HCF

HCF MYANMAR IN SINGAPORE

Tuesday, August 27, 2013

အဖိုးဖြတ်၍မရသောလက်ဆောင်

                                                        Lesson 9 
                      အလွန်ချမ်းသာသည် သင်၏ဆွေမျိုးတဦးက သင့်အားအလွန်တန်ဖိုးကြီးသည့်   ကျောက်မြတ် ရတနာတစ်ခုကို လက်ဆောင်အဖြစ်ပေးသည်ဟု ဆိုကြပါစို့။ သင်တွေ့ဖူးသမျှသော စိန်များထဲတွင် ထိုစိန်ကြီးသည် အလှပဆုံးဖြစ်ပြီး အဖိုးလည်း မဖြတ်နိုင်ပါ။ ဤမျှတန်ဖိုးကြီးလှသော စိန်ကို သဘောတူညီမှု တစ်ခုဖြင့် သင့်အားပေးခဲ့ခြင်းဖြစ်သည်။ သဘော တူညီမှုမှာ သင့် ဘ၀၏ တစ်ချိန်ချိန်၌ သင်သည် ထိုစိန်ကြီးအား သင့်အတွက်အလွန်အရေးပါသူကို ဝေမျှ ပေးနိုင်သော အခွင့်ထူး သင့်၌ ရှိခြင်း ပင်ဖြစ်သည်။
သင်သည် ထိုစိန်ကို တဦးတည်းကိုသာ တကြိမ်တည်းပေးနိုင်သည်။ သင်သည် တကြိမ်ပေးပြီးပါက၊ ထိုအရာသည် အပြီးအပိုင်ပေးလိုက်သော အရာတစ်ခုဖြစ်လာမည်။ သင်သည် ဤလက်ဆောင်ကို မည်သို့ ကိုင်တွယ်မည်နည်း?
            သင်သည် ပထမဆုံးအကြိမ်မြင်ပြီး ချီးကျူးလေးစားခဲ့ရသောသူကို ပေးမည်လော့? သင်သည် ဤအရာကို သင်နှင့်တွေ့တာမကြာသေးဘဲ နောက်ထပ်တွေ့ရန်လည်း အကြောင်းမရှိသည့် သူကို ပေးမည်လော? သူ့အပေါ်တွင် ထားသော သင်၏အချစ်ကို သက်သေပြဖို့ရန်အတွက် ထိုအရာကို မဖြစ်မနေ ပေးရမည်ဟု ပြောသောသူအား သင်သည် ထိုအရာကို ပေးမည်လော? ဤလက်ဆောင်ကို ပေးရန်အတွက် မှန်ကန်သောလူကို သင်ဟာ ရှာဖွေနေတုံး၊ အခြား သူများ က ထိုကိစ္စနှင့်ပတ်သတ်၍ သင့်ကိုလှောင်ပြောင်ကြသောအခါ၊ သင်သည် ထိုလက်ဆောင်ကို တဦးဦးအား နမော်နမဲ့ ပေးလိုက် မည်လော? သင်က ဤသို့ပြော လိမ့်မည်။ ““ဘာလို့ပေးရမှာလဲ။ ကျွန်ုပ်ရဲ့အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်နဲ့ ထိုက်တန်တဲ့သူကိုတွေ့မှသာ ဒီလက်ဆောင်ကိုပေးမှာပါ။””

            လူငယ်လူရွယ်တိုင်းကို အဖိုးမဖြတ်နိုင်သောလက်ဆောင်တစ်ခုကို ပေးအပ်ထားသည်။ ထိုလက် ဆောင်မှာ သူ/သူမ၏အပျိုစင်ဘ၀ (သို့) လူပျိုဘ၀ပင်ဖြစ်သည်။ သင်သည် ဤလက်ဆောင်ကို တဦးတည်းကိုသာပေးနိုင်ပြီး တကြိမ် တခါတည်းသာပေးနိုင်သည်။ သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ၊ သင်၏အပျိုစင်ဘ၀သည် တန်ဖိုး မဖြတ် နိုင်ပါ။ သို့သော်လည်း လူများစွာတို့သည် ထိုအရာကို နမော်နမဲ့ ပေးတတ်ကြသည်။ သူတို့ ဘာလုပ်နေလဲဆိုတာကို သူတို့ သိပုံ မပေါ်ပါ။ သင်၏အပျိုစင်ဘ၀ကို အခြားသူတဦးအား ပေးအပ်လိုက်ခြင်းဟာ သင်၏အဖိုးတန် စိန်တုံးကြီးကို အခြားသူ တဦးအား ပေးလိုက်ခြင်းနဲ့တူပြီး လူငယ်များစွာတို့ဟာ ဤလက်ဆောင်နဲ့ မထိုက်တန်တဲ့သူကို ပေးမိလိုက်ပြီဆိုတာကို နောက်ပိုင်းမှ နားလည်လာကြပါတယ်။ ယခုတွင် ထိုလူသည် ထွက်ခွာသွားပြီး သူနှင့်အတူ သင်၏စိန်ကြီးလည်း ပါသွားပြီ ဖြစ်သည်။

            တစ်ခုတည်းသော အချစ်ဇာတ်လမ်းမှလွဲ၍ သင်၏အချစ်ဇာတ်လမ်းအားလုံးဟာ တနေ့တွင်အဆုံး သတ်သွားမည် ဖြစ်သည်။ အဆုံးမသတ်ဘဲ တည်တံ့ခဲ့သောအချစ်ဇာတ်လမ်းတစ်ခုတည်းကသာ အိမ်ထောင်ရေးဘ၀ဆီသို့ ဦးတည် သွားမည် ဖြစ်သည်။ သင်သည် သင်၏အဖိုးမဖြတ်နိုင်သော ရတနာကို အဆုံးသတ် ခဲ့သောအချစ်ဇာတ်လမ်းများ၌ တစုံ တဦးအား ပေးအပ်ခဲ့ပါက သင်သည် နောင်တရလိမ့်မည်။

            သင့်ရဲ့ ““တဦးတည်းသောသူ””ကိုတွေ့ပြီဟု မည်သို့သိနိုင်မည်နည်း? အစပိုင်းတွင် သင်သည် သေချာပေါက် မသိနိုင်ပါ။ ထို့ကြောင့် မှန်ကန်သောအချိန်နှင့် လူကို တွေ့သည်အထိ မိမိကိုယ်ကို စောင့်ထိန်းမည်ဟု သင်၏စိတ်ထဲ၌ ဆုံးဖြတ်ထားခြင်းဟာ သင့်အတွက် အကောင်းဆုံးပင်ဖြစ်သည်။ သင်လက်ထပ်မည့်သူဟာ မှန်ကန်သောလူဖြစ်ကြောင်းနှင့် သင် လက်ထပ်မည့်အချိန်ဟာလည်း မှန်သော အချိန်ဖြစ်ကြောင်းကို သေချာစေပါ။

            သင်က ““ဒါပေမယ့်၊ ကျွန်တော်/မ သူငယ်ချင်းအများစုက လိင်ဆက်ဆံနေကြတယ်”” ဟုပြောလိမ့်မည်။ သင်၏ သူငယ်ချင်းအားလုံးက လုပ်နေတာတောင်မှ ဤသို့လုပ်ခြင်းဟာ မမှန်ကန်ပါ။ အပြစ်တစ်ခု ဖြစ်သည်။ လက်မထပ်မီ ဆက်ဆံခဲ့သော လူ အများစုဟု သူတို့ရဲ့ဘ၀ နောက်ကြောင်းကို ပြန်တွေးတဲ့အခါ၊ နောင်တရကြပြီး ““အသုံးချ ခံခဲ့ရ””တယ်လို့လည်း ခံစားကြပါတယ်။ သင်သည် သင်၏အပျိုစင်ဘ၀ကို အခြားသူတဦးဦးအား ပေးလိုက် ပြီးသည် နှင့် တပြိုင်နက်၊ ထိုအရာကို လုံးဝပြန်မရနိုင်တော့ပါ။

            မိန်းကလေးအချို့သည် အပျိုစစ်စစ်ဖြစ်သော ၁၇ နှစ်အရွယ် ကောင်မလေးတဦး၏ဘ၀ကို စိတ်ပျက်ဖွယ် ဖြစ် အောင် လုပ်နေခဲ့သည်။ သူတို့သည် သူမအား ကျီစယ်လှောင်ပြောင်ကြပြီး ဖိအားများပေး နေခဲ့သည်။ သို့သော် တနေ့၌ မှန်ကန်သော အဖြေတစ်ခုဟာ သူမခေါင်းထဲသို့ ၀င်လာခဲ့သည်။ သူမက သူတို့အား ဤသို့ပြောခဲ့သည်။ ““ငါကနင်တို့လိုမျိုး အချိန်မရွေးဖြစ်နိုင်ပေမယ့်၊ နင်တို့ကတော့ ငါ့လိုမျိုး ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။””

            သင်၏သူငယ်ချင်းများက ဘာပဲလုပ်နေပါစေ၊ သင်၏အပျိုစစ်မှုအား တန်ဖိုးထားတက်ခြင်းဟာ သင့်ဘ၀အတွက် အကောင်းဆုံးပင်ဖြစ်တယ်ဆိုတာကို သင်နားလည်ရန်လိုအပ်သည်။ သူနှင့်အတူ သင်၏ ဘ၀ကို ဝေမျှခံစားလိုသည့်သူကို သင်တွေ့ပါက၊ ထိုသူအား သင်ပေးလိုသော လက်ဆောင်မှာ သင်၏ အပျိုစင်ဘ၀ (သို့) လူပျိုဘ၀ဖြစ်မည် မဟုတ်လော? ထိုလက်ဆောင်ထက် သာ၍ကောင်းသောလက်ဆောင်ရှိဦးမည်လော? ဤလက်ဆောင်ထက်သာ၍ အဖိုးထိုက်၍ အဓိပ္ပာယ်ရှိသော လက်ဆောင်မရှိပါ။ ဤအချက်ဟာ ယောက်ျားလေးများအတွက်ရော၊ မိန်းကလေးများအတွက်ပါ မှန်ကန် သည်။ ဤ လက်ဆောင်သည် တစ်ဘ၀လုံး တည်တံ့နေမည်ဖြစ်သော လက်ဆောင်ဖြစ်သည်။

            ယောက်ျားတဦးသည် မင်္ဂလာဦးည၌ သူ၏သတို့သမီးကို ပေးနိုင်သောအမြင့်မြတ်ဆုံးနှင့် အကောင်းဆုံး လက်ဆောင် မှာ သူ၏သန့်ရှင်းစင်ကြယ်မှုပင် ဖြစ်သည်။ ဤသို့ပေးခြင်းအားဖြင့် သင်ဟာ ကျွန်ုပ်အတွက် အလွန် အရေးပါ တဲ့ သူပါ။ ငါတို့ရဲ့အိမ်ထောင်ရေးဟာလည်း အလွန်အရေးကြီးတဲ့အတွက်ကြောင့် မင်းအတွက် ငါ့ကိုငါ ထိန်းသိမ်းခဲ့တယ် ဟုပြောနေခြင်းပင် ဖြစ်သည်။

            သင်နှင့်ပုဂ်္ဂိုလ်ရေးရာစကားအချို့ ဝေမျှပါရစေ။ နှစ်ပေါင်းများစွာအကြာက၊ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ သတို့ သမီးနှင့်အတူ လက်ထပ်ပွဲကျင်းပရာစင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေခဲ့တယ်။ ကျွန်တော့် အတွက် သူဟာ ကမ္ဘာပေါ်ရှိ အလှပဆုံးမိန်းကလေးဖြစ်ပြီး သူမလှပသလိုမျိုး ဖြူစင်သန့်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ကျမ်းကျိန်သစ္စာဆိုပြီး လက်စွပ်အပြန်အလှန်ဝတ်ပေးကြပါတယ်။ တဦးကိုတဦး ပေးဖို့ များစွာအဖိုးတန်တဲ့လက်ဆောင်တစ်ခု ကျွန်တော်တို့ နှစ်ဦး လုံး မှာ ရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ အပျို လူပျိုရည်စစ်မှုပင်ဖြစ်သည်။

            သူမရဲ့အပျိုစင်ဘ၀ကို ကျွန်တော့်အားပေးခြင်းထက် သာ၍ကောင်းသောလက်ဆောင်မျိုးကို ကျွန်တော့်အား သူမ ပေးနိုင်မည် မဟုတ်ပါ။ ကျွန်တော်ဟာ ဤလက်ဆောင်ကိုအလွန်နှစ်သက်မြတ်နိုး ခဲ့တယ်။ ထိုအချိန်မှစ၍ ယခုတိုင်အောင် နှစ်သက်မြတ်နိုးခဲ့ခြင်း ဖြစ်ပါတယ်။ သူမကလည်း ကျွန်တော့်လို ပဲ ပြောမှာသေချာပါတယ်။ ကျွန်တော်နဲ့ကျွန်တော့်မိန်းမ လက်ထပ်ခဲ့တာ အခုဆိုရင် ၆၅ နှစ်ရှိပြီဖြစ်ပြီး ကျွန်တော်တို့ဟာ အရင်ကထက်တောင် တဦးအပေါ်တဦးအချစ်တွေ ပိုလာ နေပါတယ်။

 ခါးသီးသောအသီးအနှံ

    ဆုံးဖြတ်ချက် ...... ဆုံးဖြတ်ချက် ..... ဆုံးဖြတ်ချက်

            ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်တွေကို အဆက်မပြတ်ချ နေရပါတယ်။ အဓိကအချက်မှာ သင်သည် ကောင်းသောဆုံးဖြတ်ချက် ၉၉ ခုကိုချနိုင်ပြီး မှားသောဆုံးဖြတ် ချက်တခုတည်းသာ ချမိ သော်လည်း၊ ထိုဆုံးဖြတ်ချက်တစ်ခုအတွက် တသက်လုံးနောင်တရနေနိုင်သည်။
            ““လက်မထပ်မီ လိင်ဆက်ဆံခြင်းအား သင်ဘယ်လိုမြင်သနည်း။”” ဟူသောမေးခွန်းမှာ လူငယ် အများစုက အကြံပြုဆွေးနွေးသူများအား ကြိမ်ဖန်များစွာမေးလေ့ရှိသော မေးခွန်းဖြစ်သည်။ သူတို့သိလိုသည်မှာ ““လက်မထပ်မီ ဆက် ဆံခြင်းအား NO ဟုပြောရန် ခိုင်မာသောအကြောင်းပြချက်များ ရှိပါသလား။ ရှိမယ်ဆိုရင် ထိုအကြောင်းပြချက်တွေကို သိလိုပါတယ်။

            လက်မထပ်မီဆက်ဆံခြင်းကို NO ဟုပြောရန်အတွက် ခိုင်မာသောအကြောင်းပြချက်များစွာရှိသည်။ ထို အကြောင်း ပြချက်များကို ဤကျမ်းပုဒ်တစ်ပုဒ်တည်းဖြင့် အနှစ်ချုပ်၍ ဖော်ပြနိုင်သည်။ ““အလွဲမယူကြနှင့် ..... လူသည် မျိုးစေ့ကြဲသည်အတိုင်း၊ အသီးအနှံကို ရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူ သည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံ (ခါးသောအသီးအနှံ) ကိုရိတ်ရလိမ့်မည်။”” ဂလာ ၆း၇

            ရှေးကျသောစကားပုံတစ်ခုက ဤသို့ဆိုသည်။ ““စားပါ၊ သောက်ပါ။ ပျော်ရွှင်ပါ။ မနက်ဖြန်ရောက်ရင် ကျွန်ုပ်တို့ သေမှာပဲ။ ဤစကားပုံနှင့်စပ်လျဉ်း၍ ပြဿနာမှာ ကျွန်တော်တို့ဟာ အများအားဖြင့် မနက်ဖြန် မှာသေမည်မဟုတ်ပါ။ ကျွန်ုပ်တို့လုပ်ဆောင်မှုများ၍ အသီးအနှံကို မနက်ဖြန်တွင် ရိတ်ရမည်ဖြစ်သည်။

လက်မထပ်မီဆက်ဆံခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သော ခါးသီးသည့်အသဲီးအနှံအချို့ကို လေ့လာ ကြပါစို့။

 စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းဆိုသည့် ခါးသီးသောအသီး

            မိမိ၌ ကိုယ်ဝန်ရှိပြီဟုသိသွားသော ငယ်ရွယ်သည့်မိန်းကလေးတစ်ဦးအတွက် ရွေးချယ်စရာအချို့ ရှိသော်လည်း တခုမှမကောင်းပါ။ များစွာတို့က ကိုယ်ဝန်ဖျက်ချရန် ရွေးချယ်ခြင်းမှာ ဤသို့ဖျက်ချခြင်းက အလွယ်ကူဆုံးနှင့် အမြန်ဆုံး အဖြေတစ်ခု ဖြစ်သည်ဟုထင်ကြသောကြောင့် ဖြစ်သည်။ မြန်လျှင်မြန်နိုင်သော်လည်း လွယ်ကူသည့် ဖြေရှင်းရန် နည်းလမ်း တော့ မဟုတ်ပါ။ ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ မမွေးဖွားရသေးသောသင်၏ရင်သွေးကို သတ်ခြင်းပင်ဖြစ်သည်။ ဤအခြင်းအရာသည် မိမိ၌အပြစ်ရှိနေသည်ဟု ရေရှည်ခံစားရမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရေရှည်နာကျင်ခြင်းကို ဖြစ်စေနိုင် သော အပြစ်တစ်ခုဖြစ်သည်။

            + Tansy သည် အသက် ၁၆ နှစ်အရွယ်၌ ဆေးစွဲနေစဉ်ကာလအတွင်း ကိုယ်ဝန်ဖျက်ချမှုတစ်ခု ပြုလုပ်ခဲ့သည်။ တစ်နှစ်ကြာပြီးနောက်၊ ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ရန်အတွက် ဆေးရုံ၌ရှိနေစဉ်ကာလ အတွင်း၊ သူမ၏ကိုယ်ဝန် ဖျက်ချ ခဲ့သည့် အတွေ့အကြုံကို နာရီပေါင်းများစွာပြန်ပြောင်းတွေးနေခဲ့သည်။ သူမသည် သူမ၏ကလေးငယ်ကို သတ်ခဲ့သော ကြောင့် ဘယ်သူကမှ သူမအား မချစ်တော့ပါ ဟုသူမခံစား ခဲ့ရသည်။

            + အသက် ၁၇ နှစ်အရွယ် Joan ဆိုသောမိန်းကလေးသည် သူမကိုယ်ဝန် ၁၂ ပတ်သက်တမ်းရောက် သောအခါ၊ ကိုယ်ဝန် ဖျက်ချခဲ့သည်။ သူမကို ကြည့်ရသည်မှာ အခြေအနေကောင်းပုံရသော်လည်း သူမ၏ ဒုတိယကိုယ်ဝန်ဆောင်ချိန်၌ ကလေးငယ်များ တစ်ညလုံးငိုနေသည့်အသံကို ကြားခဲ့ရပြီး နာကျင်မှုအားလုံးသည် သူမထံသို့ ပြန်လည်ရောက်ရှိ လာခဲ့ သည်။

            + Mirian သည် တမင်တကာဆေးကို အလွန်အကျွံသုံးစွဲပြီးနောက်၊ ဆေးရုံ၏အရေးပေါ်အခန်းထဲသို့ ခေါ်ဆောင် လာခြင်းကိုခံရသည်။ ပုံမှန်မိန်းကလေးဖြစ်ပါရက်နဲ့ ဘာကြောင့်သေကြောင်းကြံရန် ကြံစည်ခဲ့ သလဲဆိုတာကို သူမအား ကြည့်ရှုကုသပေးနေသော စိတ်ပညာရှင်က လေ့လာစူးစမ်းခဲ့သည်။ သူမနှင့် အင်တာဗျူးများစွာ ပြုလုပ်ခဲ့ပြီး နောက်၊ နောက်ဆုံးတွင် Mirian သည် သေကြောင်းကြံစည်ခဲ့သည့် အကြောင်းအရင်းကို ရှင်းပြခဲ့သည်။ အစောပိုင်း ၆ လခန့်က သူမဟာ ကိုယ်ဝန်တစ်ခုဖျက်ချထားခဲ့ပြီး သူမ သေကြောင်းကြံစည်သောနေ့မှာ သူမ၏ကလေးမွေးဖွားမည့်ရက်ကို အကြမ်းဖျင်း ခန့်မှန်းထားသောနေ့ ဖြစ်သည်။

ကိုယ်ဝန်ရှိခြင်း၏ ခါးသီးသောအသီး

            လက်မထပ်မီဆက်ဆံခြင်း၏ ခါးသီးသောအသီးများထဲမှ တစ်သီးမှာ ကိုယ်ဝန်ပင်ဖြစ်သည်။ အခြားတဦးဦးသာ၌ ဖြစ်လိမ့်မည် ဟု သင်လွယ်ကူစွာတွေးနိုင်သော်လည်း သင်၌လည်း ဖြစ်နိုင်ပါသည်။ ချောက်ချားခဲ့ရသော ညပေါင်းများစွာ ဖြတ်ကျော်ပြီးနောက် Denise ဟာ အိပ်ယာပေါ်မှာ လဲလျောင်းပြီး သူမ၏အဖေကိုမည်ကဲ့သို့ ပြောပြရမည်ကို အစမ်းလေ့ကျင့်နေခဲ့သည်။ သူမ၏စိတ်သည် Stop ခလုတ်ကိုနှိပ်ထားသော TV ဖန်သားပြင်ကဲ့သို့ မကြာခဏ အေးခဲ သွား တတ်သည်။ အမည်နာမ မခွဲခြားနိုင်တဲ့ အားတစ်ခုခုက Remote Control ဖြင့် သူမအား ထိန်းချုပ်ချယ်လှယ်နေသည် ဟု သူမ တွေးထင်ခဲ့သည်။ ဘာဆက်လုပ် ရမလဲဆိုတာကို Denise မသိခဲ့ပါ။  Ronnie အကြောင်းစဉ်းစားတဲ့အခါ၊ သူမရဲ့ မေးရိုးတွေက မာတောင့် သွားပါသည်။ သူဟာ ထွက်ခွာသွားပြီဖြစ်သည်။ ကိုယ်ဝန် ဖျက်ချရန် အတွက် ငွေရှာပေးမည်ဟု ပြောခဲ့သော သူ၏စကားလုံးများသည် သူ့ပါးစပ်ဖျားအတွင်းသို့ အလွယ်တကူ ရောက်လာ သကဲ့သို့ သူမ၏အချစ်ကို ဖော်ထုတ်ပြသရန်အတွက် သူနှင့်လိင်ဆက်ဆံရမည် ဟုလည်းအလွယ်တကူပြော ခဲ့သည်။ Denise ဟာ ၈ တန်းသာ ရှိသေးပြီး ရှောင်လွှဲ၍မရသော သူမ၏အဖေအား ဖုံးကွယ်ရန်ကြိုးစားနေသူ ဖြစ်သည်။ Ronnie အိပ်ခန်းထဲ၌ ကုန်ဆုံးခဲ့ သော ညကို သူမ၏စိတ်ထဲတွင် ထပ်ခါတလဲလဲမြင်ယောင်နေမိသည်။ အရောင်မရှိ၊ အသက်မရှိဘဲ၊ အရာအားလုံးဟာ ဖျော့တော့နေတဲ့ အမှတ်ရစရာတစ်ခုဖြစ်ပါတယ်။ ““ငါ့ကျမှ ဘာလို့ဖြစ်ရတာလဲ““ဟု Denise ကတွေးသည်။ ဤသို့သော အရာသည် သူမ၌လုံးဝမဖြစ်နိုင် လောက်ပါဟု သူမထင်ထားခဲ့သည်။

ငယ်ရွယ်သောမိခင်များအတွက် ပြဿနာကြီးများ၏ ခါးသီးသောအသီး

            လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေသည့်ဆယ်ကျော်သက် မိန်းကလေးများ၏ရာခိုင်နှုန်းများများသည် ကျောင်း ထွက်ကြပြီး လုပ်စာနိမ့်သောအလုပ်များကိုသာ ရရှိကြသည်။ မရပါက အစိုးရကပေးသော အထောက်အပံ့ဖြင့်သာ အသက်ရှင်ကြရသည်။ သူတို့၏ကလေးများကို မွေးဖွားရန်ဆုံးဖြတ်ချက်ချသော လက်မထပ်ရသေးသည့်   ငယ်ရွယ်သော မိခင်များ၏ဘ၀မှာ ခက်ခဲသည်။ ကလေးမမွေးမီ၊ သူမ၏အခန်းသည် ခပ်မှိန်မှိန်အရောင်မျိုးဖြင့်ချယ်ထားပြီး နံရံပေါ်တွင် လည်း သူမအကြိုက်နှစ်သက်ဆုံး Rock ‘n’ Rol   အနုပညာရှင်များ၏ ပုံများဖြင့်တန်ဆာဆင်ထားသည်။ ယခုတွင်မူ Rock ‘n’ Rol ကြယ်ပွင့်များ၏ပုံများကို ဖြုတ်ပစ်လိုက်ရပြီး အခန်းနံရံကိုလည်း အဖြူရောင်ဆေးဆိုးလိုက်သည်။ Angela ၏အခန်းသည် ၆ ပတ် သားအရွယ် Corey Allen ၏မူကြိုကျောင်းလေး ဖြစ်သွားခဲ့သည်။

            ၁၅ နှစ်သာရှိသေးသော Angela သည် မိမိကိုယ်ကိုမိခင်တဦးအနေဖြင့် မြင်နိုင်ရန်အတွက် အခက် အခဲရှိသည်။ ““ကျွန်မဟာ အရင်ကလို ငယ်ငယ်လေးပဲရှိပါသေးတယ်။ ဒီထက်ပိုပြီး ကြီးပြင်းလာအောင် မလုပ်နိုင်တော့ပါဘူး။”” ဟု သူမ က ဆိုသည်။ အမှန်တကယ်ပင် သူမသည် ဧည့်ခန်းထဲ၌ သာမန်ဆယ်ကျော် သက်လေးအတိုင်း ထိုင်ကာ Rock ဂီတပွဲသို့သွားရန်အတွက် သူမ၏မိဘများထံမှ ခွင့်တောင်းနေသည်။ ခွေးကလေးတစ်ကောင် မွေးနိုင်မလားဆိုတာကို မေးနေပြီး သူမအား ဘာမှလုပ်ခွင့် မပေးဘူး ဟုဆိုကာ စောဒကတက်နေသည်။

            “ကလေးများဟာ ကြီးမားသည့် ခြေလှမ်းတစ်ခုပါပဲ။ ဤကိစ္စနှင့်ပတ်သက်၍ သေချာစဉ်းစားခဲ့သင့်သည်။” သူမဟာ တာဝန်ဝတ္တရားများ၏ အလေးချိန်ကိုနားလည်စပြုလာသည်။ ““မနေ့တုန်းက ကျွန်မရဲ့ ကလေးကြောင့် အိမ်စာကို မလုပ်နိုင်ခဲပါဘူး။”” ဟုသူမ၏ ကောက်နေသောအညိုရောင်ဆံပင်လေး တွေကို တချက်သပ်ကာ ပြောသည်။ ““သူ့ကို ကျွေးပြီးရင်း ကျွေးနေရတယ်။ သူ့ကိုအောက်ချတဲ့အခါတိုင်းမှာ၊ သူက ပြန်ချီစေချင်တယ်။”” သူမက ထပ်မံ၍ ၀န်ခံသည်။ ““ကလေးတွေဟာ ကြီးမားတဲ့ခြေလှမ်းတစ်ခုပါပဲ။ ကျွန်မ ဤကိစ္စနှင့်ပတ်သက်ပြီး သေချာ စဉ်းစားခဲ့သင့် ပါတယ်။”” ဆယ်ကျော်သက်အမေများ၏ နို့စို့အရွယ် ရင်သွေးများ၏ နာမကျန်းဖြစ်မှုနှုန်းနှင့် သေပျောက်နှုန်းသည် မြင့်မားသည်။ သူတို့သည် နောက်ပိုင်းတွင် ကြီးပြင်း လာသောအခါ၊ ပညာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ ခံစား ရလေ့ ရှိသည်။ သူတို့ မိဘများ၏ မရင့်ကျက်မှုကြောင့် သူတို့ထဲမှများစွာတို့သည် ကလေးငယ်များအား အလွဲသုံးစားလုပ်သူများ၏ သားကောင်ဖြစ်သွားတတ်ကြသည်။

 လက်ထပ်ပြီးနောက် ဖြစ်ပေါ်လာသော ပြဿနာများ၏ခါးသီးသောအသီးအနှံ

            လက်မထပ်မီဆက်ဆံခြင်း၏ ပြင်းထန်ဆိုးဝါးသော ရလဒ်များထဲမှတစ်ခုမှာ လူတဦးသည် အတွေ့ အကြုံဆိုးနှင့် တွေ့ကြုံခံရသောကြောင့် လက်ထပ်သည့်အခါ၊ အိမ်ထောင်ရေးဘ၀ရှိ လိင်ပိုင်းဆိုင်ရာအခန်း ကဏ္ဍကို လက်မခံတော့ဘဲ၊ ထိုကဏ္ဍ၌၀မ်းမြောက်ခြင်းလည်း မရှိတော့ပါ။ လက်မထပ်မီဆက်ဆံခြင်း၏ အခြားဆိုးဝါးသောရလဒ်တစ်ခုမှာ ““နောက် ကြောင်းကို ပြန်မြင်ယောင်ခြင်း”” ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများပင် ဖြစ်သည်။ သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ လက်မထပ်မီဆက်ဆံခဲ့သောအတွေ့အကြုံသည် သင်၏စိတ်ကွန်ပြူတာထဲ၌ သိုလှောင် ထားခြင်း ခံရသည်။ နောက်ပိုင်းတွင်၊ သင်သည် ပျော်ရွှင်စွာဖြင့်လက်ထပ်ထားတာတောင်မှ သင်သည် ထိုအတွေ့ အကြုံ များ ကို ထင်ထင်ရှားရှား မြင်ရသော ““နောက်ကြောင်းကို ပြန်မြင်ယောင်ခြင်း”” များနှင့် တွေ့ကြုံရမည်ဖြစ်သည်။  သင်၏စိတ် ရုပ်ရှင်ရုံထဲ၌ ပြန်လည်ပြသသော အတွေ့အကြုံများဟာ ပြင်းထန်သောပြဿနာများကို ဖြစ်စေနိုင်သည်။

            ၃၃ နှစ်အရွယ်ရှိ မိန်းမတဦး၏အိမ်ထောင်ရေးတွင် ပြဿနာများတက်နေသည်။ သူမသည် သူမအလွန် လက်ထပ်လို၍ ခင်ပွန်းတစ်ဦးထံမှ သူမလိုလားသောအရာအားလုံးကို ပေးသောယောက်ျား တဦးနှင့်လက်ထပ်ထားသည်။ သူတို့တွင် ချစ်စရာကောင်းသောကလေးနှစ်ဦး ရှိသည်။ သူသည် ခင်ပွန်း ကောင်းတဦးတောက်လျှောက်ဖြစ်ခဲ့ပြီး သူမသည် သူမ၏နောက်ကြောင်းကို ထပ်ခါတလဲလဲမြင်ယောင်နေခြင်းကြောင့် စိတ်ပျက်လာပြီး စိတ်ပညာရှင်တဦးနှင့်သွားရောက် တွေ့ဆုံခဲ့သည်။ သူမက သူမဟာ သူမရဲ့ ခင်ပွန်းနဲ့ဆက်ဆံဖို့အတွက် သူမခင်ပွန်းရဲ့မျက်ဝန်းထဲကို ကြည့်လိုက်တဲ့အခါ၊ Jack (သို့) Ron (သို့) Steve ကိုမြင် လာပါတယ်။ ကျွန်မ Steve ကို နှစ်သက်မှုတောင်မရှိပါဘူး။ သူနဲ့ဆက်ဆံရေးဟာ ဆိုးဝါးတဲ့ပေါင်းသင်း ဆက်ဆံရေးတစ်ခုပါ။ ဒါပေမယ့် ဒီလူတွေကိုတွေးမိခြင်းဟာ ကျွန်မယောက်ျားအတွက် ကျွန်မရဲ့ စိတ်ဆန္ဒ ကိုထိခိုက်စေပါတယ်။ အခုဆိုရင် မိုက်ကယ်နဲ့ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမှာ လိင်ကိစ္စနဲ့ပတ်သက်ပြီး ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ ဤအရာသည် ခါးသီးသောအသီးအနှံတစ်ခုပင် ဖြစ်သည်။

 လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ၏ ခါးသီးသောအသီးအနှံ

            နေ့စဉ်နေ့တိုင်း လူငယ်ပေါင်းများစွာတို့သည် လိင်မှတဆင့် ကူးဆက်သော ရောဂါများ(STD) ၏ကူးစက်ခြင်းကို ခံရကြသည်။ လိင်မှတဆင့်ကူးစက်သော ရောဂါများ၏ပြသနာတစ်ခုမှာ ဤရောဂါများ ရှိနေခြင်းကို မသိဘဲ၊ အခြားသူ တစ်ဦးအား လက်ဆင့်ကမ်းပေးနိုင်သောကြောင့်ဖြစ်သည်။ အများအားဖြင့် သင်သည် တစုံတဦးအား ကြည့်ရုံမျှဖြင့် သူ၌လိင်မှတဆင့် ကူးစက်သောရောဂါရှိ မရှိကိုမသိနိုင်ပါ။ မကြာခဏပင်၊ သင် လုံးဝမမျှော်လင့်ထားသော သူ၌ပင် ရှိနေ တတ်သည်။ သင်အယုံကြည်ဆုံးသော သူမှာ ရုပ်ရည်သန့်ပြန်ပြီး၊ စတိုင်ကျကျဝတ်စားထားကာ၊ ဘုရားကျောင်း ပုံမှန် တက် သောသူဖြစ်ပါလိမ့်မည်။ မှားယွင်းသောသူနှင့် တကြိမ်သာတွေ့ဆုံ ဆက်ဆံခြင်းအားဖြင့် သင်သည် ရောဂါ ကူးစက်ခြင်း ခံရနိုင်သည်။ အချို့သော လိင်မှတဆင့်ကူးစက်သောရောဂါများကို မကုသနိုင်ပါ၊ STDs များကို ကုသ၍ မရနိုင် ပါ၊ STDs မျက်ကန်းခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ နှလုံးရောဂါနှင့် မျိုးပွားအင်္ဂါများအား ရေရှည်ပျက်စီးခြင်း များကို ဖြစ်စေ နိုင် သည်။

 STDs - Sexually Transmitted Disease

လိင်ကိစ္စဟာ အစီအစဉ်မရှိဘဲ ရုတ်တရက်လုပ်မိသွားနိုင်တဲ့အရာဖြစ်ပြီး အချိန်ကာလတိုတိုလေး အတွင်းမှာ စိတ်ဆန္ဒပြင်းပြလာမှုကြောင့် လုပ်မိသွားတဲ့အရာဖြစ်တယ်လိုဆိုကြပါတယ်။ ဤကိစ္စဟာ စဉ်းစားချင့်ချိန် တွေးခေါ်ခြင်း အပေါ်မှာ အခြေမတည်ထားဘူးလို့လည်း ပြောကြပါတယ်။ လူငယ်များသည် AIDS နှင့် အခြားသော လိင်မှတဆင့် ကူးစက်သည့်အရာများကို မကြောက်ကြခြင်းမှာ ဤရောဂါများသည် သူတို့၌လုံးဝဖြစ်မလာပါဟု ထင်ကြသောကြောင့် ဖြစ်သည်။ ကံမကောင်းစွာပင်၊ သူတို့အား ကူးစက် သွားကြသည်။ နေ့စဉ်နေ့တိုင်းပင် လူငယ်ထောင်ပေါင်းများစွာတို့သည် ကြောက်မက်ဖွယ်ကောင်းသော လိင်မှတဆင့် ကူးစက်ခြင်းကို ခံနေရသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင် တဦးက ဤသို့ဆိုသည်။ ““ဤကပ်ရောဂါဆိုးကြီး၏ ပြန့်ပွားမှုအခြေအနေကို သေချာမသိနိုင်ပါဘူး။ ဤရောဂါဖြစ် သူတွေရဲ့ အနည်းစုကသာ ကျန်းမာရေးဝန်ထမ်းတွေဆီကို သတင်းပို့ကြပါတယ်။ ပညာရှင်များက STDs များ၏ရောဂါ အမျိုးအစား ၂၅ မျိုးခန့်သည် နှစ်စဉ်၊ အများအားဖြင့် ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက် ပြီးစ လူကြီးတွေကို အဓိက တိုက်ခိုက်တယ်လိုဆိုပါတယ်။ ဤ STDs ရောဂါများကို ထိန်းချုပ်၍ရသော ““သာမန်လူမှုရေးရောဂါ”” များဟူ၍ သတ်မှတ်လိုက်၍ မရပါ။ STDs များက ဖြစ်စေသော လိင်အင်္ဂါအနာများ သည် AIDS ဗိုင်းရပ်စ်ပိုးဝင်ရောက်ရန်အတွက် ၀င်ပေါက်များပင်ဖြစ်သည်။

            အခြားသူများကဲ့သို့ပင်၊ လူငယ်လူရွယ်များသည်လည်း ကိုယ်ကျင့်တရားမရှိစွာ လိင်ဆက်ဆံမှု၏အဖိုးအခကို ပေးရမည်ဖြစ်သည်။ အခြားသူများကဲ့သို့ပင်၊ သူတို့က ““အခြားသူတဦးဦးကိုတော့ ဒီရောဂါစွဲကပ်နိုင်ပေမယ့်၊ ငါ့ကိုတော့ မကူးစက်နိုင်ပါဘူး””ဟု ထင်လိမ့်မည်။

            ထို့နောက် အခြားသူများကဲ့သို့ပင် သူတို့သည် သူတို့၌ကုသ၍မရနိုင်သော လိင်မှတဆင့် ကူးစက်သည့် ရောဂါ တစ်ခု ရှိနေပြီဆိုတာကို သိရှိသွားချိန်၌ ထိတ်လန့်တုန်လှုပ်သွားတတ်ကြသည်။ ဤရောဂါများသည် ၀မ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်မှုကို ဤရောဂါရှိသောလူထံသို့ သယ်ဆောင်လာသည်။ ပို၍ ၀မ်းနည်းဖွယ်ကောင်းသည့် အချက်မှာ အပြစ် ကင်း စင်သော ကလေးငယ်များသည်လည်း ဤသို့သောရောဂါ ဆိုးများကို သူတို့၏မိဘများထံမှတဆင့် ကူးစက်နိုင်ပြီး ဤရောဂါ၏ဆိုး ကျိုးများကိုလည်း သူတို့ဘ၀ တစ်လျှောက်လုံး၌ ခံစားသွားကြရမည်ဖြစ်သည်။

လိင်မှတဆင့် ကူးစက်သောရောဂါ (STD) အမျိုးအစားပေါင်း ၅၀ ကျော်ရှိပြီး ရောဂါအသစ် အဆန်းများလည်း နှစ်စဉ်ဖြစ်ပေါ်နေသည်။ လူငယ်များတိုက်ခိုက်နေသော အဖြစ်အများဆုံး STD များထဲမှ အချို့ကိုသာ လေ့လာကြည့်ပါမည်။

STD : လိင်အင်္ဂါ Herpes ရောဂါ

            Herpes သည် ယေဘုယျအားဖြင့် ရောဂါအသစ်တစ်ခုဖြစ်ပြီး အဆမတန် ကူးစက်လွယ်သော ရောဂါဖြစ်သည်။ လိင်ဆက်ဆံပြီးနောက် ၂-ရက်မှ ရက် ၃၀ အတောအတွင်း ရောဂါလက္ခဏာများအပေါ် လာလေ့ရှိသည်။ သို့သော်လည်း လူအချို့တွင် ရောဂါလက္ခဏာလုံးဝမပြသော်လည်း၊ သူတို့တွင်ဤရောဂါ ရှိနေတတ်သည်။ အရေပြား (သို့) ပေါ်ရှိ အပေါက်လေးများမှတဆင့် ကိုယ်ခန္ဓာအတွင်းသို့ တိုးဝင်လာသော ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဤရောဂါဖြစ်ပွားခြင်း ဖြစ် သည်။ ဤပိုးသည် လိင်အင်္ဂါများနှင့် ပါးစပ်ပေါ်တွင် နာကျင်၍ယားယံသော အရည်ကြည်ဖုများကို ဖြစ်ပေါ်စေသည်။ အရည်ကြည်ဖုများသည် ၃ပတ်ခန့်အကြာတွင် ပျောက်သွားမည်ဖြစ်သည်။ သို့သော် သင့်တွင် Herpes ရောဂါရှိဆဲဖြစ်ပြီး ထိုအရည်ကြည်ဖုများသည် နောက်တဖန်ပေါက်လာလိမ့်မည်။ Herpes ရောဂါကို ကုသ၍မရနိုင်ပါ။ ဆရာဝန်တဦးက “Herpes က သင့်ကို သေစေမှာမဟုတ်သလို၊ သင်ကလည်း သူ့ကိုသတ်လို့မရပါဘူး။”ဟု ဆိုသည်။ Herpes ရောဂါရှိ သော မိခင်သည် မီးဖွားစဉ်အတွင်း ဤရောဂါကို မိမိ၏ရင်သွေးငယ်အား ကူးစက်စေနိုင်သည်။

            ၁၇ နှစ်အရွယ် မိန်းကလေးတဦးသည် ပထမဆုံးအကြိမ် လိင်ဆက်ဆံရာ၌ Herpes ရောဂါစွဲကပ်ခဲ့သည်။ သူမ၏ကိစ္စ၌ ရာသီသွေးဆင်းခြင်းက ဤ Herpes ရောဂါပြန်နှံ့ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။ အရေကြည်ဖုလုံးများသည် ၁၆ ရက်ကြာပေါက်သည်။ ဤနာကျင်၍ ယားယံစေသော အနာများသည် သူမ ကိုယ်ပေါ်တွင် လစဉ်လတိုင်း ၁၆ ရက်ကြာ ပေါက်နေတော့မည်ဖြစ်သည်။

              Herpes ရောဂါသည်များနှင့် စပ်လျဉ်း၍ နာကျင်မှုတစိတ်တဒေသမှာ မိမိဟာပျက်စီးသွားပြီဟု ထင်သွားကြခြင်း ပင်ဖြစ်သည်။ မိမိ၌အပြစ်ရှိသည်ဟူသော ပြင်းထန်သည့် ခံစားချက်မျိုးကို ခံစားရရုံမက၊ သူတို့ဟာ မသန့်ရှင်းတော့ဘဲ အညစ်အကြေးစွန်းထင်းသွားပြီဟု သူတို့ခံစားရကြသည်။ မိန်းမတဦးက ““ကျွန်မတို့ဟာ ချစ်ဖို့အတွက် တစုံတဦးကို ရှာဖွေနေကြတယ်။ ဤကမ္ဘာပေါ်မှာ သင့်အချစ်ကို တွေ့နိုင်ဖို့ အခွင့်အရေးဟာ နည်းပါးပါတယ်။ ဒါပေမယ့် သူတို့က Herpes ရောဂါကိုပါ သင့်ကိုပေးလိုက်တဲ့အခါ၊ သင်က “အခုချိန်မှာ ဘယ်သူက ငါ့ကိုလိုချင်တော့မှာလဲဟူ၍ စတင် တွေး လိမ့်မည်။ Herpes  ရောဂါခံစားရ နေသူတဦးဟာ ဆရာဝန်တဦးရဲ့ ရုံးခန်းထဲကို ငိုယိုကာပြေးဝင်လာပြီး ““အခုကျွန်မကို ဘယ်သူကမျှ လိုချင် တော့မှာမဟုတ်ဘူး“ဟု ပြောခဲ့သည်။

STD : ဆစ်ဖလစ်ရောဂါ

            ဆစ်ဖလစ်သည် STDs ရောဂါအဟောင်းများထဲမှ တစ်ခုဖြစ်သော်လည်း၊ သေစေနိုင်သောအလုပ်မျိုး ကို လုပ် ဆောင်သည်။ လိင်ဆက်ဆံပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပါးစပ်နှင့်လိင်အင်္ဂါ များပေါ်၌ နာကျင်ခြင်း မရှိသော နီညိုရောင်အနာများဖြစ်ပေါ်လာမည် ဖြစ်သည်။ တစ်ပတ်မှငါးပတ်အတွင်း ၌အနာများမှာ ပျောက်သွား သော် လည်း၊ သင်တွင် ဆစ်ပလစ်ရောဂါရှိဆဲဖြစ်သည်။

            ဆစ်ပလစ်ရောဂါကို မကုသပါက၊ ဤရောဂါသည် လေဖြတ်ခြင်း၊ မျက်စိကန်းခြင်း၊ နှလုံပျက်စီးခြင်း၊ ဦးနှောက် ပျက်စီးခြင်းနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။ မိခင်တဦးသည် မီးဖွားစဉ်အတွင်း၊ မိမိ၏ ရင်သွေးငယ်အား ဆစ်ပလစ် ရောဂါကို ကူးစက်စေနိုင်သည်။ ဆစ်ပလစ်ရောဂါသည် ကုသ၍ပျောက်နိုင် သော်လည်း ထိုရောဂါရှိသူနှင့် လိင် ဆက်ဆံ သည့် အကြိမ်တိုင်းတွင် သင်သည်ဤရောဂါကို ရနိုင်ပါသည်။

 STD : ဂနိုရီးယားရောဂါ

ဂနိုရီးယားရောဂါဖြစ်နေခဲ့သည်မှာ အတန်ကြာပြီးဖြစ်သည်။ လိင်ဆက်ဆံပြီးနောက် ၂ရက်မှ ၂၁ရက် အတွင်း ရောဂါ လက္ခဏာများပေါ်လာတတ်သည်။ ယောက်ျားနှင့်မိန်းမအများစုတွင် ရောဂါလက္ခဏာ မပြသော်လည်း၊ ဤရောဂါ ရှိနေပြီး အခြားသူများအား ကူးစက်ပျံ့ပွားနိုင်သည်။ ရောဂါလက္ခဏာပေါ်လာသောအခါတွင်မူ၊ ယောက်ျားများသည် ဆီးသွားရာတွင် ပူလောင်သည့်ခံစားမှုမျိုးကို ခံစားရပြီး မိန်းမများမှာမူ အနည်းငယ်ပူပြီး ယားယံမှုကို တွေ့ကြုံ ခံစား မည်ဖြစ်သည်။ ရောဂါလက္ခဏာပြသော သူများတွင် အချိန်အတန်ကြာ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း ရောဂါပျောက် သွားခြင်းတော့မဟုတ်ပါ။ ဤရောဂါသည် အောက်ဘက်သို့ ငုံ့လျှိုးသွားခြင်းဖြစ်ပြီ ထိုနေရာ၌ သေစေနိုင် သောသူ၏လုပ်ငန်းဆောင်တာကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

ဂနိုရီးယားရောဂါကို မကုသဘဲထားပါက၊ ဤရောဂါသည် အဆစ်အမြစ်နာကျင်ခြင်း၊ နှလုံး ပြဿနာများ၊ အရေပြားရောဂါများ၊ မျက်စိကန်းခြင်းနှင့် မြုံခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဂနိုရီးယားရောဂါကြောင့် ယောက်ျားနှင့် မိန်းမ များစွာတို့ဟာ ကလေးမရနိုင်တော့ပါ။ တချိန်က၊ ဂနိုရီးယားကို ပင်နီဆီလင် ဖြင့်လွယ်ကူစွာ ကုသနိုင်ခဲ့သော်လည်း။ ယခုတွင်မူ ပင်နီဆီလင်မတိုးသော အမျိုးအစားသစ်တခုဖြစ်ပေါ်နေသည်။ သင်သည် ဤရောဂါရှိသူနှင့် ကြိမ်ဖန်များစွာ ဆက်ဆံသည်နှင့်အမျှ ဤရောဂါကို ပြန်လည်ကူးစက် နိုင်သည်။

ခါးသီးသောအသီး - ကျွန်မဟာ မိန်းကလေးတဦးဖြစ်ပြီး အသက် ၁၈နှစ်ရှိပါပြီ။ ဒီလမှာ လက်ထပ်ဖို့အတွက် ကျွန်မ မျှော်မှန်းထားခဲ့ပါတယ်။ ကျွန်မရဲ့ချစ်သူက စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းလိုက်ပါတယ်။ အကြောင်း အရင်းကတော့ ကျွန်မဟာ ကလေးမရနိုင်လို့ပါဘဲ။ လွန်ခဲ့တဲ့နှစ်အနည်း ငယ်ခန့်က ကျွန်မဟာအခြားသူတွေ လုပ်သလိုမျိုး လိုက်လုပ်ခဲ့မိတယ်။ ကျွန်မတို့အားလုံးဟာ စိတ်ရှုပ်ထွေး နေခဲ့ကြပါတယ်။ ကျွန်မဟာ ဂနိုရီယားရောဂါကို စွဲကပ်ခဲ့ပေမယ့် ရောဂါရှိမှန်းမသိခဲ့ပါဘူး။ ပြီးခဲ့တဲ့လမှာ တော့ ဆရာဝန်တဦးက ဤရောဂါကို ကျွန်မဆီမှ တွေ့ရှိခဲ့ပါတယ်။ ဤရောဂါဟာ ကျွန်မကိုမိခင်တဦးမဖြစ် လာအောင် တားဆီးမယ်လို့ သူကပြောပါတယ်။ ကျွန်မဟာ သေချင်စိတ်ပေါက်ခဲ့ပါတယ်။

STD : Chlamydia

အလျင်အမြန်ပျံ့ပွားနေသော STD တစ်ခုမှာ ကလာမိုင်ဒီးယားဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၃သန်းမှ ၅ သန်းခန့်သည် ဤရောဂါ ““အသစ်””ကို ရနေကြသည်။ ယောက်ျားနှင့်မိန်းမအများစု တွင် ရောဂါလက္ခဏာ လုံးဝမပြပါ။ အချို့ယောက်ျားများသည် ဆီးသွားချိန်၌ ပူလောင်သည့်ခံစားမှုမျိုးကို ခံစားရတတ်သည်။ မိန်းမများသည် လိင်အင်္ဂါ ယားယံခြင်းကို ခံစားရပြီး အဖျားအနည်းငယ်တက်သည်။ သင့်တွင် ကလာမိုင်းဒီးယားရှိနေသည်ဟု သံသယရှိပါက၊ ဤရောဂါရှိ၊ မရှိ သိနိုင်ရန်အတွက် အသေချာ ဆုံးနည်းလမ်းမှာ ဆရာဝန်၏စမ်းသပ်မှုကို ခံရန်ဖြစ်သည်။ အချိန်မီ ကုသပါက၊ ကလာမိုင်ဒီးယားကို ကုသ ပျောက်ကင်းနိုင်သည်။ မကုသဘဲထားပါက၊ ပို၍ပြင်းထန်သောကူးစက်ခြင်းများကို ဤရောဂါက ဖြစ်စေနိုင်သည်။ ဤရောဂါကြောင့် မျိုးပွားအင်္ဂါများသည် အတည်တကျပျက်စီးသွားနိုင်သည်။ ယောက်ျားများ ရော၊ မိန်းမများပါကလေးမရနိုင်ခြင်းမျိုး ဖြစ်လာနိုင်သည်။ မိခင်တဦးသည် မီးဖွားစဉ်အတွင်း ဤရောဂါကို သူမ၏ ရင်သွေးငယ်အား ကူးစက်စေနိုင်သည်။ သူမ၏ကလေးသည် မျက်စိတဖက်သာပါလာပြီး အဆုတ် ရောဂါများဖြင့် မွေးဖွားလာနိုင်သည်။


STD : HPV

 ““ဒီပိုးဟာ အလွန်ကူးစက်မြန်ပါတယ်””ဟု  STDs ပညာရှင်တဦးက ပြောသည်။ “AIDS သာမရှိခဲ့ ဘူးဆိုရင်၊ ဤပိုးနှင့်ပတ်သက်တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေဟာ သတင်းစာတိုင်းရဲ့ရှေ့မျက်နှာဖုံး ပေါ်မှာ ပါလာမှာ ဖြစ်ပါတယ်”” ဤဆရာဝန်က လူသန်းပေါင်းများစွာကို ထိခိုက်စေသော အလျင်အမြန် ကူးစက်ပျံ့နှံ့နေသည့် AIDS ရောဂါအသစ်များထဲမှ  တစ်ခုဖြစ်သော HPV ရောဂါအကြောင်းကို ပြောနေ ခြင်းဖြစ်သည်။ HPV ရောဂါ (ဤရောဂါကိုဖြစ်စေသော ဗိုင်းရပ်ပိုး၏နာမည်အတိုင်း ရောဂါနာမည်ကိုမှည့်ထား) သည် ဆယ်ကျော်သက် မိန်းကလေး များအား အဓိကခြောက်လှန့်လျက်ရှိသည်။ ဤရောဂါသည် လိင် မှတဆင့် ကူးစက်၍ နာကျင်ကာ မကြာခဏ ပင် ကုသ၍မရနိုင်ပါ။ ယောက်ျားများနှင့် မိန်းမများ၌ ဤ ရောဂါ၏အဓိကရောဂါလက္ခဏာမှာ ကြွတ်နို့များ ပေါက်ခြင်း ပင် ဖြစ်သည်။ ဤရောဂါကိုရသောအခါ မည်သို့ခံစားရမည်နည်း? ကြွတ်နို့ရှိသော မိန်းကလေးငယ်တိုင်းကို မေးကြည့်ပါ။ ဘယ်သူက အကျည်းတန် သောကြွက်နို့များကို လိုချင်မည်နည်း? ကြွက်နို့များသည် မိန်းမကိုယ်အတွင်း၌ပင် ပေါက်နိုင် သည်။ ဤကြွက်နို့များအား အေးခဲစေခြင်း၊ လောင်ကျွမ်းစေခြင်း၊ ဓာတုအရည်များနှင့် ခွဲစိတ်ခြင်းအားဖြင့် ဆရာဝန်များက ဖယ်ရှား ပစ်နိုင်သည်။

သာမန်ကုသခြင်းအားဖြင့် HPV ကိုမဖယ်ရှားပစ်နိုင်ပါ။ ဤရောဂါသည် နှစ်အတန်ကြာ ““ငုပ်”” သွားနိုင်ပြီး၊ နောက်ပိုင်းကျမှ ကြွက်နို့များပြန်ဖြစ်ပေါ်လာလိမ့်မည်။ အဆိုးဆုံးမှာ HPV ရောဂါအမျိုးအစား အချို့သည် လည်ပင်း ကင်ဆာ ဖြစ်စေနိုင်သည်။ ဤဗိုင်းရပ်ကို သယ်ဆောင်သူများသည် သူတို့၌ ဤရောဂါ ရှိနေသည်ကို မသိရှိကြပေ။ သူတို့နှင့် သူတို့၏လိင်ဆက်ဆံဖက်များပေါ်၌ မည်သို့သောအန္တရာယ် များကျရောက် နိုင်သည်ကို နားမလည်ကြပေ။

အကောင်းဆုံးသောလိင်ဆက်ဆံမှု

            အကယ်၍ သင်သည် ညံ့ဖျင်းသောလိင် ဆက်ဆံမှု၊ ကောင်းသောလိင်ဆက်ဆံမှု နှင့် အကောင်းဆုံးသော လိင် ဆက်ဆံမှု ၃ ခုကြားတွင် တစ်ခုကိုရွေးချယ်ရမည်ဆိုပါက သင်ဘာကိုရွေးချယ်မည်နည်း? သင်သည် အကောင်းဆုံးသော လိင်ဆက်ဆံမှုကိုသာ ရွေးချယ်မှာပေါ့။
            ၁။ အကောင်းဆုံးသော လိင်ဆက်ဆံ မှုကို ရရန်အတွက် လိုအပ်သော အရည် အသွေး များ မှာ အဘယ်နည်း? ယောက်ျားနှင့် မိန်းမနှစ်ဦးတို့သည် တဦးကိုတဦး စစ်မှန်သောအချစ်ဖြင့် ချစ်ကြသည့်အခါမျိုးတွင် အကောင်းဆုံးသော လိင်ဆက်ဆံမှုကို ရနိုင်သည်။ တစုံတဦးအား ချစ်ခြင်းနှင့် ““အချစ်ကိုပြုလုပ်ခြင်း”” နှစ်ခုသည် မတူညီ ပါ။ ““အချစ်ကိုပြုလုပ်ခြင်း”” ဆိုသည်မှာ စစ်မှန်သော အချစ်မရှိဘဲ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။

            အထက်တန်းကျောင်းတစ်ခုရှိ ယောက်ျားလေးများသည် မိန်းကလေးများနိုင်သမျှ များများနှင့် လိင်ဆက်ဆံ ကြရန်ဟူသော ရည်မှန်းချက်မျိုးဖြင့် ကလပ်တစ်ခုကို တည်ထောင်ခဲ့သည်။ သူတို့လိင်ဆက်ဆံသည့်အကြိမ်ကို ရေတွက်ရန်အတွက် အမှတ်ပေးသည့်စနစ်ကို ထားရှိသည်။ ပထမနေရာမှ ပန်းဝင်ခဲ့သော ယောက်ျားသည် အမှတ် ၇၀ ရခဲ့သည်။ ဆိုလိုသည်မှာ မိန်းကလေးပေါင်း အယောက် ၇၀ နှင့်လိင်ဆက်ဆံ ခဲ့ခြင်းဖြစ်သည်။ ဤအခြင်းအရာသည် များစွာသောလိင်ဆက်ဆံမှုဖြစ်သော်လည်း၊ အကောင်ဆုံးသော လိင် ဆက်ဆံမှုတော့မဟုတ်ပါ။

            မိန်းကလေးတဦးက သူမဟာ ယောက်ျားအချို့ရဲ့ စာရင်းထဲမှာ အမှတ်စဉ်တစ်ခုသာဖြစ်တာကို သိနားလည် သွားတဲ့ အချိန်မှာ သူမ မည်သို့ ခံစားရမည်ကို သင်တွေးနေလိမ့်မည်။ သင်သည် လိင်ဆက်ဆံဖက်များစွာနှင့် အကြိမ်ပေါင်းများစွာဆက်ဆံနိုင်သော်လည်း သင်၏နှလုံးသားကိုမူ ကျေနပ်စေလိမ့်မည်။ မဟုတ်ကြောင်းကို သင် သိလာ လိမ့်မည်။ သင်နားလည်သည်ဖြစ်စေ၊ မနားလည်သည်ဖြစ်စေ၊ သူလိုအပ် သောအရာနှင့် သင်အမှန်တကယ်ရှာဖွေနေသော အရာမှာ လိင်မဟုတ်ဘဲ၊ သင့်အားအစစ်အမှန်ချစ်ပြီး သင့် အတွက် အမှန်တကယ် ဂရုစိုက်သောသူတဦးဦးကိုသာ ဖြစ်သည်။ လူငယ်များသည် အချစ်စစ်ကို ရှာတွေ့ နိုင်မည်ဟုမျှော်လင့်ချက်နှင့် လိင်ကိစ္စကို အစောတလျင် ပြုလုပ်ကြ သော်လည်း၊ ဤသို့လုပ်ခြင်းသည် အချစ်စစ်ရှိရာသို့ သင့်အားလမ်းပြရန် ခေါ်သွားလိမ့်မည်မဟုတ်ပါ။ အမှန်မှာ၊ အချစ်စစ်ကို ရှာတွေ့နိုင် မည့် သင်၏အခွင့်အရေးများကိုပင် ဖျက်ဆီးပစ်သည်။

            ၂။ အကောင်းဆုံးသော လိင်ဆက်ဆံမှုမှာ သင်လေးစားမှုရှိသောသူတဦးနှင့် ဆက်ဆံခြင်းပင်ဖြစ်သည်။ သင် မလေးစား (သို့) လုံးဝဂရု မစိုက်သောသူနှင့် လိင်ဆက်ဆံမှု၌ ၀မ်းမြောက်နိုင်သော်လည်း၊ အကောင်း ဆုံးသော လိင် ဆက်ဆံမှု တော့ မဟုတ်ပါ။
            ၃။ အကောင်းဆုံးသော လိင်ဆက်ဆံမှုအား သင်သည်လွတ်လပ်မှုကို အပြည့်အ၀ရရှိချိန်၌ ရရှိသည်။ သင်ဟာ ရောဂါတစ်ခုကူးစက်မှာနှင့် ကောင်မလေးကိုယ်ဝန်ရသွားမှာကို စိုးရိမ်ကြောင့်ကြနေပါက၊ လိင် ဆက်ဆံမှု၌ အပြည့်အ၀ ၀မ်းမမြောက်နိုင်ပါ။ အကောင်းဆုံးသောလိင်ဆက်ဆံမှုအား စိုးရိမ်ကြောင့်ကြမှုမရှိ၊ ရှက် ကြောက် စရာ အကြောင်းမရှိ၊ သြတ္တပ္ပစိတ် ရှုပ်ထွေးမှုမရှိသောအချိန် တွင် ရရှိသည်။
            ၄။ လိင်ဆက်ဆံသူနှစ်ဦးသည် တဦးအပေါ်တဦး ခိုင်မာစွာ ဆပ်ကပ်အပ်နှံထားမှုရှိသောအချိန် တွင် အကောင်းဆုံးသော လိင်ဆက်ဆံမှုကို ရရှိသည်။ စစ်မှန်သောအချစ်တွင် ဆပ်ကပ်အပ်နှံထားမှုရှိပြီး ထိုနေရာ၌ အစဉ်အမြဲတည်ရှိနေမည်ဖြစ်သည်။ သင်သည် သူ(သို့)သူမအား လိုအပ်သည့် အချိန် တွင် သင့် ချစ်သူသည် သင့်အတွက် ထိုနေရာတွင် ရှိနေလိမ့်မည်။

            မိမိတို့၏ အိမ်ထောင်ရေးအပေါ်သို့ ဆပ်ကပ်အပ်နှံထားမှုမရှိဘဲ အတူတကွ နေထိုင်ကြသော ဓလေ့ သည် လူငယ်များကြားတွင် ခေတ်စားလျက်ရှိသည်။ ယောက်ျားများသည် အများအားဖြင့် ““အတူတကွ နေထိုင်ခြင်း”” ဟူသော အစီအစဉ်ကို နှစ်သက်ကြသည်။ အကြောင်းမှာ သူတို့၏ ညစ်ပတ်သောအ၀တ်များ ကို လျှော်ရန်၊ အစားအစာကို ချက်ပြုတ်ရန်နှင့် သူတို့လိုအပ်သောအချိန်တွင် လိင်ပိုင်းအရ ၀န်ဆောင်မှုပေး ရန်အတွက် တစုံတဦးကို အဆင်သင့် ရနိုင်သောကြောင့်ဖြစ်သည်။ သူတို့ဘက်မှ တာဝန် အနည်းငယ် သာယူထားပြီး သူတို့စိတ်တိုင်းကျ သွားလာနိုင်သည်။

            မိန်းမများမှာမူ ထိုကဲ့သို့မဟုတ်ပါ။ အတူတကွ နေထိုင်လျက်ရှိသော မိန်းမများက အဓိကတိုင် တန်းကြသော အချက်မှာ ““တခါတရံ၊ ကျွန်မဟာ အသုံးချခြင်းကို ခံနေရတယ်လို့ ခံစားမိပါတယ်”” ပင်ဖြစ် သည်။ သူတို့ဟာ တနေ့ကျရင် လက်ထပ်လိုကြပြီး သူတို့၏မျှော်လင့်ချက်များမှာ အများအားဖြင့် အရာ မထင်ဖြစ်သွားလေ့ရှိသည်။

            ၅။ အကောင်းဆုံးသောလိင်ဆက်ဆံမှုတွင် ပို၍ပို၍ကောင်းလာအောင် (လေ့ကျင့်ဖို့) အချိန်လိုအပ်သည်။ လိင် ဆက်ဆံ မှုသည် သင်ယူရန်အတွက် အချိန်ယူရမည်ဖြစ်သော နူးညံ့သည့် အပြုအမူတစ်ခုဖြစ် သည်။ ယောက်ျားတဦး နှင့် မိန်းမတဦးသည် လိင်နှင့်စပ်လျဉ်း၍ မတူညီကွဲပြားစွာ တုံ့ပြန်သည်။ ကွဲပြား စွာ တုံ့ပြန်သောပုံစံများစွာရှိသော်လည်း၊ ရိုးရှင်း သော ကွဲပြားမှုတစ်ခုမှာ ယောက်ျားများက မြန်မြန်လုပ်လို ကြသော်လည်း၊ မိန်းမများက ဖြေးဖြေးသာ သွားလို ကြသည်။

            ၆။ အကောင်းဆုံးသော လိင်ဆက်ဆံမှုအား နှစ်ဦးစလုံးက တဦးကိုတဦးကျေနပ်နှစ်သက်စေရန်အတွက် ဆန္ဒ ရှိသော အချိန်တွင် ရရှိသည်။ အကောင်းဆုံးသော လိင်ဆက်ဆံမှုကို ရရှိနိုင်ရန် လေ့ကျင့်ဖို့အတွက် အချိန် လိုအပ် သည်။ အခြားသူတဦးဦးနှင့် လေ့ကျင့်ခြင်းမျိုးမဟုတ်ဘဲ၊ သင်၏အိမ်ထောင်ဖက်နှင့်သာ လေ့ကျင့်ခြင်းဖြစ်သည်။ လုံခြုံ စိတ်ချ ရမှုရှိသော အခြေအနေမျိုး၌ အကောင်းဆုံးသော လိင်ဆက်ဆံမှုကို ရရှိသည်။ သင်သည် အိမ်ထောင်ရေး ဘ၀ အပြင်ဘက်၌ လိင်ဆက်ဆံခြင်း၌ ပျော်ရွှင်နိုင်သော်လည်း အကောင်း ဆုံးသောဆက်ဆံမှုသည် အိမ်ထောင်ရေးဘ၀၏ လုံခြုံမှုအောက်တွင်ရှိသည်။

            ကိုယ်ဝန်ရှိခြင်းသည် ငယ်ရွယ်သောမိန်းကလေးတဦး၏ဘ၀၌ ကပ်ဆိုးကြီးတစ်ခုဖြစ်လာနိုင်ပြီး အထူးခြား အကောင်းမွန်ဆုံးသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်နိုင်သည်။ လက်မထပ်ရသေးသည့် မိန်းကလေး တဦးသည် ဆရာဝန် တဦး ထံသို့သွားပြီး စစ်ဆေးရာ ကိုယ်ဝန်ရှိနေသည်။ သူသည် စိတ်ပျက်ကြေကွဲခဲ့ သည်။ ““ငါ့မှာကိုယ်ဝန်ရှိနေပြီ၊ အခု ငါ ဘာ ဆက်လုပ်ရမလဲ? သူမသည် အဆမတန်ကြီးမားသော ပြဿနာ များကို ရင်ဆိုင်ရတော့မည်ကို သူမသိသည်။ သူမ၏ဘ၀ဟာ အရင်ကကဲ့သို့ပြန်ဖြစ်မည်မဟုတ်တော့ပါ။ လက်ထပ်ထားသောငယ်ရွယ်သည့် မိန်းကလေးတဦးသည် သူမ၏ဆရာဝန်ကို သွားတွေ့သည်။ သူမက လည်း ထိုကဲ့သို့သတင်းကိုပင်ရရှိသည်။ သူမမှာကိုယ်ဝန်ရှိနေပြီ၊ သို့သော် ကွာဟမှုကြီးတစ်ခုမှာ သူမဟာ ပျော်ရွှင်စွာဖြင့် လက်ထပ်ထားခြင်းပင်ဖြစ်သည်။ သူမဟာ အလွန်ဝမ်းမြောက်သွားခဲ့သည်၊ သူမ၏ခင်ပွန်း ဖြစ်သူကို ဤသတင်းအား အမြန်ဆုံးသွားပြောပြချင်လိမ့်မည်။ သူမ၏ဆွေမျိုးများနှင့် မိတ်ဆွေများအား ဤသတင်းအား ပြောပြချင်မည်မှာ အသေအချာပင်ဖြစ်သည်။ ““ကျွန်မရင်သွေးလေးတဦးရတော့မယ်””

မေးခွန်းများ ( မှန် / မှား)

၁။    လူငယ်လူရွယ်တိုင်းအား အဖိုးမဖြတ်နိုင်သောလက်ဆောင်တစ်ခုကို ပေးအပ်ထားသည်။ ထိုလက် ဆောင်မှာ သူ(သို့) သူမ၏ လူပျိုဘ၀ (သို့) အပျိုစင်ဘ၀ ပင်ဖြစ်သည်။

၂။    သင်သည် သင်၏အပျိုစင်ဘ၀ကို နမော်နမဲ့ဖြင့် အခြားသူတဦးအားပေးပါက၊ သင်သည် တနေ့ ကျလျှင် နောင်တ ရလိမ့်မည်။

၃။    တစ်ခုတည်းသော ချစ်ကျွမ်းဝင်မှုမှ လွဲ၍ သင်၏အချစ်ဇာတ်လမ်းအားလုံးတို့ဟာ တနေ့ကျလျှင် အဆုံးသတ် သွားမှာ ဖြစ်ပါတယ်။ ထိုအဆုံးမသတ်ဘဲ တည်တံ့ခဲ့တဲ့ ချစ်ကျွမ်းဝင်မှုကသာ အိမ်ထောင်ရေး ဘ၀ဆီသို့ ဦးတည်သွားမှာ ဖြစ်ပါတယ်။

၎။    သူတို့၏မင်္ဂလာဦးည၌ ယောက်ျားတဦးနှင့်မိန်းမတဦးတို့ အပြန်အလှန်ပေးနိုင်သည့် အမြင့်မြတ်ဆုံး နှင့် အကောင်းဆုံး လက်ဆောင်မှာ သူ၊ သူမတို့၏ လူပျိုစင်ဘ၀ (သို့) အပျိုစင်ဘ၀ပင်ဖြစ်သည်။

၅။    လက်မထပ်မီဆက်ဆံခြင်းကို “NO” ဟုပြောရန်အတွက် ၊ ခိုင်မာသည့်အကြောင်းပြချက် များစွာရှိသည်။ ထိုအကြောင်းပြချက်များကို ဤစာကြောင်းတကြောင်းတည်းဖြင့် အနှစ်ချုပ်ရန်ဖော်ပြနိုင်သည်။ ““သင်သည် စိုက်သည့် အတိုင်း ရိတ်ရမည်။””

၆။    ကိုယ်ဝန်ဖျက်ချခြင်းသည် သင်၏ရင်သွေးအားသတ်ခြင်းပင်ဖြစ်သည်။ ဤသို့လုပ်ခြင်းသည် အပြစ် ဖြစ်ပြီး ရေရှည် နောင်တ ရမှုနှင့် စိတ်ပိုင်းအရနာကျင်မှုကို ဖြစ်စေနိုင်သည်။

၇။    လက်မထပ်ရသေးသည့် ဆယ်ကျော်သက် မိခင်အများစုသည် ကျောင်းထွက်လိုက်ကြပြီး လစာနိမ့် သော အလုပ်တစ်ခု ကို ရရင်ရ၊ မရရင်အစိုးရ၏ ထောက်ပံ့မှုဖြင့်သာ အသက်ရှင်ကြရသည်။

၈။    လူတဦး၌ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါရှိ/မရှိကို သူ၏ပုံပန်းသဏ္ဍာန်အားကြည့်ခြင်း အားဖြင့် သင်သည် သိနိုင်ပါသည်။

၉။    မကုသနိုင်သော လိင်မှတဆင့်ကူးစက်တတ်သည့် ရောဂါတစ်ခု ကူးစက်ခြင်းခံနေရသော လူငယ် များအတွက် နာကျင်မှု တစိတ်တဒေသမှာ သူတို့ဟာ ပျက်စီးသွားပြီဟု မိမိကိုယ်ကို မြင်ကြခြင်းပင်ဖြစ်သည်။  သူတို့က ငိုယိုကာ ““အခုဆိုရင်၊ ငါ့ကိုဘယ်သူကမှ လက်ထပ်ချင်ကြတော့မှာ မဟုတ်ဘူး””ဟု ပြောကြသည်။

၁၀။    သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ သင်အမှန်တကယ် လိုအပ်ပြီးရှာဖွေနေသော အရာမှာ လိင် မဟုတ်ဘဲ၊ သင်အားအမှန်တကယ်ချစ်ပြီး ဂရုစိုက်သူတဦးကိုသာဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်)
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support