသည်မှာ နှုတ်ကပတ်တော် ထဲတွင်ဘုရားသခင်ပြောထားသောအရာကို ယုံကြည်ရန်အတွက် ကျွန်ုပ်တို့စိတ်အလို၏ရွေးချယ်မှုဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် အခြေအနေတို့က မည်သို့ပင်ဖြစ်စေကာမူ သူ့အလိုတော်သည် ကောင်းမွန်ပြီးပြည့်စုံပြီး သင့်အတွက် အကောင်းဆုံးဖြစ်သည်ကို ယုံကြည်နိုင်သည်။ ယုံကြည်ခြင်းအားဖြင့် အရာခပ်သိမ်းသည် သူ၏ကျွန်များ ဖြစ်ကြ သည်ကို ယုံကြည်နိုင်သည်။ ယုံကြည်ခြင်းအားဖြင့် သင်၌ဖြစ်ပျက်သောအရာအားလုံး အတွက် သူ့ကိုကျေးဇူးတင်နိုင်သည်။ ယုံကြည်ခြင်းအားဖြင့် ""အရာခပ်သိမ်းသည် ကျွန်ုပ်တို့၏ထာဝရ ကာလအကျိုးအတွက် အတူတကွလုပ်ဆောင်လျက်ရှိသည်ကို ကျွန်ုပ်သိသည်။"" ဟုပြောနိုင်သည်။

စင်္ကြာဝဠာတစ်ခုလုံးသည် သူ့လက်တော်အတွင်း၌ရှိသည်ကို ကျွန်ုပ်တို့နားလည်လာကြပြီဖြစ်သည်။ အရင်က ဤကမ္ဘာထဲရှိအရာ အားလုံး သည် သူ့အလိုတော်မရှိလျှင် တစ်လက်မမျှ မရွေ့ဟုဆိုသောအချက်ကို နားလည်နိုင်ရန်ခက်ခဲသည်။ သို့သော် ယခုတွင်မူစကြ၀ဠာရှိ သဘာဝထက် လွန်ကဲသောအရာများ အပါ အ၀င်အရာရာတိုင်းကို သူသည် စေ့စေ့စပ်စပ်ကြည့်ရှု၍ လိမ္မာပါးနပ်စွာစီစဉ်ထားသည်ကိုသိကြသည်။ အရာ ခပ်သိမ်းသည် သူမှာကြား၍ဖြစ်စေ၊ သူခွင့်ပြု၍ဖြစ်စေ၊ ကျွန်ုပ်တို့ထံရောက်လာကြသည်ကို ကျွန်ုပ်တို့ အသိ အမှတ်ပြုကြသည်။

သခင်၏အခွင့်အာဏာတော် အုပ်စိုးခြင်းခံရသော စိတ်နှလုံးသည် ငြိမ်သက်ခြင်းရှိသော စိတ်နှလုံး ဖြစ်သည်။ တစ်ချိန်က ကျွန်ုပ်တို့သည် အလုပ်များစွာကိုလုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း၊ ယနေ့တွင်မူ သခင်ကိုသာ တည်ငြိမ်အေးဆေးစွာယုံကြည်သည်။ "တစ်ချိန်က ကျွန်ုပ်တို့တွင် အကြံ အစည်များ၊ အစီအစဉ်များ၊ ကျွန်ုပ်တို့၏ကိုယ်ပိုင်ရည်မှန်းချက်များရှိခဲ့သော်လည်း ယခုတွင်မူ ဘုရားသခင်၏အလိုတော်သည်သာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သည် ဟုခံယူပြီး သူ့အနီးအပါး၌ အနားယူခိုလှုံကြသည်" (Watchman Nee)။ "သူသည် အလုံးစုံတို့ကို လျှောက်ပတ်စွာ ပြုတော်မူပြီ။" (မာ၊ ၇း၃၇)


ရှာဖွေတွေ့ရှိသော ရတနာ

ပျော်ရွှင်သောအသက်တာ၏လျှို့ဝှက်ချက်သည် ကျွန်ုပ်တို့၏ဘ၀အခြေအနေ အရပ်ရပ်တို့၌ ဘုရားသခင်ကို မြင်ခြင်း ဖြစ်သည်။

မေးခွန်းများ

မှန်/မှား


(၁) ပျော်ရွှင်သောခရစ်ယာန်အသက်တာကို ရရှိရန်ခြေလှမ်းစတင်မလှမ်းမီ၊ ဤဘ၀၌ကျွန်ုပ်တို့သည် ဘာကိုရရှိရန် မျှော်လင့်နိုင်သည်ကိုသိထားရမည်။

(၂) ဤဘ၀၌ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ရည်မှန်းချက်ပန်းတိုင်မှာ ကျွန်ုပ်တို့အားပျော်ရွှင်စေရန် ဖြစ်သည်။

(၃) ဘုရားသခင်သည် အမြဲတမ်း အချုပ်အခြာအာဏာ ပိုင်သူဖြစ်သည်။

(၄) တစ်ခါတစ်ရံဆိုးသောအရာများသည် ကျွန်ုပ်တို့ဘ၀၌ဖြစ်ပျက်သော်လည်း၊ ထိုသို့ဖြစ်ပျက်ခြင်းသည် ဘုရားသခင်နှင့်မသက်ဆိုင်ပါ။

(၅) အတိုချုပ်ပြောပါက၊ ခရစ်ယာန်အသက်တာပျော်ရွှင်မှု၏လျှို့ဝှက်ချက်မှာ ကျွန်ုပ်တို့တွင်ဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်တို့၌ ဘုရားသခင်ကို မြင်ခြင်းဖြစ်သည်။

(၆) ကျွန်ုပ်တို့၏ခံစားချက်များ၊ စိတ်ခံစားမှုများ၏နောက်ကွယ်၌၊ အရာရာတိုင်းကိုဆုံးဖြတ်ထိန်းချုပ်သော အရာတစ်ခုသည် ကျွန်ုပ်တို့အတွင်း၌ရှိသည်။ ထိုအရာမှာအဘယ်နည်း။

(၇) ဘုရားသခင်သည် ကျွန်ုပ်တို့၏ခံစားချက်များအားသူ့ထံတွင် အရှုံးပေး အပ်နှံစေလိုသည်။

(၈) ခရစ်ယာန်တစ်ဦး၏ အသက်တာအတွင်းသို့ဝင်ရောက်လာသောအရာများသည် မတော်တဆ၀င်ရောက် လာခြင်းမဟုတ်ပါ။

(၉) ကျွန်ုပ်တို့ဘ၀တွင် ဖြစ်ပျက်နေသောအရာရာတိုင်းအတွက် ဘုရားသခင်အားကျေးဇူးတင်ခြင်းအားဖြင့် သူ့ကို ယုံကြည်ကြောင်းကို သက်သေ ပြနိုင်သည်။

(၁၀) ယုံကြည်ခြင်းဆိုသည်မှာ နှုတ်ကပတ်တော်ထဲတွင် ဘုရားသခင်ပြောထားသောအရာကို ယုံကြည်ရန် အတွက် ကျွန်ုပ်စိတ်နှလုံး အလို၏ ရွေးချယ်မှု ဖြစ်သည်။


ရဲလင်းထွန်း(အင်းစိန်)

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support