HCF

HCF MYANMAR IN SINGAPORE

Tuesday, April 26, 2011

ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်း

Approved unto God

New Life in Christ Course III

Lesson 20

သော့ချက် ကျမ်း - သင်မူကား၊ ၀န်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ် လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။ (၂ တိ၊ ၂း၁၅)

ကျွန်ုပ်တို့သည် နောက်ဆုံးသောသင်ခန်းစာ၌ မဟာစေစားချက်နှင့်ပတ်သက်၍ လေ့လာခဲ့ပြီးဖြစ်သည်။ ထိုစေစားချက်မှာ ကမ္ဘာ အနှံ့အပြား သို့သွား၍ လူသတ္တ၀ါတိုင်းအား ဧ၀ံဂေလိတရားကို ဟောပြောရန် ဖြစ်သည်။ ခရစ်တော်အပေါ်၌ မူတည်သော ကမ္ဘာလုံးဆိုင်ရာ ကယ်တင်ခြင်းကို ဘုရားသခင်သည် စီရင်ခဲ့ ပြီးဖြစ်၍ ထိုအကြောင်းကို လူတိုင်းကြားရန် လိုအပ်သည်။

ဧ၀ံဂေလိသတင်းစကားကို တစ်ကမ္ဘာလုံးသို့ မည်သူက ပျံ့နှံ့စေမည်နည်း။

ဘုရားသခင်၏အစေခံများက ပျံ့နှံ့စေမည်။ ကယ်တင်ခြင်းခံရသူများသည် ဘုရားသခင်ကို အစေခံရန်နှင့် ဧ၀ံဂေလိတရားကို ပျောက်သောသူ တို့ ဆီ ယူဆောင်သွားရန် ခေါ်ယူခြင်း ခံရသည်။

ကျွန်ုပ်တို့လည်း တစ်ချိန်က ပျောက်ဆုံး၍ အပြစ်ဒုစရိုက်၌သေလျက်ရှိပြီး ဘုရားသခင်၏အသက်တာနှင့် ကွဲကွာလျက်ရှိခဲ့သည်ကို မမေ့ပါနှင့်။ ဘုရားသခင်၏ အစေခံအချို့သည် သခင်ယေရှုအကြောင်းကို ကျွန်ုပ်တို့အား ပြောပြခဲ့၍ ကျွန်ုပ်တို့သည် သူ့အား ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြသည်။ ယခုအခါတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အစေခံများ ဖြစ်လာရမည်ဖြစ်ပြီး အခြားသူများလည်း ကျွန်ုပ်တို့အားဖြင့် ဧ၀ံဂေလိတရားကို ကြားပြီး ကယ်တင်ခြင်း ခံရမည် ဖြစ်သည်။

အပြစ်သား - ဘုရားသား- အစေခံ

ဘုရားသခင်၏ တစ်ကမ္ဘာလုံးသို့ ဧ၀ံဂေလိတရားကို ပျံ့နှံ့စေမည့် အစီအစဉ်တွင် ဤအရာများသည် အလွန်အရေးကြီးသော ဆက်စပ်မှုများ ဖြစ်သည်။ အပြစ်သားများသည် ဧ၀ံဂေလိတရားကိုကြား၍ သခင်ယေရှုကို ယုံကြည်ပြီး ဘုရားသခင်၏သားသမီးများဖြစ်လာသည်။ မကြာမီ အတော အတွင်း သူတို့ သည် ဧ၀ံဂေလိတရားကို အခြားသူတို့ထံ ယူဆောင်သွားမည့် အစေခံများဖြစ်လာကြသည်။

ဤသင်ခန်းစာတွင် ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံများဖြစ်ရန် ကျွန်ုပ်တို့ မည်သို့ ပြင်ဆင်ရမည်ကို လေ့လာကြမည်။

ဘုရားသခင်အား အစေခံရန် ပြင်ဆင်ခြင်း

ဆရာဝန်တစ်ယောက် (သို့) ကျောင်းဆရာ (သို့) ရှေ့နေတစ်ယောက်ဖြစ်ရန် ပြင်ဆင်ဖို့အတွက် နာရီပေါင်းများစွာ အသုံးပြုရမည်ဖြစ်သည်။ ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံ တစ်ယောက် ဖြစ်ဖို့အတွက်လည်း ကြိုးစားပမ်းစား ပြင်ဆင်ရန် လိုအပ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""သင်မူကား၊ ၀န်ခံတော်မူသောသူ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတက်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစားအားထုတ် လော့။ ၁တိ ၂း ၁၅

ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံတစ်ယောက်ဖြစ်ဖို့ ဤအရာနှစ်ခုလည်း မရှိ မဖြစ်လိုအပ်သည်။

၁။ သမ္မာကျမ်းစာကို အသုံးပြုဖို့ ကောင်းကောင်းနားလည်ရမည်။

၂။ ဘုရားသခင်နှင့် နေ့စဉ် မိတ်သဟာရဖွဲ့ခြင်း။


သမ္မာကျမ်းစာကို မည်သို့ ကောင်းကောင်း နားလည်နိုင်မည်နည်း။

သမ္မာကျမ်းစာကို ဖတ်ခြင်း၊ သင်ယူလေ့လာခြင်းနှင့် ကျမ်းပုဒ်အချို့ကို အလွတ်ကျက်မှတ်ခြင်း အားဖြင့် နားလည်နိုင်သည်။ သမ္မာကျမ်းစာ သည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး စာအုပ်ဖြစ်သော်လည်း ၀မ်းနည်းစွာပြောလိုသည်မှာ ခရစ်ယာန်များသည် ကျမ်းစာကိုဖတ်ခြင်းအားဖြင့် ကျမ်းစာနှင့် ရင်းနှီးကျွမ်းဝင်လာရန်အတွက် အချိန်မယူခြင်းဖြစ်သည်။ သမ္မာကျမ်းစာကိုဖတ်၍ ကျမ်းစာထဲရှိ သမ္မာတရားများကို နားလည်နိုင်ရန်အတွက် သန့်ရှင်းသော ၀ိညာဉ်တော်ကို အားကိုးမှီခိုရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပြမှုမရှိဘဲ သမ္မာကျမ်းစာကို နားမလည်နိုင်ပါ။ ထိုအချက်ကြောင့် သမ္မာကျမ်းစာ သည် အခြား စာအုပ်များနှင့် ကွဲပြားခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ကယ်တင်ခြင်း မရသောသူသည် သမ္မာကျမ်းစာကို နားမလည်နိုင်ပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ""ဇာတိပကတိလူသည် ဘုရားသခင် ၀ိညာဉ်တော်၏အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တက်၏။ ထိုအရာတို့ကို ၀ိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင်။"" ၁ကော ၂း ၁၄

ဒုတိယအကြိမ်မွေးဖွားပြီးသူများအတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်နေထိုင်လျက်ရှိသောကြောင့် သူတို့သည် ဘုရားသခင်နှင့် ဆိုင်သောအရာတို့ကို နားလည်နိုင်ကြသည်။ ကျမ်းစာက ဤသို့ဆို သည်။ ""ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလို ငှာ၊ ဘုရားသခင်ထံတော်မှ ကြွလာသော ၀ိညာဉ်တော်တို့ကို ခံရကြပြီ။"" ၁ကော ၂း ၁၂

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရန် ကျမ်းစာအုပ်ကို ဖွင့်သည့်အချိန်တိုင်းတွင် ပထမဆုံး ကျွန်ုပ်တို့သည် ကျမ်းစာထဲရှိ သမ္မာတရား များအား ကျွန်ုပ်တို့ကို ဖွင့်ပြရန် သန့်ရှင်းသောဝိညာဉ်တော်အား တောင်းခံသင့်သည်။ ဒါဝိဒ်ဆုတောင်းချက်သည် ကျွန်ုပ်တို့နှင့်လည်း အသုံးတည့်မည်။ ""တရားတော်၌ အံ့ဘွယ်သောအရာတို့ကို နားလည်နိုင်မည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ။"" ဆာလံ ၁၁၉း ၁၈

ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနာခံခြင်းအားဖြင့် ကျွန်ုပ်တို့ ရင့်ကျက်လာသည်။

ခရစ်ယာန်များသည် ကျေးဇူးတော်နှင့် သခင်ယေရှုကို သိကျွမ်းခြင်းပညာ၌ ကြီးရင့်လာသင့်သည်။ ကြီးထွားဖို့ရန်အတွက် ကျွန်ုပ်တို့တွင် အစာ ရှိရမည်။ ကျွန်ုပ်တို့၏ ၀ိညာဉ်အစာမှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ ၀ိညာဉ်အစာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""နှုတ်ကပတ် တော်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လို ချင်သော စိတ်ရှိကြလော့။""

၁ပေ ၊ ၂း ၂

ကျွန်ုပ်တို့သည် အစာ စားသောအခါ အစာကို ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက်စေပြီး ထိုအစာသည် ကျွန်ုပ်တို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာသည်။ ထိုနည်းတူပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့၏ဘ၀အတွင်းသို့ ၀င်ရောက်စေပြီး ကျွန်ုပ်တို့ ဘ၀၏အစိတ်အပိုင်း တစ်ခု ဖြစ်လာစေရမည်။

ကျွန်ုပ်တို့၏ဘ၀အတွင်းသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ ၀င်ရောက်စေမည်နည်း။ နာခံခြင်းအားဖြင့် ၀င်ရောက်စေမည် "".....နှုတ်ကပတ် တရားကို နာရုံမျှသာပြုသောသူမဟုတ်။ တရားကို ကျင့်သောသူဖြစ်ကြလော့။"" ယာကုပ် ၁း ၂၂

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်စဉ် နှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို ယုံကြည်၍ ကတိတော်များကို အပိုင်ရယူပြီး အမိန့်တော်များကို နာခံကြပါစို့။

ယနေ့ပင် စတင်ပါ။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယနေ့ပင် စဖတ်ပါ။ ရှင်ယောဟန်ခရစ်ဝင်ကို စဖတ်ပါ။ ထိုကျမ်းကို နားလည်နိုင်ရန်အတွက် သန့်ရှင်းသော ၀ိညာဉ်တော်ကို တောင်းခံပါ။ သင့်စိတ်နှလုံးကို ထူးခြားစွာ တိုက်ရိုက်ပြောဆိုသော ကျမ်းပုဒ်များအား မျဉ်းတား ထားပါ။ ဤသို့လုပ်ခြင်း အားဖြင့် သင့် ကျမ်းစာအုပ်သည် သင့်အတွက်ပို၍ တန်ဖိုးရှိလာသည်။ ဤသို့လုပ်ရန် ရောင်စုံခဲတံကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ (ဘောပင် (သို့) မှင်စိုဘောပင်ကို မသုံးပါနှင့်။ ကျမ်းစာရွက်များကို ဖောက်ထွင်းပြီး စွန်းထင်းစေမည်ဖြစ်သည်။)

ယေရှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သိုးသငယ်တော်ဖြစ်သည်။ ကောင်းကင်ဘုံမှ ကျလာသော အသက်မုန့်၊ လမ်းခရီး၊ သမ္မာတရားနှင့်အသက်ဖြစ်သည်။ သူသည် ကောင်းသောသိုးထိန်းဖြစ်ပြီး ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ကို ပေးပိုင်သူဖြစ်သည်။ သူသည် မှန်သော စပျစ်နွယ်ပင်ဖြစ်ပြီး ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခဲ့သူဖြစ်သည်။ သူသည် ရှင်ပြန်ထမြောက်၍ အသက်ရှင်လျက်ရှိသော ခရစ်တော် လည်း ဖြစ်သည်။ ယေရှုသည် အထက်ပါအရာတို့ဖြစ်သည်ကို ရှင်ယောဟန်ခရစ်ဝင်တွင် ရေးသားထားသည်ကို သင်တွေ့ပေလိမ့်မည်။

သင်သည် ရှင်ယောဟန်ခရစ်ဝင်ကို ဖတ်ပြီးပါက တမန်တော်ဝတ္ထုကိုဖတ်ပါ။ ဤကျမ်းသည် ကနဦးအသင်းတော်များ၏ အကြောင်းကို ရေးထားသည်။ ထိုနောက် ရှင်မသဲခရစ်ဝင်ကို စဖတ်ပြီး ဓမ္မသစ် ကျမ်းတစ်အုပ်လုံးကို ဖတ်ပါ။ နောက်ဆုံး၌ ဓမ္မဟောင်းကျမ်းကို ဖတ်ပါ။ ဤသို့ဖတ်ခြင်းမှာ အချိန်ကုန်မည် ဖြစ်သော်လည်း တန်ဖိုးရှိစွာ အသုံးချသော အချိန်များဖြစ်ပေလိမ့်မည်။

သမ္မာကျမ်းစာကို ဖတ်နေတုံး သင်ကောင်းမွန်စွာ နားမလည်သောအရာများအတွက် မလိုအပ်ပဲ မစိုးရိမ်ပါနှင့်။ ကျမ်းစာကို ဖတ်ခြင်းသည် ငါးကို စားသည်နှင့်တူသည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့သည်။ သင်သည် ငါးကိုစားစဉ် အရိုးများနှင့်အခါအားလျော်စွာ တွေ့ကြုံရမည်ဖြစ်သည်။ အရိုးတစ်ခုနှင့် တွေ့သောအခါ သင်ဘာလုပ်သနည်း။ ထိုအရိုးကို ရိုးရှင်းစွာ ဘေးမှာဖယ်ထား၍ ငါးကိုဆက်စားသည် မဟုတ်လော။ ငါးရိုးတစ်ခုကို တွေ့ရုံမျှဖြင့် သင်သည် ငါးတစ်ကောင်းလုံးကို မလွှတ်ပစ်လိုက်ပါ။ ထိုနည်းတူ ပင် သမ္မာကျမ်းစာထဲ၌ သင်နားမလည်သောအရာတစ်ခုကို တွေ့ပါက ဤသို့ ပြောသင့်သည်။ ""ကျွန်ုပ် နားမလည်သောအရာ အရိုးတစ်ခုကိုတွေ့ပြီ။ အခုဤအရိုးကို ဘေးမှာဖယ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆက်ဖတ်မည်။""

သမ္မာကျမ်းစာထဲတွင် အမှားများနှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ်ရသော အရာများရှိသည်ဟု အခိုင် အမာပြောသောသူများအားဖြင့် သင်၏ ယုံကြည်ခြင်းကို မယိမ်းယိုင်ပါစေနှင့်။ ယုံကြည်ခြင်း မရှိသူများသည် သမ္မာကျမ်းစာကို ယုံကြည်မှု ပပျောက်စေရန် နှစ်ပေါင်းများစွာကတည်းက ကြိုးစား ခဲ့ကြသည်။ သို့သော် သမ္မာကျမ်းစာသည် မမှားယွင်းနိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ယနေ့တိုင် ရပ်တည် လျက်ရှိသည်။

ကျမ်းပုဒ်များကို အလွတ်ကျက်ပါ

သမ္မာကျမ်းစာကို အသုံးပြုနိုင်သည့်အထိ ကောင်းကောင်းနားလည်နိုင်ရန် လုပ်ဆောင်ရမည့် အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ သမ္မာကျမ်းစာ၏ ကျမ်းပုဒ်အချို့ကို အလွတ်ကျက်မှတ် ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတပါးတို့ကို သက်သေခံလိုသော်လည်း ဘာပြောရမည်ကို မသိကြပေ။ အကယ်၍ ကျွန်ုပ်တို့သာ ကျမ်းစာကို အလွတ်ကျက်မှတ်ထားပါက "ဘုရားသခင်က ဤသို့ပြောထားသည်" ဟူ၍ ယုံကြည်အချက်အပြည့်ဖြင့် သူတပါးတို့အား ပြောပြနိုင်သည်။ ဤသို့ပြောနိုင်ခြင်းမှာ ကျတ်မှတ်ထားသောအရာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သောကြောင့်ဖြစ်သည်။ အခြားသူများကို ကယ်တင်ရန် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသောစကားမှာ ကျွန်ုပ်တို့၏စကားမဟုတ်ဘဲ ဘုရားသခင်၏စကားတော် ဖြစ်သည်ကို အမြဲသတိရပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ""မဖောက်ပြန်မဖျက်ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်အစဉ်အမြဲတည်သောမူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်သွားသောကြောင့် ...."" (၁ပေ ၁း ၂၃)

ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အစိတ်အပိုင်းအချို့ကို သင်အလွတ်ကျက်မှတ်သည့်အခါတိုင်း တွင် သင်သည် ဘုရားသခင်ကို အစေခံခြင်း၌ အသုံးပြုရန်အတွက် တန်ဆာပလာတစ်ခုခုဖြင့် သင့်ကိုသင် တန်ဆာ ဆင်နေခြင်းပင်ဖြစ်သည်။

ကျမ်းစာကို မည်သို့ အလွတ်ကျက်မည်နည်း။

ကျမ်ပုဒ်များကို အလွတ်ရရန်အတွက် အဓိကလျှို့ဝှက်ချက်မှာ ထပ်ခါတလဲလဲရွတ်ခြင်းဖြစ်သည်။ သင်သည် အကြောင်းအရာတစ်စုံတစ်ခုကို ကြိမ်ဖန်များစွာ ပြောဆိုပါက ထိုအရာကို သင်အလွတ်ရနေမည် ဖြစ်သည်။ ကျမ်းပုဒ်များကို အလွတ်ရရန်အတွက် လုပ်ဆောင်ရမည် အကောင်းဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းမှာ ကဒ် (Cards) များကို အသုံးပြုခြင်းဖြစ်သည်။ ၃ x ၅ အရွယ်အစား ကဒ်များကိုဝယ်ပါ။ ကဒ် တစ်ခု၏ မျက်နှာပြင်တစ်ဖက်တွင် သင်အလွတ်ကျက်လိုသော ကျမ်းပုဒ်ကို ရေးပါ။ အခြာတစ်ဖက်တွင် ကျမ်းညွှန်းကိုရေးပါ။ ကျမ်းပုဒ်များကို မှန်ကန်စွာ ပြန်ကူးရန်သတိပြုပါ။

ထိုကဒ်များကို သင်သွားလေရာရာယူဆောင်သွား၍ မကြာခဏ ဖတ်ဖြစ်အောင်ကြိုးစားပါ။ ကဒ်ပေါ် ရှိ ကျမ်းညွှန်းများကိုကြည့်၍ အခြား တစ်ဖက်ရှိ ကျမ်းပုဒ်ကို သင်ရွတ်နိုင်သလားဟု စစ်ဆေးပါ။ ထို့နောက် ကဒ်ကိုမှောက်ထား၍ ကျမ်းပုဒ်များကို မှန်ကန်စွာ ရွတ်ခြင်းအားဖြင့် မိမိကိုယ်ကို စစ်ဆေးပါ။ ဤအရာကို ထပ်ခါတလဲလဲလုပ်ပါ။ ကျမ်းပုဒ်များကို ချောမွေ့တိကျစွာရွတ်နိုင်သည်အထိ ထပ်ခါတလဲလဲရွတ်ပါ။ မကြာမီသင်သည် ထိုကျမ်းပုဒ်များကို အလွတ်ရလာကြောင်းကို သင်သိလာပေမည်။ ထိုသို့ အလွတ်ရလာ ပါက ကျမ်းပုဒ်အသစ်များကို ဆက်လက်ကျက်နိုင်ပြီဖြစ်သည်။

ပြန်လည်ကျက်မှတ်စစ်ဆေးရမည်။

သင်ကျက်မှတ်ထားသော ကျမ်းပုဒ်များကို သင်မှတ်မိပါရဲ့လား? ကျက်မှတ်ထားသော ကျမ်းပုဒ် များကို သတိရလိုပါက မကြာခဏ ပြန်လည်ကျက်မှတ်စစ်ဆေးရမည်။ အပတ်စဉ်တိုင်း ကျမ်းပုဒ်အသစ် တစ်ခုကို ထည့်ပေါင်း၍ သင်ကျက်နိုင်သည်။ သို့သော် ကျက်ပြီးသား ကျမ်းပုဒ်များကို ပြန်နွှေးရန် မမေ့ပါ နှင့်။ (ပြန်လည်ကျက်မှတ်စစ်ဆေးပါ။) သင်သည် ကျမ်းစာကို အလွတ်ကျက်နိုင်သည်၊ အထက်ပါကျမ်းစာ ကျက်မှတ်ရန် Plan အတိုင်း သင်မလုပ်ကြည့်ပဲ၊ ကျွန်ုပ်သည် မှတ်ဥာဏ်မကောင်း၍ ကျမ်းစာကို အလွတ် မကျက်နိုင်ပါဟု ကိုယ့်ကိုကိုယ်ဆင်ခြေမပေးပါနှင့်။ သင် အလွတ် ကျက်နိုင်သည်။ သင်ယခု ကျက်မှတ်သော ကျမ်းပုဒ်များသည် နောင်အခါတွင် ဘုရားသခင်၏ အစေခံတစ်ဦးအနေဖြင့် သင်အသုံးပြုရမည် တန်ဆာ ပလာများဖြစ်သည်။ အောက်ပါကျမ်းပုဒ်များကို စတင်ကျက်သင့်သည်။



ပထမအပတ် ဒုတိယအပတ်

ရော ၃း ၂၃ ရော ၃း ၁၀

ရော ၆း ၂၃ ဟေဗြဲ ၉း ၂၇

ယော ၃း ၁၆ ရော ၅း ၈

ယော ၁း ၁၂ တမန် ၁၆း ၃၁

ယော ၃း ၃၆ ၁ယော ၅း ၁၁,၁၂

တတိယအပတ် စတုတ္ထအပတ်

ဟေရှာယ ၅၃း ၅,၆ တိတု ၃း ၅

၁ပေ ၃း ၁၈ ဧဖက် ၂း ၈,၉

ယော ၁၄း ၆ ဂလာတိ ၃း ၂၆

တမန် ၄း ၁၂ ဂလာတိ ၄း ၆

ယော ၃း ၃ ၁ယော ၅း ၁၃

သခင်ဘုရားနှင့်နေ့စဉ် မိတ်သဟာယဖွဲ့ခြင်း

အကယ်၍ သင်သည် ဘုရားသခင်နှင့် ထိရောက်စွာ လုပ်ကိုင်သောအစေခံတစ်ဦးဖြစ်လိုပါက ကျမ်းစာကို ကောင်းစွာနားလည်ရုံမျှမက သခင်ယေရှုနှင့်လည်း နေ့စဉ်မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။

သန်စွမ်းကျန်းမာသော ခရစ်ယာန်အသက်တာတစ်ခု၏ လျှို့ဝှက်ချက်မှာ နေ့စဉ် တိတ်ဆိတ်သောအချိန် ယူခြင်း (Quiet Time) ဖြစ်သည်။


Quiet Time ဆိုသည်မှာ နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သခင်ဘုရား နှင့် နေ့စဉ်မိတ်သဟာယဖွဲ့ရန် အသုံးပြုသော အချိန်ကို ဆိုလိုသည်။

အကယ်၍ ကျွန်ုပ်တို့သည် Quiet Time အချိန်ကို သတ်မှတ်ထား၍ သစ္စာရှိစွာ မိတ်သဟာယဖွဲ့မည် ဆိုပါက အောက်ပါ အံ့သြဖွယ် ကောင်းချီးင်္မလာများသည် ကျွန်ုပ်တို့ထံ ရောက်ရှိလာမည်ဖြစ်သည်။

၁။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပို၍တူလာမည်

သူ၏သဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားသော ကျွန်ုပ်တို့သည် သခင်ယေရှု၏ဘုန်းအသရေတော်ကို ကြည့်မြင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပို၍ တူလာမည်ဖြစ်သည်။ ဤအချိန်တွင် သခင်ယေရှု ကို လူချင်းတွေ့ဆုံနိုင်မည်မဟုတ်သော်လည်း သမ္မာကျမ်းစာထဲတွင် သူအကြောင်းကို ဖတ်ရှုခြင်းအားဖြင့် သူ၏ ဘုန်းအသရေတော်ကို ကြည့်မြင်နိုင်သည်။ သမ္မာကျမ်းစာသည် ""မှန်""နှင့်တူသည်။ ဖတ်ရှုခြင်းအား ဖြင့် သခင်ယေရှုကို မြင်နိုင်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့၊ သခင်ဘုရား၏ဘုန်းအသရေတော်ကို ကြည့်မြင်၍ ...... ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိကြောင်း။ ၂ကော ၃း ၁၈

၂။ ဘုရားသခင်သည် သူ၏အလိုတော်ကို ကျွန်ုပ်တို့အားဖော်ပြသည်။

ကျွန်ုပ်တို့သည် သခင်ဘုရားနှင့်တိတ်ဆိတ်စွာ မိတ်သဟာယဖွဲ့သည့်အချိန်မျိုးတွင် သူသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် သူ၏အလိုတော်ကို ကျွန်ုပ်တို့အား ဖွင့်ပြသည်။

၃။ သခင်ဘုရားကို သိကျွမ်းလာသည်။

ဤအရာသည် အကြီးမားဆုံး ဆုကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်နှင့် သိကျွမ်းဖို့ အခြားနည်း လမ်းမရှိပါ။ သူကိုသိကျွမ်းရန်၊ သူအနီးအပါးရှိမှုကို သိရှိခံစားရန်နှင့် သူ၏တန်ခိုးတော်နှင့် ပြည့်ဝနေစေရန် သူနှင့်နှစ်ယောက်တည်း မိတ်သဟာယဖွဲ့အချိန်ယူရမည်ဖြစ်သည်။ ""ငြိမ်ဝပ်လျက်နေကြလော့။ ငါသည် ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။"" ဆာလံ ၄၆း ၁၀

Quiet Time အချိန်ကို မည်သို့ သတ်မှတ်မည်နည်း။

Quiet Time ကိုသတ်မှတ်ရန်အတွက် အရာသုံးခုသည်အရေးကြီးသည်။ သတ်သတ်မှတ်မှတ်ရှိရမည့် နေရာ တစ်နေရာ၊ အချိန်နှင့်အစီအစဉ် ဖြစ်သည်။

(၁) ဘုရားသခင်နှင့် နှစ်ယောက်တည်း အတူ ရှိနိုင်မည့်နေရာ တစ်နေရာကို ရှာပါ။

အလင်းရောင်ကောင်းကောင်းရသော နေရာတစ်နေရာနှင့် သင်၏စာအုပ်များတင်၍ မှတ်စုရေးရန် အတွက် စားပွဲတစ်ခုကိုလည်း သင်လိုအပ် လိမ့်မည်။

(၂) တိကျသော အချိန် တစ်ချိန်ကို သတ်မှတ်ပါ။

လူအများစုအတွက် Quiet Time အချိန်ယူရန် အကောင်းဆုံးအချိန်မှာ မနက်ပိုင်းဖြစ်သည်။ ကြီးမြတ်သော ဂီတပညာရှင်များသည် ဖျော်ဖြေပွဲ မစမီ သူတို့၏ တူရိယာများကို အရင်ဦးဆုံး ကြိုးညှိကြသည်။ ဖျော်ဖြေပွဲ ပြီးမှ ညှိခြင်း မဟုတ်ပါ။ မနက်ခင်းတွင် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ""ညှိရန်""အတွက် အရင်ဦးဆုံးဘုရား သခင်နှင့်တွေ့ဆုံခြင်းက၊ အားနည်းခြင်းနှင့် အပြစ်များကိုဝန်ချရန် နေ့တစ်နေ့၏အဆုံး၌ သခင်ဘုရားနှင့် တွေ့ဆုံခြင်းထက် သာ၍ကောင်းသည်။ နေ့တစ်နေ့၏အဦးဆုံးသောနာရီ၌ ဘုရားသခင်နှင့်တွေ့ဆုံခြင်း သည် အလွန်အရေးကြီးသောအရာဖြစ်သည်။ သခင်ယေရှုနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုသည်။ ""မနက်အစောကြီးတွင် ခရစ်တော်သည်ထ၍ လူသူကင်းမဲ့၍ တိတ်ဆိတ်သောအရပ်သို့သွား၍ ဘုရားသခင် ထံဆုတောင်းတော်မူသည်။""

အပြစ်ကင်းစင်သော ခရစ်တော်သည်ပင်လျှင် သူ၏ခမည်းတော်နှင့်နှစ်ယောက်တည်း နေ့စဉ်အချိန် ယူရန် လိုအပ်မှု့ကိုသေချာသိခဲ့သည်။ ထို့ကြောင့် အပြစ်သား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အချိန်ယူရန် လိုအပ်သည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

ဘုရားသခင်အားအစေခံရန် ပြင်ဆင်ဖို့အတွက် သင် အလေးအနက် ထားပါသလား? ထားလျှင် သူနှင့်တွေ့ရန်မနက်ခင်းတွင် ထရမည်။ နှိုးစက် နာရီတစ်လုံးကို ရှာ၍အသုံးပြုပါ။ သင် ထမည့်အချိန်ကို သေချာဆုံးဖြတ်၍ ထဖြစ်အောင်ထပါ။ ဤသို့လုပ်ခြင်းသည် သခင်ကို သင် မည်မျှ ချစ်ကြောင်း ပြသရန် အတွက် လက်တွေ့ကြသောနည်းလမ်းဖြစ်သည်။



တိကျသောအစီအစဉ်တစ်ခုရှိပါ။

သူ၏နှုတ်ကပတ်တော်အားဖြင့် သင့်စိတ်နှလုံးကိုစကားပြောရန် ဘုရားသခင်ထံ တိုတောင်းစွာ ဆုတောင်းခြင်းဖြင့် Quiet Time သင့်အချိန်ကို အစပြုပါ။ ထို့နောက် ကျမ်းစာအုပ်ကိုဖွင့်၍ စဖတ်ပါ။ သင်ဖတ်နေ သောအရာကို ဆင်ခြင်တွေးတောနိုင်ရန် အချိန်ယူပါ။ သင်ဖတ်နေသည့် အကြောင်းအရာကို ဘုရားသခင် အားပြောပါ။ ကျမ်းပုဒ်တစ်ခုခုသည် သင့်အတွက် အထူးသဖြင့် အဓိပ္ပာယ်ရှိပေလိမ့်မည်။ ထိုကျမ်းပုဒ်ကို ကဒ် တစ်ခု ပေါ်သို့ ကူး၍ အလွတ်ကျက်ပါ။

အချိန် မည်မျှ အသုံးပြုသင့်သနည်း။

သင့်အပေါ်တွင် မူတည်သည်။ အနည်းဆုံးနာရီဝက်ဖြစ်ပြီး တစ်နာရီသည် ပို၍ကောင်းသည်။ တစ်ရက်တွင် ၂၄ နာရီရှိသောကြောင့် လေးနက်မှုရှိသောခရစ်ယာန်တိုင်းသည် ထိုနာရီများထဲမှ တစ်နာရီကို ဘုရားသခင်အတွက် ဖယ်ထားပေးသင့်သည်။

သင့် Quiet Time အချိန်၏ ပထမပိုင်းကို သမ္မာကျမ်းစာဖတ်ခြင်းအားဖြင့် အသုံးပြုပါ။ ထို့နောက် သခင်ထံသို့ ဆုတောင်းခြင်းဖြင့် ချဉ်းကပ်၍ သင်၏အပြစ်များကို ၀န်ခံပါ။ သင့်အတွက်သူလုပ်ဆာင်ပေးခဲ့သောအရာများအတွက် သူ့အားချီးမွမ်းပါ။ သူ၏ကောင်းချီးမင်္ဂလာများအတွက်လည်း သူ့အား ကျေးဇူးတင်ပါ။ သူသည် သင့်စိတ်ထဲသို့ ရောက်စေသောလူများအတွက် ဆုတောင်းပါ။ တစ်နေ့တာလုံးသူ၏ လမ်းပြ ပို့ဆောင်မှုကို ရရှိရန် တောင်းဆုပါ။ သူ့ကိုချစ်ကြောင်းကိုပြောပါ။

စွဲစွဲမြဲမြဲလုပ်ပါ။

သင်၏ Quiet Time အချိန်၊ နေရာနှင့်အစီအစဉ်ကို သတ်မှတ်ပြီးပါက Quiet Time ကို စွဲစွဲမြဲမြဲ လုပ်ပါ။

သင့်၏ Quiet Time အချိန်ကို နှောင့်ယှက်ဖျက်ဆီးမည့်အရာများကို သင်မတားဆီးပါက မကြာမီ သင့် Quiet Time အချိန်သည် ပပျောက် သွားမည်။ ""ကျွန်ုပ်တွင် အချိန်မရှိပါ"" ဟု ပြောခြင်းဖြင့် မိမိကိုယ်ကို ဆင်ခြေမပေးပါနှင့်။ ကျွန်ုပ်တို့ လုပ်ချင်သောအရာ အားလုံးကို လုပ်ရန် အချိန် မရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးကြီးဆုံးအရာများကို ကျွန်ုပ်တို့ရွေးချယ်လုပ်ကိုင်ရမည်။ အရင်ဦးဆုံးလုပ်ရမည့်အရာများကို အရင်လုပ်ရမည်။ သခင်ယေရှုက ဤသို့ဆိုသည်။ ""ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရား တော်ကို ရှေးဦးစွာရှာကြလော့။ မဿဲ ၆း၃၃

သတိပေးချက် ။ ။ သင်၏ Quiet Time အချိန်ကို ဆန့်ကျင်မည့်အရာများအတွက် ကြိုတင်ပြင်ဆင်ထားပါ။ ဘုရားသခင်၏ သားသမီးတစ်ဦးသည် Quiet Time လုပ်ခြင်းဖြင့် တန်ခိုးမည်မျှရသည်ကို စာတန်ကောင်းကောင်း သိသည်။ ထို့ကြောင့် သင့်ဘ၀တွင် Quiet Time လုပ်သည့် အလေ့အထကို တားဆီးရန် စာတန်သည် နည်းမျိုး စုံဖြင့်ကြိုးစားလိမ့်မည်။

အဖိုးအခကိုပေးရန် သင်အဆင်သင့်ဖြစ်ပြီလား။

ဘုရားသခင်၏ ထိရောက်စွာလုပ်ကိုင်နိုင်သော အစေခံတစ်ဦးဖြစ်လာရန် ပေးဆပ်ရမည့် အဖိုးအခ ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရန် သင့်အချိန်ကို ပေးဆပ်ရမည်။ ကျမ်းပုဒ်များကို အလွတ်ကျက်ရန်အတွက်လည်း သင့်အချိန်ကို ပေးဆပ်ရမည်။ သခင်နှင့်လည်း နှစ်ယောက်တည်း မိတ်သဟာယဖွဲ့ အချိန်ယူရမည်။

သူ့အတွက်နှင့်သူ၏ နှုတ်ကပတ်တော်အတွက် သင့်၌အချိန်မရှိလျှင် သင်သည်သူကို မည်မျှချစ်ပြီး၊ မည်မျှအစေခံလိုကြောင်း ပြောစရာမလိုပါ။ ဘုရားသခင်ကို ကျွန်ုပ်တို့၏စကားများအားဖြင့် အထင်မကြီး စေနိုင်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကိုကြည့်သည်။ ""... အကြောင်းမူကား၊ ထာဝရ ဘုရားသည် သဗ္ဗညုတဘုရားဖြစ်တော်မူ၏။ အမှုအရာများတို့ကို ညှိညွတ်တော်မူ၏။ ၁ရာ ၂း၃

ခရစ်ယာန်တစ်ယောက်ကို အောင်မြင်မှုရစေသည့် အဓိကသော့ချက်ကို သင်သိပါသလား။ ဤသော့ ချက်မှာ ရိုးရှင်းပါသည်။ ""ဘုရားသခင်ကို ဦးထိပ်ထားပါ။"" ဘုရားသခင်က ဤသို့ဆိုသည်။ ""ငါ့ကို ချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေ ပျက်ရကြ လိမ့်မည်။"" ၁ရာ ၂း၃၀

သင်သည် ဘုရားသခင်အတွက် အသက်ရှင်လိုပါသလား။ အသက်ရှင်လိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်စတင်ဖတ်ပါ။ ကျမ်းပိုဒ်များကို စကျက်ပါ။ Quiet Time အချိန်ကို သတ်မှတ်ထားပြီး သစ္စာရှိစွာ Quiet Time အချိန်ယူပါ။ ယခုပင်စတင်ပါ။


မေးခွန်းများ

၁။ ဘုရားသခင်၏ဧ၀ံဂေလိတရားကို ကမ္ဘာအနှံအပြားသို့ ပျံ့နှံ့စေရန်အတွက် အရေးကြီးသော ဆက်စပ် မှုများမှာ ----

(က) တီဗွီ ၊ သတင်းစာ ၊ အစေခံ

(ခ) အပြစ်သား ၊ သားတော် ၊ အစေခံ


၂။ မှန်/မှား

ဘုရားသခင်၏ အစေခံတစ်ဦးအတွက် အရေးကြီးသောအရာ (၂)ခုမှာ ....

(၁) သမ္မာကျမ်းစာကို အသုံးပြုနိုင်သည်အထိ ကျမ်းစာကို ကောင်းကောင်းနားလည်ရန်။

(၂) သခင်ယေရှုနှင့် နေ့စဉ်မိတ်သဟာယဖွဲ့ရန်။

(က) မှန်

(ခ ) မှား


၃။ သမ္မာကျမ်းစာကို အောက်ပါအတိုင်း လုပ်ခြင်းအားဖြင့် ကျမ်းစာကို ကောင်းအောင်နားလည်သဘော ပေါက်လာသည်။

(က) သမ္မာကျမ်းစာကို ဖတ်ခြင်း၊ သင်ယူလေ့လာခြင်းနှင့် ကျမ်းပုဒ်အချို့ကို အလွတ်ကျက်ခြင်း အားဖြင့်။

(ခ) ကျမ်းစာအုပ်ကို လုပ်ငန်းခွင့်သို့ ယူဆောင်သွားခြင်းအားဖြင့်။


၎။ ကယ်တင်ခြင်းမခံရသူသည် ကျမ်းစာကို နားမလည်နိုင်ပါ။ အကြောင်းမှာ.....

(က) သင်သည် ကယ်တင်ခြင်းရသောအခါ ဘာသာစကားအသစ်တစ်ခုကို တက်လာ၍ဖြစ် သည်။

(ခ ) သူတို့၌ သန့်ရှင်းသောဝိညာဉ်တော်မရှိသောကြောင့်ဖြစ်သည်။

၅။ ကျွန်ုပ်တို့၏ ၀ိညာဉ်အစာမှာ ...

(က) အသင်းတော်

(ခ) ခရစ်ယာန်မိတ်သဟာယ

(ဂ) ဘုရားသခင်၏ နှုတ်ကပတ်တော်


၆။ ကျမ်းစာကို အလွတ်ကျက်မှတ်ရန်အတွက် လျှို့ဝှက်ချက်မှာ ...

(က) ထပ်ခါတလဲလဲ ရွတ်ဖတ်ခြင်း

(ခ) ဆုတောင်းခြင်းအားကြီးသော အသက်တာ


၇။ သန်မာရင့်ကျက်သောအသက်တာ၏ လျှို့ဝှက်ချက်မှာ ...

(က) ရင့်ကျက်သန်မာသော ခရစ်ယာန်မိသားစု

(ခ) အသင်းတော်တစ်ခု၏ သင်းဝင်သူဖြစ်ခြင်း

(ဂ) နေ့စဉ် Quiet Time


၈။ မှန် / မှား

Quiet Time အချိန်ကို သတ်မှတ်၍ သစ္စာရှိစွာ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ရရှိသောကောင်းချီး မင်္ဂလာ(၃)ခုမှာ ...

၁။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပို၍တူလာမည်။

၂။ ဘုရားသခင်သည် သူ၏အလိုတော်ကို ကျွန်ုပ်တို့အားဖွင့်ပြသည်။

၃။ ကျွန်ုပ်တို့သခင်ကို သိကျွမ်းလာသည်။

(က) မှန်

(ခ) မှား


၉။ ခရစ်ယာန်တစ်ယောက်ကို အောင်မြင်မှုရစေသည့် အဓိကသော့ချက်မှာ...

(က) အပတ်စဉ်တိုင်း ဘုရားကျောင်းတက်ခြင်း

(ခ) အခြားဘာသာဝင်သူငယ်ချင်းများ မရှိခြင်း

(ဂ) ဘုရားသခင်ကို ဦးထိပ်ထား၍ ဦးစားပေးခြင်း


၁၀။ အဘယ်ကျမ်းပုဒ်တွင် ဘုရားသခင်ဤသို့ ပြောထားသနည်း။ ""ငါ့ကိုချီးမြှောက်သူကို ငါချီးမြှောက် မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။""

(က) ၁ရာ ၂း၃၀

(ခ) ၁ရာ ၂း၃

ဤသင်ခန်းစာ၏ အဓိကကျမ်းပုဒ်ကို သင်အလွတ်ရွတ်နိုင်ပါသလား။၊??


ရဲလင်းထွန်း(အင်းစိန်)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support