HCF

HCF MYANMAR IN SINGAPORE

Monday, August 26, 2013

ယောက်ျား-မိန်းမ ပေါင်းသင်းဆက်ဆံရေး၏ နိယာမတရား ငါး ပါး (အပိုင်း-၁)



                                                     Lesson 5 
 ၁။ စွဲမက်မှု၏ နိယာမ
            ကျွန်ုပ်တို့သည် ရရန်ခက်ခဲသောအရာများကို စွဲမက်ကြပြီး ရလွယ်သောအရာများအကြောင်းကို သိပ်မတွေးကြပါ။ လူ့သဘာဝနှင့် စပ်လျဉ်း၍ထူးခြားသောအချက်မှာ ကျွန်ုပ်တို့သည် ရရန်ခက်ခဲသောအရာများကို တန်ဖိုးထားတတ်ကြပြီး ကျွန်ုပ်တို့အပိုင်းမှ သိပ်အားမစိုက်ပဲရခဲ့သောအရာကိုမူ အလေးမထား လျစ်လျူရှုတတ်ကြသည်။

သူ၏မွေးနေ့၌ ပြိုင်ကားတစ်စီးကို မိဘများထံမှလက်ဆောင်ရသော သူဌေးသားတဦးသည် သူ့ကား အားသိပ်ပြီး တန်ဖိုးထားလိမ့်မည် မဟုတ်ပါ။ သို့သော် သုံးနှစ်သုံးမိုး အလုပ်ကြိုးစားလုပ်ကိုင်ပြီးမှသာ ပထမဆုံးစက်ဘီးကို ၀ယ်နိုင်ခဲ့ သော လူက သူ၏စက်ဘီးကိုအလွန်တန်ဖိုးထားလိမ့်မည် ဖြစ်သည်။

            စွဲမက်မှု၏နိယာမသည် ယောက်ျား-မိန်းမ ပေါင်းသင်းဆက်ဆံရေးအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ သင်သည် ရရန်ခက်ခဲသောသူအပေါ်တွင်သာ စွဲမက်ပြီး သင့်ကိုလိုက်ဖမ်းနေသောသူအကြောင်း ကိုမူ နည်းနည်းသာ တွေး လိမ့်မည်။ မကြာသေးမီက၊ ကယ်လီဖိုးနီးယားတွင် ကြွယ်ဝပြီး အချစ်နာကျနေသော လူငယ်လေး Keith သည် Karine ဆိုသောကောင်မလေးကို စွဲမက်နေသည်။ သူက သူနှင့်လက်ထပ်ရန် တောင်းဆိုသော်လည်း သူမက ““ကျွန်မရှင့်ကို မချစ်သလို၊ လက်ထပ်ဖို့လည်း အရမ်းငယ်သေးတယ်”” ဟု ပြောသည်။ ထိုအခါ Keith ဘာလုပ်သနည်း၊ သူသည် အနီးအနား ရှိ ဒေါ်လာ ၂၀၀ တန်ဟိုတယ်အခန်း၌ အောင်းပြီး ရက်ပေါင်းများစွာ ငိုကြွေးခဲ့သည်။ Karine ၏စိတ်အား ပြောင်းလဲစေရန်အတွက် ဒေါ်လာ ၂၀,၀၀၀ ကိုလည်း သုံးစွဲခဲ့သည်။

            သူမအပေါ်တွင်ထားသော သူ၏ချစ်မြတ်နိုးခြင်းစိတ်ကို သက်သေပြရန်အတွက် လေယာဉ်ကွင်း၌ ကိုယ်ပိုင် ဂျက် လေယာဉ် အသေးစားကိုလည်း အဆင်သင့် စီစဉ်ထားသည်။ သူမ စီးချင်လာတဲ့အခါ အဆင် သင့်ဖြစ်နေအောင်ပေါ့။ ပန်းစည်းပေါင်း ၄၀၀၀ ခန့်ကိုလည်း Karine ဆီပို့ပေးခဲ့သည်။ ဘားတစ်ခုနှင့် TV ပါတဲ့ Limo ကားကိုလည်း သူမ၏အိမ် အပြင်ဘက်မှာ ထားထားပေးတယ်။ သူမကို ဖျော်ဖြေဖို့ ဂီတပညာရှင်တွေကိုလည်း စေလွှတ်ခဲ့တယ်။ အစားအသောက် ကောင်းများ၊ အ၀တ်အစားများနှင့် ရေမွှေးအကောင်းစားတွေကိုလည်း သူမထံပို့ပေးခဲ့တယ်။ Keith Loves Karie  စာတန်းပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ လူတွေကို သူမ အိမ်ရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်စေ ခဲ့တယ်။ ဒါတွေအားလုံးနှင့် ပတ်သက်ပြီး Karine ဘာပြန်ပြောသနည်း။ ““လုံးဝ No ပဲ”” သူမဟာ သူ့ကိုမချစ်ပဲ သူမအား လာဘ်ထိုးရန် ကြိုးစားခြင်း ဖြင့် မိမိကိုယ်ကို အရူးလုပ်နေသောသူကို စွဲမက်မှုမရှိခဲ့ပါ။

            ဤပုံပြင်၏သင်ခန်းစာမှာ ဆန့်ကျင်ဘက်လိင်ကို အသည်းအသန် မလိုက်ပါနှင့်။ ထိုသို့လုပ်ပါက၊ သင်၏ဂုဏ် သိက္ခာ နှင့် မိမိကိုယ်ကိုလေးစားမှုကိုကျဆင်းပြီး အခြားသူ၏အမြင်၌လည်း သင်သည် ဈေးပေါ သွားလိမ့်မည်။ ထိုလူသည် မည်သို့ တုံ့ပြန်မည်နည်း။ သူ(သို့) သူမသည် သင်နှင့်ဝေးရာသို့ မြန်နိုင်သမျှ မြန်မြန်ပြေးသွားလိမ့်မည်။ အချို့သော မိန်းကလေးများသည် ယောက်ျားစိတ်မွှန်နေသည်။ ယောက်ျားကောင်းများသည် မိမိကိုယ်ကိုလေးစားမှုမရှိသော မိန်း ကလေး ကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။

            စွဲမက်မှု၏နိယာမသည် အစောပိုင်းဆက်သွယ်မှု၌သာမက နောက်ပိုင်း ပေါင်းသင်းဆက်ဆံရေး အပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ မိန်းကလေးတဦးသည် သူ့ကောင်လေး တဆာဆာတောင်းနေသော အရာကို ပေးပြီးနောက် သူက သူမအား ဘာကြောင့် စွန့်ခွာသွားသည်ကို နားလည်လိမ့်မည် မဟုတ်ပါ။ ဤ အရာနှင့် ပတ်သက်၍ အကြောင်းပြချက် ၂ ခု ရှိသည်။ ပထမဆုံးအကြောင်းပြချက်မှာ ယောက်ျားအတော် များများအတွက် သူတို့၏စိတ်လှုပ်ရှားမှုသည် ကောင်မလေးကို လိုက်နေသောကာလ၌ ရှိသည်။ ယောက်ျား အ၀တ်လဲခန်း၌ တဦးကအခြားတဦးအား ““ကောင်မလေး တစ်ယောက် လောက် ရနေပြီလား”” ဟုမေးလိမ့်မည်။

            ယောက်ျားတဦးသည် ပထမတိုက်ပွဲကို အောင်နိုင်ပြီးနောက် နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရန် အသင့် ဖြစ်နေလိမ့်မည်။ သူချန်ရစ်ထားခဲ့သော စိတ်ပိုင်းဆိုင်ရာပျက်စီးမှုကို သူ ဂရုမစိုက်ပါ။ သနားဖွယ်မိန်းကလေးမှာ ကြေကွဲ သွားသော သူမဘ၀၏အစိတ်အပိုင်းများကို အတတ်နိုင်ဆုံးပြန်ဆက်ရုံသာ ရှိတော့သည်။ ကံကောင်းထောက်မစွာပင် ယောက်ျားအများစုမှာ ကြင်နာခြင်း မကင်းမဲ့ပါ။ ယောက်ျားတဦးသည် သူရချင်တာကိုရပြီးနောက် မိန်းကလေးတဦးအား စွန့်ခွာသွားသည့် အခြားအကြောင်းပြချက်တစ်ခုမှာ သူသည် သူမအပေါ်တွင် လေးစားမှု မရှိတော့သောကြောင့်ဖြစ်သည်။

            စွဲမက်မှု၏နိယာမသည် လက်တွေ့ဘ၀၌ အလုပ်လုပ်သည်။ ဆိုလိုသည်မှာ အလွယ်တကူရနိုင်သောအရာသည် သူ၏အမြင်၌ ဈေးပေါသည်။ အလွယ်တကူမရနိုင်သော အခြားသူကိုသာ သူသည် စွဲမက် သည်။

            ယောက်ျား-မိန်းမ ပေါင်းသင်းဆက်ဆံမှုများ သေဆုံးသွားရသည့်အကြောင်းအရင်းမှာ သူတို့၏ ဆက်ဆံရေးသည် အလွန်အမင်း မွန်းကျပ်သောကြောင့် ဖြစ်သည်။ အများအားဖြင့် တဦးသည် အခြားတဦး ကို ပိုင်ဆိုင်ရန်ကြိုးစားသော်လည်း ဤသို့လုပ်ခြင်းသည် အလုပ်မဖြစ်ပါ။ မိန်းကလေးတဦးသည်  သူမကောင်လေး၏အချိန်အကုန်လုံးကို သူမနှင့်အတူ ကုန်ဆုံး စေလိုသည်။ သူ့အချိန်အားလုံး နှင့် လုပ်ဆောင်မှုအားလုံးကို သူမအား ပြန်လည်အစီရင်ခံစေလိုသည်။ သူသည် အခြားတဦးကိုကြည့်ပါက သူမသည် စိတ်ကောက်မည်ဖြစ်သည်။ လိင်ပိုင်းအရ ပါဝင်ပတ်သက်လာသောအခါ၊ ဆက်ဆံရေး တစ်ခုသည် ပျက်စီးသွားရခြင်းအကြောင်းအရင်းမှာ မိန်းကလေးဖြစ်သူသည် သူမချစ်သူထံမှ များစွာမျှော်လင့် ထားသော ကြောင့် ဖြစ်သည်။ သူမက ဤသို့တွေးလိမ့်မည်။ ““ကျွန်မဟာ ကျွန်မကိုယ်ကို ရှင့်ဆီမှာလုံးဝ အပ်နှံထားပြီးပြီ။ ရှင်ကလည်း ကျွန်မထံမှာ ရှင့်ဘ၀ကိုလုံးဝအပ်နှံထားဖို့ မျှော်လင့်တယ်။ ကျွန်မ လိုအပ်နေတဲ့အချိန်မှာ ရှင့်ကိုအနားမှာ ရှိနေစေလိုတယ်။ ကျွန်မရဲ့ လိုအပ်ချက်အားလုံးကိုလည်း ဖြည့်ဆည်းပေးစေ လိုတယ်။”” ဤနေရာ၌ သူမဖြစ်စေလိုသော ဆက်ဆံရေးမှာ ““ရည်းစားဘ၀”” ဆက်ဆံရေးမျိုးမဟုတ်ဘဲ၊ အိမ်ထောင်ရေးဘ၀ရှိ ဆက်ဆံရေးမျိုးပင်ဖြစ်သည်။

            ဤအရာသည် သူ့ကောင်လေးအပေါ်တွင် မည်သို့သက်ရောက်မှုရှိသနည်း။ သူသည် ကောင်မလေးအား လိုက်စရာ မလိုပဲ သူမကသာ သူ့ကို လိုက်နေခြင်းဖြစ်သည်။ သူက မိမိကိုယ်ကို ဤသို့ပြောလိမ့်မည်။ ““ဒါအရမ်းလွန်တာပဲ။ ငါ့မှာ လွတ်လပ်ခွင့်လေးတော့ ရှိသင့်တယ်။””

            ပေါင်းသင်းဆက်ဆံရေးကောင်းတစ်ခု၌ လိုနေသောအရာမှာ ထိုအရာပင်ဖြစ်သည်။ မွန်းကျပ်အောင် မလုပ်ပါနှင့်။ သူ (သို့) သူမသည် အခြားတဦးကို စွဲမက်ကောင်း စွဲမက်နေလိမ့်မည်။ သို့သော် သင်သည် ထိုအချက်ကို လက်ခံရမည်။ လူကြိုက်များသော ဤအဆိုသည် မှန်ကန်သည်။ ““အကယ်၍သင်သည် တစုံ တရာကို ချစ်ပါက၊ လွတ်လပ်ခွင့် ပေးလိုက် ပါ။ ထိုအရာသည် သင့်ဆီပြန်လာပါက၊ သင့်အပိုင်ဖြစ်သည်။ ပြန်မလာပါက၊ သင့်အပိုင်ဘယ်တော့မှ မဖြစ်ပါ။””

            အနှစ်ချုပ်ရသော်။ ။ ကျွန်ုပ်တို့သည် ရရန်ခက်ခဲသောအရာများကို တန်ဖိုးထားကြပြီး ရလွယ်သော အရာများကိုမူ သိပ်ဂရုမစိုက်ကြပါ။ ယောက်ျား-မိန်းမ ပေါင်းသင်းဆက်ဆံရေး၌ ရရန်ခက်ခဲသောသူကို သာ သင်သည် စွဲမက်ပြီး သင့်ကို လိုက်သောသူထံမှ ဝေးရာသို့ထွက်ပြေးသည်။ ပေါင်းသင်းဆက်ဆံရေး တစ်ခုကို မွန်းကျပ်အောင် မလုပ်ပါနှင့်။

၂။ မိမိကိုယ်ကို မြင်သောအမြင်၏နိယာမသဘောတရား (Self-image)

            ကျွန်ုပ်တို့သည် အတွင်းပိုင်း၌ ကျွန်ုပ်တို့ကို မြင်သောအရာများ၏ထိန်းချုပ်ထားခြင်းကို ခံရသည်။ သင့်ကိုယ်ကို သင်မြင်သော အမြင်သည် အလွန်အရေးကြီးသည်။ ဤအချက်သည် သင်၏ပျော်ရွှင်မှုအပေါ်တွင် သာမက အခြား သူများနှင့် ပြေလည်စွာ ဆက်ဆံနိုင်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ လူသား အပြုအမူများကို လေ့လာသူများက ကျွန်ုပ်တို့သည် အတွင်းပိုင်း၌ ကျွန်ုပ်တို့ကိုယ်ကိုမြင်သော အမြင်၏ ထိန်းချုပ်ထားခြင်းကို ခံရသည်ဟုပြောထားသည်။ တနည်းအားဖြင့် သင့်ကိုသင် မြင်သည့်ပုံစံအတိုင်း အပြင်ဘက်၌ သင်သည် ပြုမူလုပ်ဆောင်သည်၊ သင့်ကိုယ်ကို သင် တန်ဖိုးမရှိသူဟု သင်မြင်ပါက၊ ထိုနည်းအတိုင်း သင်သည် ပြုမူလုပ်ဆောင်လိမ့်မည်။
            ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွေ့ကြုံခံစားခဲ့ရသော “အထင်အမြင်သေးခံရခြင်း” များကို မှတ်မိလေ့ ရှိကြသည်။ တစုံ တဦး က သင့်အား “မင်းဟုတ်တာလုပ်တာ တစ်ခုမှမရှိဘူး” ဟုပြောပါက၊ သင်သည် ထို စကားကို အမြဲတမ်း မှတ်မိ နေလိမ့်မည်။ သင်သည် ကျောင်းစတက်သောအခါ၊ သင်၏ပုံပန်းသဏ္ဍာန်ကို စတင်သတိထားမိလာသည်။ အသက်ကြီး လာသည်နှင့်အမျှ၊ သင်၏ပုံပန်းသဏ္ဍာန်သည် သင့်အတွက် ပို၍ အရေးကြီးလာသည်။ သင်၏ အပြစ်အနာအဆာများကို သင့် တကိုယ်လုံး၌စတင်ရှာဖွေလာတော့သည်။ အကယ်၍ သင်သည် တစုံတခုချို့ယွင်းနေပါက၊ သင်၏အတန်းဖော်များက ထိုချို့ယွင်းချက်ကို ၀မ်းမြောက်စွာ ထောက်ပြကဲ့ရဲ့လိမ့်မည်။ သင်သည် အခြားသူများထက်အရပ်ပုပါက၊ “ငပု” ဟူ၍လည်း ကောင်း၊ သင်၏နားသည် အခြားသူများထက်ကားနေပါက “နားကား” ဟူ၍လည်းကောင်း၊ သင်သည် အခြားသူများထက် ကိုယ်အလေးချိန်အနည်းငယ်ပိုနေပါက၊ “၀တုတ်မ” ဟူ၍်လည်းကောင်းခေါ်ကြလိမ့်မည်။
            ဤသို့အပြောခံရခြင်း၏ရလဒ်အနေဖြင့် သင့်ကိုသင် အဆိုးဘက်မှမြင်လာနိုင်သည်။ မကောင်းသော အရာများ ကို သာ သင်ရနေသည်ဟု ထင်လာနိုင်သည်။ ထူးခြားသောအချက်မှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မှားယွင်းစွာ မြင်လေ့ ရှိကြ သည်။ မိန်းကလေးတစ်ဦးသည် ကြည့်ကောင်းပြီး ပုဂ်္ဂိုလ်ရေးအရလည်း နှစ်လို ဖွယ်ကောင်းသော်လည်း၊ သူမသည် Cheerleader တဦးအဖြစ် အရွေးချယ်မခံရသောကြောင့်၊ သူမဟာ တန်ဖိုးသိပ်မရှိဟု သူမကိုယ်ကိုထင်လိမ့်မည်။ ထိုနည်းတူ၊ ယောက်ျားတဦးသည် သန့်ပြန့်နေသော်လည်း၊ ကြယ်ပွင့်အားကစားသမားတဦး ဖြစ်မလာသောကြောင့်၊ သူ့၌ မကောင်းသော Self-image ရှိကောင်းရှိလိမ့် မည်။
            မကြာခဏပင်၊ အမျိုးသမီးများတွင် ပုဂ်္ဂိုလ်ရေးရာပုံမှန်မဟုတ်သော ရောဂါဖြစ်သည့် “အစာမစားလိုသောရောဂါ” ဖြစ်တတ်သည်။ သူတို့သည် အလေးချိန်မပိုသော်လည်း၊ ၀နေသည်ဟု မိမိကိုယ်ကိုထင်ကာ၊ ကိုယ်အလေးချိန် ကျအောင် လုပ်ဖို့ စိတ်စွဲလမ်းနေတတ်သည်။ ထို့နောက် သူတို့သည် အစာကိုရွံရှာသော အခြေအနေသို့ရောက်လာပြီး အစာစားခြင်းကို ရပ်တန့်လိုက်ပြီး သူတို့၏ကိုယ်ခန္ဓာအား ရေရှည်ပျက်စီးခြင်း ကိုဖြစ်စေသည်။ တခါတရံ သေပင်သေသွားတတ်သည်။ ကြေကွဲဖွယ်ကောင်းသောအချက်မှာ ဤအရာ အားလုံးသည် မှားသောအတွေးအခေါ်ပေါ်တွင်အခြေခံ၍ ဖြစ်ပေါ်လာခြင်း ပင် ဖြစ်သည်။ အတွေးအခေါ် တစ်ခုသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကျွန်ုပ်တို့သာ ထိုအရာကို ယုံကြည် လက်ခံ ပါက၊ ထိုအရာ၏ ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်သည်။
            လူငယ်များစွာတို့သည် မိမိကိုယ်ကိုတန်ဖိုးသိပ်မရှိ ဟုထင်တတ်ကြသည်။ သူတို့စိတ်ထဲရှိ အတွေးများကို နားထောင်နိုင်ပါက၊ ဤသို့သောအရာများကို ကြားရလိမ့်မည်။ ““ငါဟာ အဖိုးလုံးဝမထိုက်တန်ဘူး။ ဘယ်သူကမှ ငါ့ကို မကြိုက်ဘူး။ ကြိုက်စရာအကြောင်းလည်းမရှိဘူး။ ငါဟာ မချောမောမလှပဘူး။ ထက်မြက်မှုလည်း မရှိဘူး။ ပိုက်ဆံလည်း များများစားစားမရှိဘူး။ ငါဟာ တကယ့်ကို တန်ဖိုးမရှိပါဘူး။””
            သင့်ကိုယ်သင်မြင်သောအမြင်သည် သင့်ကိုယ်သင် မည်မျှလေးစားမှု ရှိသလဲအပေါ်တွင် မူတည်သည်။ လူငယ်များသည် သူတို့နှင့် တန်းတူ ရည်တူ သူငယ်ချင်းများ၏အဖက်လုပ်မှုနှင့် လက်ခံမှုကို အလွန်အမင်း ရရှိလိုသည်။ သူတို့သည် သူတို့အား နှစ်သက်စေရန်နှင့် လက်ခံစေရန်အတွက် ဘာကိုမဆိုလုပ်ကြလိမ့် မည်။
            ဆယ်ကျော်သက်များသည် လိင်ပိုင်းကိစ္စများ၌ပါဝင်ပတ်သက်နေခြင်း အကြောင်းပြချက်တစ်ခုမှာ ချစ်ခင်မှုနှင့် လက်ခံမှု ကို ရလိုသော သူတို့၏စိတ်ဆန္ဒကြောင့်ဖြစ်သည်။ Self-image မကောင်းသော မိန်းကလေးတစ်ဦးသည် သူ့အား သိပ်ဂရု မစိုက်သော မည်သည့်ယောက်ျားကိုမဆို Yes ဟုပြောလိမ့်မည်။ သူမသည် တစုံတဦးအား သူမကို ပွေ့ဖက် ထား စေလိုပြီး သူမဟာ အဖိုးထိုက်ကြောင်းကို ပြောစေလိုသည်။ အဲဒါကိုရဖို့ လိင်ကိုပေးရမည်ဆိုတောင်မှ၊ သူမသည် ပေးရန် အတွက် ဆန္ဒရှိနေမည်ဖြစ်သည်။ သူမက ““ငါကောင်လေးကို ရဖို့အတွက် ငါ့အပျိုစင်ဘ၀ကို စွန့်လွှတ်ဖို့  လိုမယ်ဆိုရင် အဲဒီ တန်ဖိုးကို ပေးဆပ်ဖို့ အဆင်သင့်ပဲ”” ဟုပြောလိမ့်မည်။ ဤသို့လုပ်ခြင်းက သူမ၏ Self-image ကို တည်ဆောက်ရန် နှင့် သူမ ဘ၀ ပိုပြီး ကောင်းလာစေရန်အတွက် သူမလိုအပ်နေသော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့အား ရနိုင်မည့် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ထင်သောကြောင့်ဖြစ်သည်။
            ကြေကွဲစရာမှာ ဤသို့သော ပေါင်းသင်းဆက်ဆံရေးသည် အနှေးနှင့်အမြန် ပြိုကွဲသွားလိမ့်မည်။ ယခုတွင် သူမသည် ငြင်းပယ်ခြင်းကို ခံလိုက်ရပြီး မိမိကိုယ်ကိုအမှိုက်တစ်စကဲ့သို့ ခံစားရလိမ့်မည်။ သူမတွင် ရှိသော အနည်းငယ် အပေါင်း လက္ခဏာဆောင်သည့် Self-image သည် ပျောက်ဆုံးသွားပြီ ဖြစ်သည်။ အဆိုးဆုံးမှာ သူမသည် ခါးသီးသော စိတ်ခံစားချက်များနှင့် တိုက်ခိုက်ခံရမည်ဖြစ်သည်။
            သင်၏  Self-image သည် သင့်ကိုသင်ရိုသေလေးစားမှုနှင့် အခြားသူများကသင့်အပေါ်တွင် မည်မျှရိုသေ လေး စားသလဲ အပေါ်တွင်မူတည်သည်။ မြင့်မားသောစံနှုန်းများ ချမှတ်ပြီး ထိုစံနှုန်းများနှင့် ကိုက်ညီအောင် အသက်ရှင်ခြင်း အားဖြင့် သင်သည် လေးစားမှုကိုတည်ဆောက်သည်။ ဘယ်သူကမှ သင့်ကို “ဈေးပေါ”အောင် မလုပ်နိုင်ဘဲ သင့်ကိုယ် သင်သာ လုပ်နိုင်သည်။ စတိုးဆိုင်ကြီးအများစုသည် ဈေးချထားသော စားပွဲဟူ၍ရှိသည်။ ထိုစားပွဲပေါ်ရှိ ကုန် ပစ္စည်းများ သည် ဈေး သက်သာသည်။ အကြောင်းမှာ လူများစွာတို့ ကထိုပစ္စည်းတို့ကို ကိုင်တွယ်ထားသောကြောင့် ဖြစ်သည်။ မည်သူကမှ သင့် အား ““ဈေးချထားသော စားပွဲ”” ပေါ်သို့မတင်နိုင်ပါ။ သင့်ကိုယ်ခန္ဓာကို အခြားလူတို့အား ကိုင်တွယ် စေခြင်းအားဖြင့်သာ သင်သည် ယင်း စားပွဲပေါ်သို့ သင့်ဘာသာ သင်တက်နိုင်သည်။
            သင်သာ သင့်ကိုယ် သင် အဖိုးမဖြတ်နိုင်သော လူတဦးဟုမြင်ပါက၊ Self-image ၏နိယာမသည် သင့် အတွက် လည်း အလုပ်လုပ်လိမ့်မည်။ လူသားတိုင်းသည် အဖိုးမဖြတ်နိုင်ပါ။
            လူတစုသည် ညနေပိုင်းတွင် တောင်ပေါ်သို့ရောက်နေသည်ဆိုပါစို့။ အမှောင်သည်လည်း တစတစ ဖုံးလွှမ်း လာချိန်တွင် လူတဦးက ၅ နှစ်အရွယ်ကောင်မလေးပျောက်နေသည်ကို သတိပြုမိသွားသည်။ အရေး ပေါ် သတိပေးချက် ထွက်ပေါ်လာသည်။ ““ Janie ပျောက်နေပြီ။”” ချက်ချင်းပင်၊ လူအားလုံးသည် သူမကို လိုက်လံရှာဖွေကြသည်။ အခြား လူများကိုလည်း ခေါ်လိုက်ပြီး ရှာဖွေမည့်အဖွဲ့များကို စုစည်းလိုက်သည်။ လူရာပေါင်းများစွာတို့သည် တောင်ပတ်လည်ကို ပိုက်စိပ်တိုက် ရှာဖွေကြသည်။ ညရောက်သည်အထိ ရှာဖွေ ဆဲပင်။ အားအင်ကို မချွေတာသလို ကုန်ကျစရိတ်ကိုလည်း ထည့်မတွက်ကြပါ။ အကြောင်းမှာ ကလေးတိုင်းသည် အဖိုးမဖြတ်နိုင်သောကြောင့် ဖြစ်သည်။ Janie ကို ပြန်ရှာ တွေ့သည့် အခါ၊ သူမ၏မိဘများ မည်မျှပျော်ရွှင်လိုက်မည်နည်း။
            ကျွန်ုပ်တို့သည် အောင်မြင်မှုကို လက်တွေ့ကိုးကွယ်နေကြသော ကမ္ဘာ၌ နေထိုင်လျက်ရှိသောကြောင့်၊ ကျွန်ုပ်တို့ သည် ပစ္စည်းများ၏တန်ဖိုးကို အရွယ်အစားအားဖြင့်ဖြစ်စေ၊ ဒေါ်လာဖြင့်ဖြစ်စေ၊ တန်ဖိုး သတ်မှတ်လေ့ရှိသည်။ ဤအရာ သည် ကြီးမားသောအမှားတစ်ခုဖြစ်သည်။ ကြီးမားသောအရွယ်အစားရှိသည့်တောင်များ၌ ဒေါ်လာမီလျံပေါင်းများစွာ တန်သော တွင်းထွက်ဝတ္ထုများရှိသော်လည်း၊ သူတို့၏တန်ဖိုး အား ပျောက်ဆုံးသွားသော ၅ နှစ်အရွယ် ကောင်မလေး၏ တန်ဖိုး နှင့် မနှိုင်းယှဉ်နိုင်ပါ။ Janie သည် ပေါင်သုံးဆယ်သာ လေးသော်လည်း၊ လူတိုင်းက သူမသည် ထိုတောင်များထက် များစွာ တန်ဖိုးရှိကြောင်းကို အသိ အမှတ်ပြုသည်။ လူတိုင်းသည် အဖိုးမဖြတ်နိုင်ပါ။ ဘာကြောင့် ဤကလေးသည် အလွန် တန်ဖိုး ရှိသနည်း။ အကြောင်းမှာ သူမသည် အသက်ရှင်သောလူသားဖြစ်ပြီး ရယ်မောနိုင်၊ ချစ်နိုင်၊ အချစ်ခံနိုင်သောကြောင့် ဖြစ်သည်။ သူမသည် အဖိုးမဖြတ်နိုင်ပါ။
            ကျွန်ုပ်တို့ အလွန်အမင်းတန်ဖိုးထားသော ကြီးမားမှု၊ အောင်မြင်မှု၊ ငွေ၊ မက်မောစရာများနှင့် ကျော် ကြားမှု တို့ သည် လူသားတဦး၏အဖိုးထိုက်မှုနှင့် နှိုင်းယှဉ်ပါက၊ ဘာမျှမဟုတ်ပါ။ သင်သည် သင်၏တန်ဖိုး နှင့် အခြားသူများ၏ တန်ဖိုး ကို သိလာပါက၊ သူတို့နှင့် သင်၏ဆက်ဆံမှုပုံစံသည် ပြောင်းလဲသွားမည်ဖြစ်သည်။ အမျိုးသားများ ခင်ဗျာ၊ သင်နှင့် တွဲနေသော ကောင်မလေးမှာ သင်သည် သူမအားငြီးငွေ့လာသောအခါ လွှင့်ပစ်လိုက်နိုင်ပြီး သင်၏လိင်ဆန္ဒကို ဖြေသိမ့် ပေးမည့် လိင်အဖြည့်ခံတစ်ခု မဟုတ်ပါ။ သူမသည် လူတိုင်းတွင်ရှိသည့်ဖြစ်နိုင်ခြေများနှင့် ပြည့်နှက်နေသည့် အဖိုးမဖြတ် နိုင်သော လူသားတဦးဖြစ်သည်။
            ပြီးတော့၊ မိန်းကလေးများခင်ဗျာ၊ ရှင်းရှင်းပြောရရင်၊ သင်သည် အဖိုးမဖြတ်နိုင်သောသူဖြစ်ပြီး ယောက်ျားအချို့၏ လိင် အဖြည့်ခံ တစ်ခုမဟုတ်ပါ။ အနှစ်ချုပ်ရသော် သင်သည် အတွင်းပိုင်း၌ သင့်ကိုသင် မြင်သောပုံစံ၏ ထိန်းချုပ်ထားခြင်း ကို ခံရသည်။ သင့်ကိုသင်မှန်ကန်စွာ စတင်မြင်ပါ။ သင်သည် အဖိုး တစုံတရာတန်ခြင်းသာ ဖြစ်သည်ဟု ဟန်ဆောင်စရာ မလိုဘဲ၊ သင်သည် အဖိုးမဖြတ်နိုင်ပါဟူသည့် အမှန်တရားကိုသာ ယုံကြည်ပါ။ ဤအမှန်တရားကို စတင်ယုံကြည်ပြီး၊ သင်၏ဘ၀ကို ဤအမှန်တရားနှင့်အတူ အသက်ရှင်ပါ။ သင်သည် ဂုဏ်သိက္ခာနှင့် ရိုသေလေးစားမှုကို ရနိုင်သည်။
၃။ ကွဲပြားခြားနားမှု၏ နိယာမသဘောတရား
            အချစ်နှင့်ပတ်သက်၍၊ ယောက်ျားနှင့်မိန်းမတို့သည် တွေးခေါ်ပုံခြင်းမတူပါ။ မိန်းကလေးက အချစ် နှင့် ပတ်သက် လာလျှင် စိတ်ကူးယဉ်ဆန်စွာ ထင်မြင်သည်။ သူမသည် ယောက်ျားတဦးကို သူမအား ချစ်ခင် မြတ်နိုးစေလိုပြီး သူမအား စကားပြောစေလို၊ သူမပြောတာကိုနားထောင်စေလို၊ အမြင့်၌သူမအား ထားစေလိုသည်။ သူမသည် ချစ်ခြင်းမေတ္တာ၊ ကာကွယ်မှုနှင့် လုံခြုံစိတ်ချမှုကို လိုချင်သည်။ ယောက်ျားတဦးက အချစ်ကို ကွဲပြားစွာ ထင်မြင်သည်။ အချစ်ကို လိင်နှင့် ဆက်စပ်၍တွေးလေ့ရှိသည်။ သူ အဓိက အလေး အနက်တွေးသောအရာမှာ ကောင်မလေး၏ကိုယ်ခန္ဓာပင် ဖြစ်သည်။ သူသည် စိတ်ကူးယဉ်ဆန်သောအချစ် အကြောင်းကို မတွေးနေပါ။ သူ၏အရေးစိုက်မှုသည် သူတို့၏ ပေါင်းသင်း ဆက်ဆံရေး၏ လိင်ပိုင်းဆိုင်ရာ အပိုင်းပေါ်တွင် မူတည်နေသည်။ ဤအချက်အတွက် ဖြေရှင်းချက်ရှိသည်။ ယောက်ျား တဦးသည် လိင်ပိုင်း အရ အနိုးကြားဆုံးအချိန်မှာ ဆယ်ကျော်သက်အရွယ်နှောင်းပိုင်းတွင် ဖြစ်သည်။ သူ၏ဂလင်းများသည် အချိန်ပို အလုပ် လုပ်ကြသည်။ ထို့ကြောင့် သူသည် အချစ်အားလိင်နှင့် ဆက်စပ်၍တွေးခြင်းဖြစ်သည်။ သို့သော် သူ၏လိင်ဆန္ဒသည် စစ်မှန်သောအချစ်၏ သက်သေမဟုတ်ပါ။
            မိန်းကလေးများ၊ ဤအရာကို တိတိကျကျရေးမှတ်ထားပါ။ “ယောက်ျားတဦးက သင်နှင့်လိင် ဆက်ဆံလိုခြင်းမှာ သူသည် သင့်ကိုချစ်သည်ဟု မဆိုလိုပါ။ ယောက်ျားများအပေါ်တွင် ကြမ်းတမ်းစွာ မပြောလိုသော်လည်း၊ ယောက်ျား အများစုသည် စကတ်ဝတ်ထားသော ဘယ်အရာနှင့်မဆို ၀မ်းမြောက်စွာ ဆက်ဆံနိုင်သည်။ ထို့ကြောင့် ယောက်ျားတဦးက သူသည် သင်နှင့်ဆက်ဆံလိုသည်ဟု ပြောလာပါက၊ သိပ်စိတ်မလှုပ်ရှားပါနှင့်။ ယောက်ျားတဦးက သင်နှင့် ဆက်ဆံ လိုခြင်းသည် သင့်ကိုစစ်မှန်သောအချစ်ဖြင့် ချစ်နေသည်ဟု မဆိုလိုပါ။ အမျိုးသမီးတစ်ဦး၏ အထွတ်အထိပ်လိင်ဆန္ဒသည် နောက်ပိုင်းမှ ဖြစ်လာသည်။ ယောက်ျား-မိန်းမ ပေါင်းသင်းဆက်ဆံရေး၌ မိန်းကလေးသည် ကနဦး၌ လိင်အကြောင်း မတွေးဘဲ၊ စိတ်ကူးယဉ်ဆန်သောအချစ်ဇာတ်လမ်းမျိုးသာ တွေးတောနေတတ်သည်။
            ယောက်ျားနှင့် မိန်းကလေးများစွာတို့သည် သူတို့၏အချစ်ဇာတ်လမ်းက ဘာတွေဖြစ်သွားသည်ကို နားမလည် နိုင်ကြပေ။ အစပိုင်း၌ အရာအားလုံးသည် အဆင်ပြေသော်လည်း၊ ယခုတွင်မူ သူတို့သည် အမြင် ချင်းမတူကြတော့ပါ။ နားလည်မှု မှားခြင်းနှင့် အငြင်းပွားမှုများသည် သူတို့ကြား၌ရှိလာသည်။ ဤသို့ဖြစ်ရခြင်း အကြောင်းအရင်းမှာ သူတို့သည် မတူညီသောလမ်းကြောင်းများမှ လာသောကြောင့်ဖြစ်သည်။ အများက ပြောလေ့ရှိသောအရာမှာ ““မိန်းကလေးတဦးသည် သူမ အတွက်အဆင်သင့် မဖြစ်သည့်လိင်ကိစ္စနှင့် ကစားခြင်းမှာ ချစ်ခြင်းမေတ္တာကိုလိုချင်သောကြောင့် ဖြစ်သည်။ ယောက်ျားလေးတဦးသည် သူအတွက် အဆင်သင့်မဖြစ်သေးသည့် လိင်ကိစ္စ၌ပါဝင်ပတ်သက်ခြင်းမှာ ကနဦး သူ လိုချင်သောအရာမှာ လိင်ဖြစ်သော ကြောင့်ဖြစ်သည်။
            မိန်းကလေးတဦးက ကနဦးလိုချင်သောအရာမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ သူမအား ပွေ့ဖက်ထား စေလိုပြီး သူမသည် Special ဖြစ်ကြောင်းကို သူမအား ပြောမည့်တစုံတဦးကို လိုချင်သည်။ သူမနှင့် စကားစမြည်ပြော၍ ဘ၀ကို သူမနှင့်အတူ ဝေမျှခံစားလိုပြီး သူမကိုချစ်ကာ၊ သူမအပေါ်တွင် ဆက်ကပ်အပ်နှံ မှုရှိသည့် ယောက်ျားတဦးကို လိုချင်သည်။ သူမအချစ်၏လှုံ့ဆော်မှုသည် ရင့်ကျက်မှုရှိသည်။ မိန်းကလေး တဦးသည် လိင်နှင့်ကစားရခြင်းမှာ အချစ်ကို လိုသော ကြောင့် ဖြစ်သည်။
            သူမသည် လိင်ကိစ္စ၌မူ ရင့်ကျက်မှုမရှိပါ။ သူမသည် ထိုကိစ္စအတွက် အဆင်သင့်မဖြစ်သေးဘဲ၊ ဤသို့ လုပ်ခြင်း အားဖြင့် တွေ့ကြုံရမည့်အန္တရာယ်များနှင့် ပြဿနာများအတွက်လည်း အဆင်သင့်မဖြစ်သေးပါ။ ဤသို့သောကိစ္စများ၌ ထိခိုက်နစ်နာသူမှာ မိန်းကလေးသာဖြစ်ကြောင်းကို သူမသိသည်။ သူမက ကောင်လေးကို ဆုံးရှုံးတာထက် သူမတွင် ဆုံးရှုံး မည့် အရာများစွာရှိပြီး သူ့ကောင်းလေးအား မဆုံးရှုံးချင်သောကြောင့်၊ လိင်နှင့်ကစားမည်ဖြစ်သည်။ အကြောင်းမှာ ထိုသို့ လုပ်ခြင်းအားဖြင့် သူမလိုချင်သော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကိုရမည် ဟုထင်သောကြောင့်ဖြစ်သည်။
            အခြားတစ်ဖက်၌၊ ကောင်လေးသည် ချစ်ခြင်းမေတ္တာအတွက် အဆင်သင့် မဖြစ်သေးပါ။ သူသည် တစ်ဘ၀စာ ဆက်ကပ် အပ်နှံမှုအတွက် အဆင်သင့်မဖြစ်သေးပါ။ သူသည် ခင်ပွန်းတစ်ဦးအနေဖြင့် ယူရမည့် တာဝန်များကိုလည်း ယူရန် အဆင်သင့် မဖြစ်သေးပါ။ သူသည် စစ်မှန်သောအချစ်ဖြင့် မချစ်တတ်သေးပါ။ ရင့်ကျက်မှုလည်း မရှိသေးပါ။
            ယောက်ျားတဦးသည် ကနဦးအဆင့်အနေဖြင့် လိင်ကိုလိုချင်သောကြောင့် လိင်နှင့်ကစားခြင်း ဖြစ်သည်။ သူသည် ကဗျာ ဆန်သောချစ်စကားလုံးများသုံးပြီး ကောင်မလေး ကြားလိုသောအရာများကို ပြောသည်။ ကျွန်ုပ်တို့သည် သူ၏ ရိုးသား ဖြောင့်မှန်မှုကို မေးခွန်းမထုတ်သော်လည်း၊ သူအလေးအနက် ထားသော အရာမှာ လိင်ဖြစ်သည်။ သူက သူသည် သူမအားဖြောင့်မှန်စွာချစ်နေသည် ဟုထင်သော်လည်း၊ သူသည် စစ်မှန်သောအချစ်ကို နားမလည်သေးပါ။ သူ၏လိင်ဆန္ဒ ဖြည့်ဆည်းရန်အတွက်သာ အာရုံစိုက်နေခြင်းသည် မည်မျှတကိုယ်ကောင်းဆန်ကြောင်းကို သူနားမလည်သေးပါ။
            စစ်မှန်သောအချစ်ဟုတ်၊ မဟုတ်စမ်းသပ်ခြင်း။ ။ စစ်မှန်သောအချစ်သည် တကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့ပြီး ဆက်ကပ်အပ်နှံထားမှုရှိသည်။
            ကောင်မလေးသည် သတိမထားပါက၊ အခြေအနေတို့သည် အလျင်အမြန်အထိန်းအချုပ်မဲ့သွားနိုင်သည်။ သူမသည် သူ့အား တစ်လက်မ ပေးပါက၊ သူက တစ်မိုင် ယူလိမ့်မည်။ များမကြာမီအချိန်တွင်၊ သူမသည် သူမနှင့် တွဲနေသူ မှာ တဏှာရူးလား ဟုပင်တွေးလာနိုင်သည်။
            Debbie သည် Larry နှင့် တွဲခုတ်နေသည် ဟုဆိုပါစို့။ သူမသည် သူ့အား အလွန်နှစ်သက်သည်။ သူတို့သည် လူသူကင်းမဲ့သောနေရာတွင် ကားပါကင်ထိုးလိုက်ပြီး စကားပြောကြသည်။ မကြာမီ သူသည် သူ၏စီမံကိန်းကိုစတင်သည်။ သူသည် သူမအားမည်မျှချစ်ကြောင်းနှင့် မည်မျှလိုအပ်ကြောင်းကို ပြောနေသည်။ သူသည် အသက်ကိုပြင်းပြင်းရှုနေပြီး သူ့ လက်များသည် ဟိုဟိုဒီဒီစတင် ရွေ့လျားလာသည်။ သူ၏ စိတ်ထဲတွင် ဘာရှိနေလဲဆိုတာကိုသိဖို့၊ သူမသည် စာအုပ် တစ်အုပ်ကို ဖတ်စရာမလိုပါ။
            အကယ်၍ Debbie သည် ဘ၀၏အမှန်တရားကို မသိပါက၊ ဤသို့တွေးတောဆင်ခြင်လိမ့်မည်။ Larry ငါနဲ့ လိင် ဆက်ဆံချင်တယ်။ ငါမချစ်တဲ့ယောက်ျားတဦးနဲ့ဆိုရင်၊ ငါဆက်ဆံချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်  Larry ငါ့ကိုချစ်တာ သေချာတယ်။ ခဏနေပါဦး၊  Debbie ထိုကဲ့သို့သော တွေးတောမှုမျိုးဖြင့် စိတ်လွတ်ကိုယ်လွတ် မဖြစ်သွားပါနှင့်။
            လိင်ဆန္ဒချည်းဆိုပါက၊ ယင်းဆန္ဒသည် စစ်မှန်သောအချစ်၏သက်သေအထောက်အထား မဟုတ်ပါ။  Debbie သည် သူမ၏ချစ်ခင်လိုစိတ်အား စောင့်ထိန်းသင့်သည်။ မိန်းကလေးတဦးဟာ ယောက်ျား တဦးက သူမကိုချစ်ကြောင်းကို သေချာသိလိုသည်။ ထိုသို့သိမှသာ လိုက်လျောမည်ဖြစ်ကြောင်းကို ယောက်ျားအများစုက သိကြသည်။ ထို့ကြောင့် Larry က ““ငါနင့်ကို ချစ်တယ်။ Dabbie တနေ့ကျရင် ငါတို့လက်ထပ်ကြမယ်။ မင်းအပေါ်မှာ ငါ့ရဲ့အချစ်ကို ဖော်ထုတ် ပြသချင်တယ်။””
            အဲဒါဟာ အချစ်လား။ မဟုတ်ပါ။ စစ်မှန်သောအချစ်ကိုစမ်းသပ်ခြင်း - ဤသို့သောအချစ်သည် တကိုယ်ကောင်း မဆန်ပဲ ဆက်ကပ်အပ်နှံထားမှုရှိသည်။ ဤအရည်အသွေး ၂ ခုသည် ပျောက်ဆုံးနေပါက၊ စစ်မှန်သောအချစ်မဟုတ်ပါ။ သူ၏ပြင်းပြသော လိင်ဆန္ဒသည် စစ်မှန်သောအချစ်၏သက်သေအထောက် အထား မဟုတ်ပါ။ သူ၏ဂလင်းများက သူ့အား တွန်းအားပေးနေခြင်းသာ ဖြစ်သည်။ သူသည် သူမအား အမှန်တကယ်ချစ်ပါက၊ သူမကိုအသုံးချ၍၊ တခဏတာ စိတ်လှုပ်ရှားမှုကို ရယူမည်မဟုတ်ပါ။ သူမအတွက် အကောင်းဆုံးအရာများကိုသာ ရှာဖွေရယူပေးမည် ဖြစ်သည်။
            ပြင်းပြသောလိင်ဆန္ဒသည် စစ်မှန်သောအချစ်၏ သက်သေ မဟုတ်ပါ။ မိန်းကလေးများ၊ ယောက်ျား တဦးသည် လိင်ဆန္ဒပြင်းပြစွာဖြင့် သင့်ကို “ချစ်” သည်ဟု ပြောလာပါက၊ သူ့အား နောက်ဆုတ်လို့ပြောပါ။ သင်၏ချစ်ခင်လိုစိတ်ကို စောင့်ထိန်းပါ။
            စုံတွဲတစ်တွဲသည် လိင်ပိုင်းအရပါဝင်ပတ်သက်ပြီးနောက်၊ ကွဲပြဲသွားပါက၊ ထိခိုက်နစ်နာသူမှာ မိန်းကလေးသာ ဖြစ်သည်။ ကိုယ်ဝန်မရခဲ့တောင်မှ၊ ဤကွဲပြဲမှုသည် သူမအား များစွာပို၍ထိခိုက်စေသည်။ အကြောင်းအရင်းတစ်ခုမှာ သူသည် သူလိုချင်တာကိုရခဲ့ပြီး သူမမှာမူ သူမ လိုချင်သော ချစ်ခြင်းမေတ္တာကို မရခဲ့သောကြောင့် ဖြစ်သည်။ သူမဟာ အသုံးချခြင်း ခံလိုက်ရပြီ ဆိုတာကို သူမ သိလိုက်သည်။
            မျှတစွာဖြင့်၊ ယောက်ျားတွေဘက်မှ ပြောမည်ဆိုပါကလည်း၊ ကြမ်းတမ်းပြီးလျှပ်ပေါ်သော မိန်းကလေးများသည် ယောက်ျားအပေါ်သို့ ဖိအားပေးလေ့ရှိသည်။ အချို့သောမိန်းကလေးများသည် မိမိကိုယ်ကို လေးစားမှုမရှိသလောက်ဖြစ်ပြီး ယောက်ျားများကို အသည်းအသန်လိုက်ကြသည်။ မိခင်တဦးထံမှ အောက်ပါစာသည် သတင်းစာတစောင်၏ ““ Ann landers ”” ၏ကဏ္ဍတွင် ပါဝင် ခဲ့သည်။
            ကျွန်မဟာ ဆယ်ကျော်သက်တဦးဆီမှ စာတစောင်ကို ဖတ်ခဲ့ပါတယ်။ စာထဲမှာ သူမရဲ့သူငယ်ချင်း တွေဟာ အကန့်အသတ်မရှိဘဲ၊ လိင်ဆက်ဆံမှုပြုကြတယ်လို့ ရေးထားပါတယ်။ သူတို့ဟာ ဖိအားကို တောင့်ခံမှုမရှိဘဲ၊ အလျော့ ပေးခြင်း ဟာ မိုက်မဲပါတယ်လို့ သူမက ဆက်ပြောပါတယ်။ သူမ မှန်တာပေါ့။ ဒါပေမယ့် ဒီကိစ္စဟာ အဲဒါထက်ပိုပြီး ရှုပ်ထွေးပါတယ်။ ကျွန်မဟာ သား ၃ဦးနှင့် သမီး ၁ဦးရဲ့မိခင်ဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံကို ဝေမျှပေးခြင်း အားဖြင့် သင်ဟာ ကွဲပြားတဲ့အ့မြင်တစ်ခုကို ရမှာဖြစ်ပါတယ်။ ကျွန်မရဲ့သားအားလုံးဟာ ရည်းစားစာတွေ ကို အသက် (၁၂) သို့ (၁၃) နှစ်အရွယ်မှာ စတင် လက်ခံရရှိပါတယ်။ စာတိုင်းမှာ ကောင်မလေးတွေက သူတို့ရဲ့အချစ်ကို သက်သေပြနိုင်ဖို့ အတွက် ဘာကိုမဆို လုပ်ပေးမယ်လို့ ရေးထားပါတယ်။ အကြီးဆုံးသား အလှည့်မှာ၊ ကျွန်မဟာ အလွန်ထိတ်လန့် ခဲ့ပါတယ်။ အငယ်ဆုံးသား အသက် ၁၃နှစ် ရောက်တဲ့အချိန်မှာ တော့ ကျွန်မဟာ အသားကျသွားပါပြီ။
            အနှစ်ချုပ်ရသော်။ ။ ယောက်ျားနှင့် မိန်းမတို့သည် အချစ်နှင့် စပ်လျဉ်း၍တွေးခေါ်ပုံခြင်း မတူကြပါ။ မိန်းကလေး သည် စိတ်ကူးယဉ်ဆန်သောအချစ်မျိုးကို တွေးတောသည်။ သူမအား နီးကပ်စွာထွေးပွေ့ ထားပြီး သူမဟာ ထူးခြား ကောင်းမွန်သူ ဖြစ်ကြောင်းကို ပြောမည့်တစုံတဦးကို လိုချင်ခြင်းဖြစ်သည်။ ယောက်ျားလေးတဦးသည် အချစ်ကို လိင်နှင့် ဆက်စပ်၍ တွေးလေ့ရှိသည်။
            သုတေသနပညာရှင်များက လေ့လာတွေ့ရှိထားသည်မှာ အဆုံးထိလုပ်ဖို့ဆန္ဒမရှိသော စုံတွဲများတောင်မှ နာရီ ၃၀၀ ကြာ နှစ်ယောက်တည်း အတူတကွနေပြီးသောအခါ၊ လိင်ပိုင်းအရဆက်နွယ်မှု ရှိလာမည်ဟူ၍ ဖြစ်သည်။ ထိုသို့ ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် တိကျသောပြင်ဆင်မှုများမလုပ်ထားရင်ပေါ့။ အောက်ပါ ဖော်မြူလာကို လေ့လာကြည့်ပါ။
  
အဆုံးထိသွားနေကြောင်း မည်သို့သိနိုင်မည်နည်း။
            မော်တော်ယဉ်တစ်စီးတွင် Safetydevices  များရှိသည်။ ထို Safetydevices များက သင်၏ ကား အင်ဂျင် ပျက်စီးမည့် အလားအလာရှိပါက သတိပေးမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ အင်ဂျင်၏အပူချိန်သည် မြင့်တက်လာပါက၊ မီးနီ လင်း လာမည်ဖြစ်သည်။ ဤမီးနီကို တွေ့ခြင်းအားဖြင့်၊ တခုခု မှားနေပြီ ဆိုတာကို သင်သိနိုင်သည်။ သူသည် ကားကို ချက်ချင်း ရပ်တန့်ရမည် ဖြစ်ပြီး ဘာမှားနေလဲဆိုတာကို စစ်ဆေးရမည်ဖြစ်သည်။
            သင်သည် အဆုံးထိသွားနေကြောင်းကို သိနိုင်မည့် “သတိပေးအချက်ပြမီး” အချို့ကိုတင်ပြပါမည်။
+ ယောက်ျားလေး (သို့)မိန်းကလေး၏လက်များသည်  ဟိုစမ်းဒီစမ်းလုပ်နေပါက၊ အဆုံးထိသွား နေနိုင်သည်။
+ သင်တို့ထဲမှ တစ်ယောက်ယောက် အ၀တ်အစားချွတ်နေပါက၊ အဆုံးထိသွားနေပြီဖြစ်သည်။
+ သင်တို့၏ အ၀တ်အစားကို တချိန်လုံး ၀တ်ထားပါ။
+ သင်အမှန်တကယ် လေးစားမှုရှိသည့်လူတဦးကို မလုပ်မဲ့အရာမျိုးကို စတင်ပြုလုပ်နေပါက၊ သင်သည် အဆုံးထိ သွားနေပြီး ဖြစ်သည်။
+ သင်သည် အသိဥာဏ်ရှိသည့် ဆုံးဖြတ်ချက်မျိုးကို မချနိုင်ဘဲ၊ သင်လုပ်မည့်အရာသည် လုပ်သင့်သလား၊ မလုပ်သင့် သလား ဆိုတာကို မဆင်ခြင်နိုင်ပါက၊ သင်သည် အဆုံးထိသွားနေပြီ ဖြစ်သည်။
အနှစ်ချုပ်ရသော်
            သင်သည်  Date စတင်မလုပ်မီ၊ သင်သည် ဘယ်လောက်ထိသွားမလဲဆိုတာကို  Guideline များ ချသင့်သည်။ ၁၀၀ % စိတ်ချရသည့် Guideline မှာ လက်တွေကို ချထားပြီး အ၀တ်အစားဝတ်ထားပါ။
မေးခွန်းများ (မှန်/မှား)
၁။     စွဲမက်မှု၏နိယာမသဘောတရားမှာ ကျွန်ုပ်တို့သည် ရရန်ခက်ခဲသောအရာများကိုသာ စွဲမက်ပြီး အလွယ် တကူ ရနိုင်သော အရာများကို သိပ်စိတ်မ၀င်စားကြပါ။
၂။     သင်သည် ဆန့်ကျင်ဘက်လိင်တဦးဦးကို လိုက်ပါက၊ သင်သည် ထိုသူအားသာ၍ စွဲမက်မှုရှိမည်ဖြစ်သည်။
၃။     ယောက်ျားများစွာအတွက် စိတ်လှုပ်ရှားမှုသည် “လိုက်”နေသောကာလတွင်သာရှိပြီး၊ အောင်မြင်မှု ရသွား ပါက အခြား စိန်ခေါ်မှုတစ်ခုအတွက် အဆင်သင့်ဖြစ်နေလိမ့်မည်။
၎။     မိန်းကလေးတဦးသည် ယောက်ျားတဦးအား လိုက်လျောလိုက်သောအခါ၊ သူကသူမအား သာ၍ လေးစား ချစ်ခင် လာမည် ဖြစ်သည်။
၅။ Self-image ၏နိယာမသဘောက ဆိုထားသည်မှာ ကျွန်ုပ်တို့သည် အတွင်းပိုင်း၌ မိမိကိုယ်ကို မြင်သော အမြင်၏ ထိန်းချုပ်ထားခြင်းကို ခံထားရသည်ဟူ၍ ဖြစ်သည်။
၆။     ကျွန်ုပ်တို့၏ အတွင်းပိုင်း၌မိမိကိုယ်ကို မိမိမြင်သောအမြင်သည် ဘယ်တော့မှ မှားယွင်းမှုမရှိတတ်ပါ။
၇။     သင်နှင့်ပတ်သက်သော အရာတစ်ခုသည် မှန်ချင်မှမှန်မည်။ သို့သော် သင်သည် ထိုအရာကို ယုံကြည် ပါက၊ ထိုအရာ၏ ထိန်းချုပ်ခြင်းကိုခံရမည် ဖြစ်သည်။
၈။    သင်၏ Self-image သည် သင့်ကို သင် မည်မျှလေးစားမှုရှိသလဲနှင့် အခြားသူများက သင့်အား မည်မျှ လေးစားသလဲ အပေါ်တွင် မူတည်သည်။
၉။     ကွဲပြားခြားနားမှု၏ နိယာမသဘောတရားက အချစ်နှင့်ပတ်သက်၍ ယောက်ျားနှင့်မိန်းမတို့သည် တွေးခေါ်ပုံခြင်း မတူကြပါ ဟုဆိုသည်။ မိန်းကလေးက စိတ်ကူးယဉ်ဆန်သော အချစ်ဇာတ်လမ်း ပုံစံမျိုးဖြင့် အချစ်ကို တွေးပြီး ယောက်ျားလေး က အချစ်အားလိင်နှင့်ဆက်စပ်၍ တွေးလေ့ရှိသည်။
၁၀။     မိန်းကလေးတဦးက သူမအတွက်အဆင်သင့် မဖြစ်သေးသည့်လိင်နှင့်ကစားခြင်း အကြောင်း အရင်းမှာ ယေဘုယျ အားဖြင့် ချစ်ခြင်းမေတ္တာကို လိုအပ်သောကြောင့်ဖြစ်ပြီး ယောက်ျားလေးတဦးက သူ့အတွက် အဆင်သင့် မဖြစ်သေးသည့် လိင်နှင့်ကစားခြင်းအကြောင်းအရင်းမှာ ကနဦးအဆင့် အားဖြင့် သူလိုသောအရာမှာ လိင်ဖြစ်သောကြောင့် ဖြစ်သည်။
အင်ဒရူး

 
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support