HCF

HCF MYANMAR IN SINGAPORE

Tuesday, June 1, 2010

အလုံးစုံတို့ကို အစိုးရသော ကယ်တင်ရှင်ယေရှုခရစ်


Jesus Christ Lord of All

သင်ခန်းစာ (၆)


''ထိုသခင်သည် ဘုရားသခင်၏သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူ ခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊-မိမိအသရေကိုစွန့်၍ အစေခံကျွန်သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။-ထိုသို့ လူ၏ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင် အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။-ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။''(ဖိ၊၂း၆-၉)

ချစ်စွာသောမိတ်ဆွေ၊

အထက်ပါကျမ်းပိုဒ်ကို အချိန်ယူလေ့လာပါ။ လောကကြီးတခုလုံးရှိ ကျွန်ုပ်တို့အား အလွန်အံ့ဖွယ်သော အကြောင်း အရာကို ပြောပြနေပါသည်။ ဘုရားသခင်၏သားတော်သည် လူဇာတိကို ခံယူခြင်းနှင့် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခြင်း၊ ဘုရားသခင်က သူ့ အားအမြင့်ဆုံး ချီးမြောက်ခဲ့ခြင်း တို့ ဖြစ်သည်။

ဤသင်ခန်းစာ၌ ယေရှုသည် ဘယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချလျက်၊ အနှိမ့်ဆုံးသို့ ဆင်းကာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းတိုင်အောင် ဖြစ်ကြောင်းကို မြင်ရပေလိမ့်မည်။ ထိုနောက် ယေရှုကို ဘုရားသခင်က အထက်အရပ် အမြင့်ဆုံးဖြစ်သော စင်္ကြာဝဠာ၏ ပလ္လင်၌ ချီးမြောက်ကြောင်းကို မြင်ရပေလိမ့်မည်။

ယေရှုခရစ်သည် မိမိကိုယ်ကို နှိမ့်ချခဲ့ခြင်း

သခင်ယေရှုသည် မိမိကိုယ်ကို နှိမ်ချခဲ့သော အကြောင်းအရာ သုံးခုကို ကျွန်ုပ်တို့ စဉ်းစားကြပါစို့။

(၁)ယေရှုသည်မိမိကိုယ်ကိုလူသားတဦးအဖြစ်ခံယူရန် နှိမ့်ချခဲ့၏။

ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ မပြောင်းမလဲ အစဉ်အမြဲ ဘုရားသခင် ဖြစ်တော်မူသည်။ သို့သော် သူသည် သူ၏ ဘုရားအခွင့်အရာအပေါ် မြဲမြံတွယ်ကပ်ခြင်းကို မပြုခဲ့ပါ။ ယင်းအစား သူ၏ ကြီးစွာသောတန်ခိုးနှင့် ဘုန်းအသရေကို ဘေး ဖယ်လျက် လူသား တယောက် အဖြစ်ကို ခံယူရန် မိမိကိုယ်ကို နှိမ့်ချတော်မူခဲ့၏။ ကျမ်းစာက''ထိုသခင်သည် ဘုရားသခင်၏သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူ သည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။''ဟုဆို၏။ (ဖိ၊၂း၅-၇)

ဘုရား၏သားတော်သည် ဤလောကသို့ ကြီးမြတ်သော၊ တန်ခိုးကြီးသောဘုရင်အဖြစ် မလာခဲ့ပါ။ ယင်းအစား သူသည် သေးငယ် သော အကူအညီမဲ့သော ခလေးသူငယ်အဖြစ်နှင့် ကြွလာခဲ့ပါသည်။ သူသည် ကြီးကျယ်ခန်းနားသော နန်းတော်ထဲ၌ မမွေးဖွားခဲ့ပါ။ နှိမ့်ကျသော နွားစားခွက်တွင် မွေးဖွားခြင်းကို ခံခဲ့၏။

(၂)ယေရှုသည် လူသား များ၏အစေခံကျွန်တဦး အဖြစ်ခံယူရန် မိမိကိုယ်ကို နှိမ့်ချခဲ့၏။

ယေရှုသည် သူ၏အသက်တာတလျှောက်လုံး၌ သူတပါး၏အစေကိုခံရန် မိမိကိုယ်ကို နှိမ့်ချတော်မူခဲ့၏။ သူက''ငါသည် သင်တို့တွင် အစေခံသူ ကဲ့သို့ ဖြစ်သည်''ဟုဆို၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း (၁၃)၌ ယေရှု အသေမခံမှီ သူ၏တပည့်တော်များနှင့် နောက်ဆုံးသောညစာ၊စားခြင်းကို ဖတ်ရပါသည်။ ထိုခေတ် ထုံးတမ်းစဉ်လာအရ ရောက်ရှိလာသော ဧည့်သည်ကို တစုံတယောက်က ထိုသူများ၏ခြေကို ဆေးပေး ရပါ သည်။ ဤကား အမှန် မှာ ကျွန်တယောက်၏ အလုပ် ဖြစ်သည်။ သို့သော် ဤနေရာ၌ ကျွန်တယောက်မျှ မရှိပါ။

ဧည့်သည်များ၏ခြေကို ဆေးပေးရန် တပည့်တော်တယောက်ကမျှ မကမ်းလှမ်းကြပါ။ အယောက်စီတိုင်းက ဤအမှုကို ပြုရန် မိမိတို့သည် အလွန်ကောင်းမြတ်ကြောင်းကို ခံယူကြပါသည်။ သို့သော် ယေရှုသည် သိတော်မူပြီး သူသည် ဘုရားသခင်၏ သားတော် ဖြစ် သော် လည်း၊ သူသည် ဝတ်လုံကို ချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူပြီး အစေခံကျွန်တယောက်ကဲ့သို့ ပြုတော် မူ၏။ သူသည် အင်တုံ၌ ရေကိုလောင်းပြီးလျှင် တပည့်တော်များ၏ခြေကို ဆေးတော်မူ၏။ ကျမ်းစာက''မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဍာန်ကို ယူဆောင် လျက်...''ဟုဆို၏။(ဖိ၊၂း၇)

(၃)ယေရှုသည် လက်ဝါး ကပ်တိုင်ပေါ်အသေခံရန် မိမိကိုယ်ကို နှိမ့်ချတော်မူ၏။

ဤကား ခမည်းတော်ဘုရားသခင်၏ အလိုတော်ဖြစ်သော ဘုရား၏သားတော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် လက်ဝါး ကပ်တိုင်ပေါ် အသေခံရလိမ့်မည် ဖြစ်သည်။ သခင်ယေရှုသည် သူ၏ခမည်းတော်၏အလိုတော်ကို နာခံခဲ့၏။ ကျမ်းစာက ''ထိုသို့ လူ၏ ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန် ခံ၍ ကိုယ်ကိုယ် နှိမ့်ချတော်မူ၏။''ဟုဆိုသည်။(ဖိ၊၂း၈)

လက်ဝါးကပ်တိုင်၌ သေခြင်းကဲ့သို့ ရှက်ဖွယ်သောသေခြင်း ဘယ်သောအခါမျှ မရှိပါ။ ဤသေခြင်းမျိုးသည် အဆိုးဆုံးသောအပြစ် သားများအတွက် နောက်ဆုံးနှင့်အကြီးဆုံးသောအပြစ်ပေးခြင်း ဖြစ်သည်။ သို့သော် ယေရှုသည်မိမိကိုယ်ကို နှိမ့်ချလျက်၊ လက်ဝါးကပ်တိုင်၌ အပြစ်သား၏သေခြင်းကဲ့သို့ တိုင်အောင် အလွန်နှိမ့်ချတော်မူ၏။

ဘုရားသခင်သည် ယေရှုခရစ်ကို ချီးမြောက်တော်မူ၏။

ယေရှုသည် မိမိကိုယ်ကို လက်ဝါးကပ်တိုင်၌ အသေခံခြင်းတိုင်အောင် နှိမ့်ချခဲ့ခြင်းကို ကျွန်ုပ်တို့နားလည်ခဲ့ရပြီ။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို ပေးဆပ်ရန် ညှင်းဆဲခံခြင်းနှင့်လက်ဝါးကပ်တိုင်ပေါ်အသေခံခြင်းကို ခံခဲ့၏။ လက်ဝါးကပ်တိုင်ပေါ်
သူ၏အသေခံခြင်းသည် သူ၏နှိမ့်ချခြင်း၏ အဆုံးသတ်ဖြစ်၏။ ယခုဆက်၍ ဘုရားသခင်သည် သူ့ကို အမြင့်ဆုံးသော ချီးမြောက်ခြင်းကို ကြည့်မြင်ရလိမ့်မည်။

(၁) ဘုရားသခင်သည် ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့၏။

ဘုရားသခင်က သူ၏ သားတော်၏အလောင်းကို ရိုသေခြင်း၊ ဂုဏ်ပြုခြင်းနှင့် သင်္ဂြိုသ်ခြင်းကို ပြုရန် မြင်တွေ့စေခဲ့၏။ ယေရှု၏ အလောင်းကို ပိတ်ချောနှင့်ပတ်ရစ်ခြင်း၊ အဖိုးထိုက်သောအမွှေးနံ့သာများ လိမ်းခြင်းကို ပြုခဲ့၏။ သူဌေးတဦး၏သင်္ချိုင်းတွင်းသစ်တွင် မြုပ်နှံခဲ့၏။ သုံးရက်မြောက်သောနေ့တွင် ဘုရားသခင်သည် ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့၏။ ကျမ်းစာက ''........အကြောင်းမူကား ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်...''ဟုဆိုသည်။(ရော၊၆း၎)

(၂) ဘုရားသခင်သည် ယေရှုအား တန်ခိုးအလုံးစုံကို ပေးခဲ့၏။

ကျမ်းစာက''ခမည်းတော်သည် သားတော်ကို ချစ်တော်မူပြီ၊ အရာခပ်သိမ်းကို သားတော်၌ အပ်ပေးတော်မူခဲ့ပြီ။''ဟု ဆို၏။ ဘုရားသခင်သည် အလုံးစုံ သော တန်ခိုးနှင့်အာဏာကို သူ၏သားတော်၌ ပေးအပ်ခဲ့ပြီ။ ယေရှုက သူ၏တပည့်တော်များကို''ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ငါ ခံရပြီ။''ဟု ဆို၏။(မ၊၂၈း၁၈)

အဘယ်မျှ အံ့ဘွယ်ကောင်းသော အကြောင်းအရာ ဖြစ်ပါသနည်း။ ပြီးခဲ့သော ရက်အနည်းငယ်က ယေရှုသည် ကားစင်ပေါ် အသေခံခဲ့၏။ ယခု ထမြောက်ခြင်းအရှင် ခရစ်တော်သည် သူ၏တပည့်တော်များကို သူသည် ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို သူ ခံရပြီးကြောင်းကို ပြောပါ၏။

သခင်ယေရှုသည် ကောင်းကင်ဘုံသို့ ပြန်မတက်ကြွသွားမှီ သူသည် ဤ အမိန့် ကိုပေးခဲ့၏။''သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။''ထိုနောက် သူသည် ဤအံ့ဘွယ်သော ကတိ ကိုလည်းပေးခဲ့၏။ ''ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့် တော်တို့အား မိန့်တော် မူ၏။''

တပည့်တော်များ ကြည့်ရှုလျက်နေကြစဉ်၊သခင်ယေရှုသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် တပည့်တော်များ၏မြင်ကွင်းမှ သူ့ကို မျက်ကွယ်အောင် ခံယူလေ၏။ သူသည် ဘုန်နှင့်ပြည့်စုံသော၊ ထမြောက်ခြင်းခန္ဓာနှင့် သခင်ယေရှုသည် ဤကမ္ဘာမြေကြီးမှ တက်ကြွသွားပြီး၊ မိုးတိမ်ကို ဖြတ်လျက် သူသည် ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူ၏။

သူ၏လက်များ၊ခြေများ၌ သံရိုက်ရာရှိ၏။ သူ၏နံဘေး၌ လှံထိုးရာရှိ၏။ သူ၏နဖူးပေါ်၌ ဆူးသရဖူဆောင်းခြင်းကြောင့် သူ၌ ဒါဏ်ရာ ရှိ၏။

(၃) ဘုရားသခင်သည် ယေရှုကို သူ၏လင်္ကျာဘက်၌ နေရာပေးတော်မူ၏။

သခင်ယေရှုသည် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီးသောအခါ ခမည်းတော်ဘုရားသခင်သည် သူ့အား အမြင့်မြတ်ဆုံး သော ဂုဏ်ပြုခြင်းရှိသော နေရာကို ပေးတော်မူ၏။ ဤနေရာသည် အဘယ်မှာနည်း။ ဘုရားသခင်၏လင်္ကျာဘက်၌ ရှိတော်မူ၏။ ဤနေရာသည် ခမည်းတော်ဘုရားက သူ၏သားတော်ကို ပေးသောနေရာဖြစ်သည်။ ကျမ်းစာက''ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော် အရှိန်ကဲ့သို့ဖြစ်၏။-ခပ်သိမ်းသောအထွဋ်အမြတ်၊အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍၊ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင်အရပ်၌ မိမိလင်္ကျာတော်ဘက်မှာ အလွန် မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍''ဟု ဆို၏။(ဧ၊၁း၂ဝ-၂၁)

သခင်ယေရှုကို ပေးအပ်ခြင်းခံရသော ရာထူးနေရာသည် တစုံတဦးသော်၎င်း၊ (သို့) စင်္ကြာဝဠာ၌ရှိ တန်ခိုးရှိသော ကောင်းကင် တမန်တစုံတဦး ထက်၎င်း၊ အလွန်မှ သာလွန်ပါသည်။ ကျမ်းစာ၌ ဘုရားသခင်သည် အရာခပ်သိမ်းကို ''သူ၏ခြေအောက်၌'' ချထားတော်မူ၏ ဟုဆိုသည်။ အဓိပ္ပါယ်မှာ အသက်ရှိသော သတ္တဝါ အားလုံးသည် သူ၏အာဏာအောက်၌ ရှိကြသည်။

(၄) ဘုရားသခင်သည် ယေရှုနာမကို နာမတကာတို့အပေါ် ချီးမြောက်တော်မူ၏။

သခင်ယေရှု မမွေးဖွားမှီ သူ၌ ပရောဖက်ပြု ဟောထားခဲ့သည်မှာ ''သူ၏နာမသည်အံသြဘွယ် ဟုခေါ်ခြင်းကို ခံရမည်'' ဟု ဆို၏။ ဤပရောဖက် ပြုချက်သည် အံ့သြဘွယ်ကောင်းလောက်အောင် ပြည့်စုံခဲ့၏။ ဘုရားသခင်သည် သူ၏နာမကို နာမတကာ တို့အပေါ် ချီးမြောက် ခဲ့ ၏။ ''ယေရှုခရစ်'' ဟူသော နာမသည် စင်္ကြာဝဠာ၌ အလွန်အံ့ဘွယ်ကောင်းသော နာမ ဧကန်အမှန် ဖြစ်တော် မူ၏။

ကျွန်ုပ်တို့သည် ကျမ်းစာ၌ နာမည်ကြီးခဲ့ကြသော ပုဂ္ဂိုလ်များအကြောင်းကို စဉ်းစားနိုင်ပါသည်။ မောရှေ၏အကြောင်း စဉ်းစားသော် သူ့ကို ''ဘုရားသခင်၏လူ''ဟု ခေါ်သည်။ ဒါဝိတ်ကို ဘုရားက ''ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ'' ဟုပြောဆို ထားပါသည်။ ကမ္ဘာ့သမိုင်းတွင် အခြား နာမည်ကြီးသောသူများအကြောင်းကို ကျွန်ုပ်တို့ စဉ်းစားနိုင်ပါသည်။ သို့သော် နာမတကာ အားလုံးတို့အပေါ် နာမတခု ရှိသည်။ ထိုနာမကား ''ယေရှုခရစ်တော်'' ဟူသော နာမဖြစ်သည်။ ဘုရားသခင်က ထိုနာမကဲ့သို့ ကြီးမြတ်သော နာမ မရှိ၊ ဘယ်သောအခါမျှ ရှိလိမ့်မည် မဟုတ်ကြောင်း ပြောပါသည်။ ''ယေရှုခရစ်'' ဟူသော နာမသည် ဤကမ္ဘာ ပေါ်ရှိ နာမ အားလုံးတို့အပေါ် (သို့) နောင်လာမည့် ကမ္ဘာအပေါ်၌လည်း ရှိတော်မူမည်။ ကျမ်းစာက''ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား.....ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့ နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ နှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်းတည်။''ဟု ဆိုသည်။(ဖိ၊၂း၉-၁၁)

(၅) သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင် စေလွှတ်ခဲ့သည်။

ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းမခံမှီ သူ၏တပည့်တော်များကို သန့်ရှင်းသောဝိညာဉ်တော် ကြွလာ မည့်အကြောင်းကို မိန့်တော်မူခဲ့သည်။ သူက'' ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။''ဟုဆိုသည်။(ယော၊၁၄း၁၆)

ကျမ်းစာက သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုသည် ဘုန်မပွင့်မှီ ပေးတော်မူမည် မဟုတ်ဟု ဆိုထားသည်။ သို့သော် သခင်ယေရှုသည် အလုံးစုံတို့၏ သခင်အရာ၌ ချီးမြှောက်ခြင်းကို ခံရလျှင် သူ၏ယုံကြည်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်း တော်မူလိမ့်မည်။ ယေရှုက ''ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ ရှိသည်ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြ လိမ့်မည်။''ဟု ဆို၏။(ယော၊၁၄း၂ဝ)

ယေရှုသေခြင်းမှ ထမြှောက်ပြီးနောက် ရက်ငါးဆယ်မြောက်နေ့၊ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များသည် အထက်ခန်းတွင် စုဝေးလျက် နေကြ၏။ သူတို့သည် ယေရှု၏ကတိတော်ကို သတိယလျက် သန့်ရှင်းသောဝိညာဉ်တော် ကြွလာခြင်းကိုစေါင့် လျက်နေကြ၏။

ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သော အသံသည် တခဏခြင်းတွင် ကောင်းကင်မှ လာ၍၊ ထိုသူတို့နေထိုင်သော အိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူ အသီးသီးတို့ အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော် ကြွလာခဲ့သည်။ ထို့ကြောင့် ယေရှုခရစ်သည် အားလုံးတို့၏သခင်အဖြစ် ချီးမြှောက်ခြင်းကိုခံရပြီးကြောင်းကို တပည့်တော်များ သိတော်မူ၏။ ထိုနောက် တမန်တော်ပေတရုက ဂျူးလူတို့အား ပြောခဲ့သည်မှာ ''ထိုယေရှုကို ဘုရားသခင် ထမြှောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေ ခံဖြစ်ကြ၏။ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့်ယှဉ်သော သန့် ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီးဖြစ်၍ သင်တို့သိမြင် ကြားရသောအရာကို သွန်းလောင်း တော်မူ၏။ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌၄င်း၊အစိုးရသောအရှင်အရာ၌၄င်း၊ ခန့် ထားတော်မူသည့်အကြောင်းကို ဣသရေလ အမျိုးသား အပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရု ဟောလေ၏။''ဟု ဆိုသည်။(တမန်၊၂း၃၂-၃၃၊၃၆)

ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းသည် မည်သည့်သက်သေကို ဖြစ်စေခဲ့ပါသနည်း။

ယေရှုခရစ်သည် အလုံးစုံတို့၏သခင် ဖြစ်ကြောင်း သက်သေ ဖြစ်စေ၏။ ထိုအချိန်မှစ၍ တပည့်တော်များသည် ကြီးစွာသောတန်ခိုး ကိုခံရပါသည်။ သူတို့ကောင်းစွာ သိသောသူ ယေရှုခရစ်သည် ယခု ကောင်းကင်ဘုံ ပလ္လင်၌ ထိုင်တော်မူ၏။ သူသည် အားလုံးတို့၏သခင် အဖြစ် စိုးစံတော်မူပြီ၊ သူတို့၏မိတ်ဆွေလည်း ဖြစ်တော်မူ၏။ သူတို့သည် နေရာအနှံ့သို့ သွား၍ ခရစ်တော်၏အကြောင်း ကို ရဲရင့်စွာ ဟောပြော ကြ၏။

ယေရှုခရစ်သည် အားလုံးတို့၏ သခင်ဖြစ်သည်။

သခင်ယေရှုနှင့်ပတ်သက်သော အံ့ဘွယ်ကောင်းသော အကြောင်းအရာများစွာကို လေ့လာခဲ့ကြပြီ၊ ဤသင်ခန်းစာ၌ လေ့လာခဲ့ရ သော အရေးကြီး ဆုံးသော သစ္စာတရားများထဲတွင် ယေရှုခရစ်သည် အားလုံတို့၏သခင် ဖြစ်ခြင်း ဖြစ်သည်။

ယေရှု၏ ကြီးစွာသော ပြောင်းလဲမှုများက အစားထိုးနေရာယူခဲ့ခြင်းကို ဆင်ခြင်ကြမည်။ ထိုလူ ယေရှုခရစ် မိမိကိုယ်ကို အစေခံ ကျွန်အရာ၌၄င်း၊ ကားတိုင်ပေါ် အပြစ်သား သေခြင်းအရာ၌ အသေခံရန် နှိမ့်ချခဲ့သော သူသည် အားလုံးတို့၏ သခင်အရာ၌ ခန့်ထားခြင်းကို ခံရ၏။ ယခု သူသည် စင်္ကြာဝဠာ၏အုပ်စိုးသူ ဖြစ်တော်မူသည်။

ယေရှုကိုအပ်နှင်းသော ဘွဲ့နာမ ငါးမျိုးကို ကျမ်းစာ၌တွေ့ရသည်။

''အရှင်နှင့်သခင်''............. ............................................... ယော၊ ၁၃း၁၃၊

''အစိုးရသောအရှင်နှင့်ခရစ်တော်''....................................... တမန်၊ ၂း၃၆၊

''အလုံးစုံတို့ကို အစိုးရသောသခင်''......................................တမန်၊ ၁ဝး၃၆၊

''ဘုရင်တကာတို့၏ဘုရင်''နှင့်'' သခင်တကာတို့၏သခင်''........ဗျာ၊ ၁၉း၁၆၊

ယေရှုခရစ်သည် ကျွန်ုပ်တို့၏ သခင်ဖြစ်သည်။

ခရစ်ယာန်များစွာက ယေရှုကို ကယ်တင်ရှင်တဦးအဖြစ်သာ ယူဆကြ၏။ သို့သော် သူသည် ကျွန်ုပ်တို့၏ သခင်လည်း ဖြစ်တော်မူသည်။ သူသည် သခင်ယေရှုခရစ်တော် ဖြစ်သည်။

''သခင်'' ဟူသောစကားသည် အုပ်စိုးသူအရှင် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏အသက်တာများကို သူ့ကို ပေးရန်နှင့် သူ့ ကိုအစေခံရန် တောင်းဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်သည် ကျွန်ုပ်တို့၏ အရှင်နှင့်သခင် ဖြစ်တော်မူသည်။

ကျွန်ုပ်တို့သည် မိမိကိုယ်ကို သခင်ယေရှုအား အဘယ်ကြောင့် ပေးအပ်သင့်ပါသနည်း။ ကျွန်ုပ်တို့ကို သူ ပိုင်သော ကြောင့် ဖြစ် သည်။ ကျမ်းစာက''.....မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။.......သင်တို့သည် အဘိုးနှင့်ဝယ်တော် မူသောသူ ဖြစ်သော ကြောင့်...''ဟု ဆိုသည်။ (၁ကော၊ ၆း၁၉း၂ဝ)

''သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ'' ဟူသော စာသားများ၏ အဓိပ္ပါယ်ကို ကျွန်ုပ်တို့ ရှင်းလင်းစွာနားမလည်ဘဲ ဖြစ်ကောင်း ဖြစ်မည်။ သို့သော် ကနဦး ခရစ်ယာန်များအတွက် အဓိပ္ပါယ်သည် အလွန်ရှင်းလင်းပါသည်။

တမန်တော်ရှင်ပေါလု ဤစာများကို ရေးသားချိန်၌ လူသားများကို ကျွန်အဖြစ် ရောင်းဝယ်ခဲ့ကြသော ဈေးများ ရှိခဲ့ကြ သည်။ လူတယောက်သည် ဈေးသို့သွားပြီ၊ ကြက်တကောင်၊ ဘဲတကောင်ကို ဝယ်ယူနိုင်သကဲ့သို့ သူသည် ကျွန်တယောက်ကို ဝယ်ယူနိုင်၏။

အမြင့်ဆုံးသော တန်ဘိုးကိုပေးသော သူသည် ထိုကျွန်၏ အရှင်နှင့်သခင် ဖြစ်လာ၏။ ထိုကျွန်ကို သူ၏သခင်သည် ပိုင်တော်မူပြီ၊ အသက်ရှင်သမျှ ကာလပတ်လုံး ကျွန်ခံရပါသည်။

သင်နှင့်ကျွန်ုပ်သည် ကယ်တင်ခြင်းသို့မရောက်မှီ၊ ကျွန်ုပ်တို့သည် အပြစ်နှင့်စာတန်၏ ကျွန် ဖြစ်ကြသည်။ သို့သော် ယေရှုသည် မိမိ၏အဘိုးထိုက်သော အသွေးနှင့် ကျွန်ုပ်တို့ကို ဝယ်ခဲ့၏။ ကျွန်ုပ်တို့ကို ရွေးရန် သူသည် သူ၏အသက်ကို ပေးခဲ့၏။ သူသည် ကျွန်ုပ်တို့ကို ဝယ်ခဲ့စဉ်ကပင် ကျွန်ုပ်တို့ကို သူ ပိုင်ခဲ့၏။ သူသည် ကျွန်ုပ်တို့၏ အရှင်နှင့်သခင် ဖြစ်တော်မူသည်။

သခင်ယေရှု ကျွန်ုပ်တို့ကို ပိုင်သောကြောင့်၊ ကျွန်ုပ်တို့အသက်တာကို သူ့အား အစေခံရန် ကျွန်ုပ်တို့ ပေးအပ် သင့်ပါ သည်။ ထိုသို့ပြုလုပ်ရန် သခင်ယေရှု ကျွန်ုပ်တို့ကို မစေခိုင်းပါ။ ကျွန်ုပ်တို့သည် သူ့ကို ချစ်သောကြောင့် ကျွန်ုပ်တို့၏ အသက်တာကို သူ့အား ပေးဆက်ခြင်းကို ရွေးချယ်ရန်သာ သူ အလိုရှိတော်မူသည်။

ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်သည် သူ့ကိုအစေခံရန်အခွင့်အရေးကို ကျွန်ုပ် တို့ကို ပေးအပ်လျက် ရှိနေသည်ကို ကျွန်ုပ်သည် အမှန် သိမြင်နားလည်နိုင်လျှင် ကျွန်ုပ်တို့သည် မိမိကိုယ်ကို သူ့ကို အစေခံရန် ဝမ်းမြောက်ခြင်းနှင့် ပေးအပ်ကြပေ လိမ့်မည်။ သင်၏အသက်တာကို အားလုံးပြီးပြည့်စုံစွာ သခင်ယေရှုထံ မပေးဆက်မချင်း သင်သည် စစ်မှန်သော၊ ပျော်ရွှင်သော ခရစ်ယာန် တယောက် မဖြစ်နိုင်ပါ။

ဘုရားသခင်သည် ယေရှုခရစ်ကို အလုံးစုံတို့၏သခင် အရာ၌ ခန့်ထားခြင်းကို သင်သည် သိမြင်ပါသလား။ သူသည် သင့်ကို သူ၏အသွေးနှင့် ဝယ်တော်မူပြီး သင့်ကို သူပိုင်ကြောင်းကို သင် အမှန်သိရှိ နားလည် ပါသလား။ သို့ဖြစ်လျှင် သင်သည် သခင်ယေရှုထံသို့ သူပိုင်သောအရာများကို ပေးမည်လား။ သင်၏အသက်တာကို သူ့ထံ သင် ပေးမည်လား။

သင်သည် သခင်ယေရှုကို မိမိကိုယ်ကို ပေးအပ်ခြင်း၌ ကောင်းစွာနားလည်မည်ဟု စိတ်ချပါရစေ။ သူသည် သင်၏စကားအတိုင်း မှတ်ယူလုပ်ဆောင် ပေလိမ့်မည်။ ထိုအချိန်မှစ၍ သူသည် သင့်ကို ညွှန်ကြားသောသူ၊ သင်၏သခင် ဖြစ်လာပေလိမ့်မည်။

ယခု သင်သည် အမှန်ပင် သခင်ယေရှုကို သင်၏သခင်အဖြစ် ပြုလုပ်ရန် ရွေးချယ်မှုကို ပြုမည်လား။ သို့ဖြစ်သော် ဤ ဆုတောင်း ချက်သည် သင့်ကို မစ ပေလိမ့်မည်။ သင်သည် မိမိကိုယ်ကို သခင်ယေရှုထံ ပေးဆက်ပြီးနောက် သင်၏ နာမည်နှင့်နေ့စွဲ ကို လက်မှတ် ရေးထိုးပါ။ သင်၏ဆန္ဒနှင့်ဆုံးဖြတ်ချက် မှတ်တမ်းသည် သင်၌ ရှိနေပေလိမ့်မည်။

''သခင်ယေရှုဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ အရှင်သခင်ဖြစ်ကြောင်းကို ကျွန်ုပ် သိ မြင်နားလည်လာခဲ့ရပြီး ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်ကို မိမိ၏ အဘိုးထိုက်သော အသွေးနှင့်ဝယ်တော်မူပြီး၊ ကျွန်ုပ်ကို ကိုယ်တော် ပိုင်တော်မူ၏။ ယခု ကျွန်ုပ်သည် မိမိကိုယ်ကို ကိုယ်တော်၏အလိုကို လိုက်လျှောက်ရန် ကိုယ်တော်ထံ ပေးဆက်ပါသည်။ ယနေ့မှ စ၍ ကိုယ်တော်သည် ကျွန်ုပ်၏ အရှင်နှင့်သခင် ဖြစ်တော်မူသည်။'' အာမင်။

ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ


ယေရှုခရစ်သည် အလုံးစုံတို့၏ သခင် ဖြစ်တော်မူပြီး၊ သူသည် ကျွန်ုပ်၏ သခင် ဖြစ်တော်မူသည်။

နာမည်--------------။

ရက်စွဲ---------------။

သင်ခန်းစာ (၆) မေးခွန်းများ

၁။ အောက်ပါ ဖေါ်ပြချက်များမှ ယေရှုနှင့်ပတ်သက်၍ မှန်သောအရာမှာ

(က) ယေရှုသည် လူဇာတိကိုခံရန် သူကိုယ်ကို နှိမ့်ချခဲ့သည်၊ သို့သော် ထိုနောက် ဘုရားသခင်ကို နာခံခြင်းမရှိပါ။

(ခ ) ယေရှုသည် သူ ခံထိုက်သော အခွင့်များကို တောင်းဆိုခဲ့သည်။

(ဂ ) ယေရှုသည် ကိုယ်တိုင်နှိမ့်ချတော်မူပြီး၊ လက်ဝါးကပ်တိုင်၌ အသေခံခြင်းတိုင်အောင် သေသည်အထိ နာခံတော်မူသည်။


၂။ သခင်ယေရှု၏အသက်တာ မြေကြီးပေါ်၌ ထင်ရှားသော ဂုဏ်အင်္ဂါ လက္ခဏာ တခုမှာ၊

(က) ကြော်ကြားခြင်းနှင့် လူကြိုက်များခြင်း။

(ခ ) စည်းဇိမ်ရှိခြင်းနှင့် ကြွယ်ဝခြင်း။

(ဂ ) နှိမ့်ချခြင်းနှင့် ခမည်းတော်ကို နာခံခြင်း။


၃။ ခမည်းတော် ဘုရားက သခင်ယေရှုကို ချီးမြှောက်ခဲ့သော နည်း တခုမှာ၊

(က) ကောင်းကင်ပေါ် မြေကြီးပေါ် တန်ခိုးအလုံးစုံကို ပေးအပ်ခဲ့ခြင်း။

(ခ ) ကောင်းကင်ပေါ် မြေကြီးပေါ် တန်ခိုးအချို့ကို ပေးအပ်ခဲ့ခြင်း။

(ဂ ) ယေရှု မြေကြီးပေါ်ရှိစဉ် လူအများက သူ့ကို အစေခံရန် ဖြစ်စေခြင်း။


၎။ သခင်ယေရှုခရစ်တော် ကောင်းကင်ဘုံသို့ မတက်ကြွခင် သူ၏နောက်လိုက်များကို လောကီနိုင်ငံ အရပ်ရပ်သို့ သွားရန် အမိန့်ပေးခဲ့ပြီး၊

(က) များစွာသော အသင်းတော် အဆောက်အဦ များကို ဆောက်ရန်။

(ခ ) လူတိုင်းကို ဧ၀ံဂေလိတရားကို ဟောရန်။

(ဂ ) တိုင်းတပါးသားများသို့ ဂရိ ယဉ်ကျေးမှု ပြန့်နှံ့ရန် ဖြစ်သည်။


၅။ ဘုရားသခင်သည် သခင်ယေရှုကို ချီးမြှောက်ရာ၌ ပေးအပ်ခဲ့သည်၊

(က) အာဗြံဟံ၊ မောရှေနှင့် ဒါဝိတ်တို့ကဲ့သို့ အခြားသော သန့်ရှင်းသူများ၏နာမများနှင့် တူညီသော နာမတခုကို ပေးခဲ့သည်။

(ခ ) အခြားသော နာမများအားလုံးတို့အပေါ် နာမတခု ပေးခဲ့သည်။

(ဂ ) များစွါသော အခြားသူများ နာမကဲ့သို့ နာမတခု ပေးခဲ့သည်။


၆။ ပင်တေကုတ္တေနေ့၌ သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်ကြွလာခြင်း၏ သက်သေမှာ၊

(က) ယေရှုခရစ်တော်သည် အလုံးစုံတို့၏ အရှင်သခင် ဖြစ်သည်။

(ခ ) တပည့်တော်များသည် အထူးသဖြင့် သန့်ရှင်းသူများ ဖြစ်သည်။

(ဂ ) တပည့်တော်များ၏ ဆုတောင်းခြင်းများကို ဘုရားသခင်က အဖြေ ပေးခြင်း ဖြစ်သည်။


၇။ ယခု ဤ အချိန်၌ စင်္ကြာဝဠာကို အုပ်စိုးနေသော သူသည်၊

(က) အမေရိကန် ပြည်ထောင်စု၏ သမတ ဖြစ်သည်။

(ခ ) လူသားများ သူတို့ကိုယ်တိုင် ဖြစ်သည်။

(ဂ ) သခင်ယေရှု ခရစ်တော် ဖြစ်သည်။


၈။ "သခင်" ဟု ဆိုသော စကား၏အဓိပ္ပါယ်မှာ၊

(က) အရှင်သခင်၊

(ခ ) မိတ်ဆွေ၊

(ဂ ) ဆရာ၊


၉။ သခင်ယေရှု ခရစ်တော်သည် ကျွန်ုပ်တို့၏ သခင်နှင့်အရှင် ဖြစ်ခြင်းအခွင့်ကို ရရှိခြင်းမှာ၊

(က) သူ ဖြစ်ရန် တောင်းဆိုခြင်းကြောင့် ဖြစ်သည်။

(ခ ) သူ ဖြစ်ရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။

(ဂ ) သူ၏အသွေးတော်နှင့် ကျွန်ုပ်တို့ကို ၀ယ်ယူ ခဲ့သောကြောင့် ဖြစ်သည်။


၁၀။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ အရှင်သခင် မည်ကဲ့သို့ ဖြစ်လာခဲ့ပါသနည်း။

(က) ကျွန်ုပ်တို့ သူ့ကို အစေခံရန် သူ အတင်းအဓမ္မ ပြုသည်။

(ခ ) ကျွန်ုပ်တို့ အသက်တာ သူကို ပေးအပ်ရန် ကျွန်ုပ်တို့၏ရွေးချယ်ခြင်း ဖြစ်သည်။

(ဂ ) သူသည် ကျွန်ုပ်တို့၏ အရှင်သခင် ဖြစ်ရန် သူ အမှန်တကယ် အလိုမရှိပါ။


ဤ သင်ခန်းစာတွင် သင်လေ့လာခဲ့ရာ၌ ဘယ်အရာသည် အရေးအကြီးဆုံး ဖြစ်ပါသနည်း။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support