Dealing with Anger
Practical Christian Living Course 4 Lesson 16
သော့ချက်ကျမ်းပုဒ် ။ ။""သို့ဖြစ်၍၊ ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြား ခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်း ငှာ၎င်း၊ အမျက်ထွက်ခြင်းငှာ၎င်း၊ နှေးကြစေ။ လူ၏ဒေါအမျက် သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်"" ယာ ၁း ၁၉-၂၀
လူတဦးသည် ခရစ်ယာန်တယောက်ဖြစ်လာသောအခါ၊ သူ၏ပြုမူလုပ်ဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးတို့သည် ပြောင်းလဲမှု အချို့ ရှိသင့် သည်။ ၄င်းပြောင်းလဲမှုများထဲမှ တစ်ခုမှာ ဒေါသနှင့်သက်ဆိုင်သည်။ ခရစ်ယာန်တဦးသည် ခရစ်ယာန်တို့၏ ပုံစံအတိုင်း ပြုမူ တုံ့ပြန်သင့်သည်။ အမျက် ဒေါသ ကို ထိန်းချုပ်ရမည်။ ဤသင်ခန်းစာတွင် ဒေါသနှင့် အမျက်ထွက်ခြင်းပြသနာများကို ကိုင်တွယ်ထားသည်။ ကျွန်ုပ်တို့သည် အမျက်ထွက် ရခြင်း အကြောင်းအရင်း၏ အရင်းအမြစ်နှင့် အမျက်ထွက်ခြင်းအပြစ်မှ မည်သို့ လွှတ်မြောက်ခြင်းခံရနိုင်ပုံတို့ ကြည့်ကြ မည်ဖြစ်သည်။
ပျက်စီးမှုများစွာဖြစ်စေသောအမျက်ဒေါသ
အမျက်ဒေါသ၏ ဖျက်စီးနိုင်သောစွမ်းအားကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူမှာ ကာဣနပင်ဖြစ်သည် ကာဣနနှင့်အာဗေလသည် အာဒံ၏ ပထမဦးဆုံး သားနှစ်ဦးဖြစ်ကြသည်။ ဤသားများသည် ကြီးပြင်းလာ သောအခါ ကာဣနက လယ်သမားတဦးဖြစ်လာပြီး အာဗေလက သိုးထိန်း ဖြစ်လာသည်။
ဘုရားသခင်အား ၀တ်ပြုကိုးကွယ်ရန် မှန်ကန်သောနည်းလမ်းကို ကာဣနနှင့် အာဗေလနှစ်ဦးလုံးအား သင်ကြားပေးထားသည်။ သူတို့၏ အပြစ်များအတွက် အခါမလည်သော တိရစ္ဆာန်များကို ဘုရားသခင် အားပူဇော်ရန်လိုအပ်သည်ကို နှစ်ဦးလုံးက သိကြသည်။ သို့သော် သူတို့သည် ဘုရားသခင်အား ၀တ်ပြု ကိုးကွယ်ရန်လာကြသောအခါ၊ ညီအစ်ကိုတဦးတည်းကသာ ဘုရားသခင်ကို နာခံခဲ့သည်။
အာဗေလသည် သိုးသငယ်ကို သူ၏ပူဇော်သက္ကာအဖြစ် ယူဆောင်ခဲ့သော်လည်း ကာဣနမှာမူ သူ့ လယ်မြေမှ အသီးတို့ကိုသာ ယူဆောင် လာခဲ့သည်။ ဘုရားသခင်က အာဗေလနှင့် သူ၏ပူဇော်သက္ကာကို လက်ခံခဲ့ပြီး ကာဣနနှင့် သူ့ပူဇော်သက္ကာကို ငြင်းပယ်ခဲ့သည်။ ရလဒ်အနေဖြင့် ကာဣနသည် ဒေါသအိုး ပေါက်ကွဲခဲ့သည်။ သူသည် ဘုရားသခင်အား ဒေါသထွက်ပြီး သူ့ညီ အာဗေလကို မနာလို ဖြစ်ခဲ့သည်။
ဘုရားသခင်က သူ့အမျက်ဒေါသ၌ အကျိုးဆက်များရှိကြောင်းကို ကာဣနအားသတိပေးခဲ့သည်။ ကာဣနကို ပေးသော ဘုရားသခင်၏ သတင်းစကားမှာ ဤကဲ့သို့ဖြစ်သည်။ ""သတိပြုလော့။ သင်၏ အမျက်ဒေါသသည် သင့်တံခါးအပြင်ဘက်၌ စောင့်လျက် ၀ပ်နေသောခြင်္သေ့နှင့်တူ၏။ သင်သည် သင့် ဒေါသကို မအုပ်စိုးနိုင်လျှင်၊ ထိုအရာက သင့်ကိုအုပ်စိုးသွားလိမ့်မည်။"" သို့သော် ကာဣနသည် ဘုရား သခင်၏သတိပေးချက်ကို နားမထောင်ခဲ့ပါ။ အာဗေလအပေါ်တွင် ထားသောသူ၏ မနာလိုမှုသည် မုန်းတီး စိတ်အဖြစ် ပြောင်းလဲ သွားခဲ့သည်။
တစ်နေ့တွင် ကာဣနနှင့် အာဗေလသည် လယ်ကွင်းထဲတွင် အတူရှိနေကြသည်။ ကာဣနသည် အာဗေလအား ရန်ဘက်ပြုပြီး သတ်လိုက် သည်။ ထို့ကြောင့် ဤလောက၌ မွေးဖွားလာသော ပထမဦးဆုံး လူသားသည် လူသတ်သမားဖြစ်သွားသည်။ အကြောင်းမှာ သူ၏ဒေါသကို မထိန်းချုပ် ခဲ့သောကြောင့် ဖြစ်သည်။
အမျက်ဒေါသကို ကိုင်တွယ်ခြင်း
ကာဣနကဲ့သို့ပင် ""ခြင်္သေ့""ဟုတင်စားခေါ်ဆိုရမည့် အမျက်ဒေါသသည် ကျွန်ုပ်တို့အတွင်း၌လည်း ရှိသည်။ ဤခြင်္သေ့ကို မအုပ်စိုးနိုင်ပါက၊ သူက ကျွန်ုပ်တို့ကို အုပ်စိုးသွားမည်။ ဘယ်တော့မှ ဒေါသမထွက်ရ ဟု ဘုရားသခင်က ကျွန်ုပ်တို့ကို မပြောထားသော်လည်း အထိန်းအချုပ်ကင်းမဲ့သော ဒေါသ၏ အန္တရာယ် ကိုမူ ကျွန်ုပ်တို့အား သတိပေးထားသည်။ ကျမ်းစာက ""အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ အမျက်မပြေ ဘဲ နေမ၀င်စေနှင့်""ဟု ဆိုသည်။ ဧဖက် ၄း ၂၆
အမျက်ဒေါသသည် လူ့စိတ်ခံစားမှုများတွင် အကြမ်းတမ်းဆုံးအရာတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ပြင်းထန်သည့် ခံစားချက်များဖြင့် ဖွဲ့စည်း ထားသောကြောင့်၊ အမျက်ဒေါသသည် အပြစ်နှင့် နီးကပ်စွာ ဆက်စပ်မှုရှိသည်။ ကျမ်းစာက ဤသို့မပြောပါ။ ""ကြင်နာပါ၊ သို့သော် အပြစ် မလုပ်နှင့်။"" (သို့) ""ချစ်ခြင်း မေတ္တာရှိပါ။ သို့သော် အပြစ်မလုပ်နှင့်"" ဤသို့မပြောခြင်းမှာ ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာသည် အပြစ် နှင့် ဝေးရာတွင် ရှိနေ သော ကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် အမျက်ထွက်သောအခါ အပြစ်လုပ်မိမည့် အန္တရာယ်သည် ကျွန်ုပ်တို့တွင် ရှိလာသည်။ တစုံတဦးက ""အကယ်၍ ကျွန်ုပ်တို့သည် ဒေါသထွက် ပြီး အပြစ်မလုပ်မိပါက၊ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမှ ဒေါသထွက်နေခြင်းမဟုတ်ဘဲ အပြစ်လုပ် ခြင်းသာ ဖြစ်လိမ့်မည်""ဟု ပြောခဲ့သည်။
ကျွန်ုပ်တို့၏အမျက်ဒေါသအားဖြင့် ကျွန်ုပ်တို့လုပ်နိုင်သောအရာသုံးခုရှိသည်။
(၁) ဒေါသကိုဖော်ထုတ်ပြသနိုင်သည်။
ဒေါသသည် အထိန်းအချုပ်ကင်းမဲ့သွားသောအခါ၊ ကြီးစွာသောပျက်စီးမှုတို့ကို ဖြစ်စေသည်။ ကျွန်ုပ်တို့သည် အလွန်ဒေါသ ထွက်ချိန်တွင် တစုံတဦးအား ပြစ်ပြစ်နှစ်နှစ် ပြောလိုပြီး နာကျင်စေလို သောကြောင့် အပြစ်ကို နက်နက်ရှိုင်းရှိုင်းလုပ်နေခြင်းပင်ဖြစ်သည်။ ဤ အခြင်းအရာကို ""ဒေါသအိုးပေါက် ကွဲခြင်း""ဟုခေါ်သည်။ တခါတရံတွင် ကျွန်ုပ်တို့ ဒေါသထွက်သောအခါ ကျွန်ုပ်တို့မည်မျှ သန်မာကြောင်း ကို ပြလိုကြသည်။ သို့သော် ဒေါသကို မထိန်းချုပ်နိုင်ခြင်းသည် အားနည်းခြင်း၏ လက္ခာတစ်ခုပင်ဖြစ် သည်။ သန်စွမ်းခြင်းမဟုတ်ပါ။ ကျမ်းစာ က ""အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ်၏""ဟုဆိုသည်။ ဒေ ၇း ၉
(၂) ဒေါသကို ဖိနှိပ်နိုင်သည်။
ဒေါသကိုဖိနှိပ်ခြင်းဆိုသည်မှာ ဒေါသကိုမျိုသိပ်ထားခြင်းဖြစ်သည်။ လူအချို့သည် ဒေါသထွက်ပြီး မိမိ၏ဒေါသကို ပွင့်လင်းစွာ ဖေါ်ထုတ် ပြသ သည်။ အခြားသူတို့မှာမူ သူတို့ကဲ့သို့ တူညီသော ဒေါသမျိုး ရှိသော်လည်း အတွင်း၌ မျိုသိပ်စုဆောင်းထားနိုင်ကြသည်။
ကျွန်ုပ်တို့၏အတွင်း၌ မျိုသိပ်စုဆောင်ထားသော အမျက်ဒေါသတို့သည် ကျွန်ုပ်တို့အား နာကျင်စေ ပြီး ဆက်လက်ကြာရှည်စွာ နာကျင် စေနေ မည်ဖြစ်သည်။ တခါတရံ ဤဒေါသသည် နာကြည်းခြင်းနှင့် ခါးသီးခြင်းအဖြစ်သို့ ကူးပြောင်းသွားပြီး စိတ်ဓာတ်ကျဝေဒနာကို ဖြစ်စေနိုင်ကော အခြားသော ခန္ဓာပိုင်း ဆိုင်ရာ မကျန်းမာမှုတို့ကိုလည်း ဖြစ်စေနိုင်သည်။
64
(၃) ဒေါသကို ၀န်ခံနိုင်သည်။
အမျက်ဒေါသကို အကောင်းဆုံး ကိုင်တွယ်ရမည့်နည်းလမ်းမှာ ယင်းတို့နှင့်ပတ်သက်၍ ဘုရား သခင်အား ပြောပြရန်ဖြစ်သည်။ ဤအခြင်းအရာသည် အပြစ်မလုပ်ဘဲ ""ရေနွေးငွေ့ကိုထုတ်လွှတ်ခြင်း""ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမိမိ သိကြသည်ထက်၊ ဘုရားသခင်က ပို၍သိသောကြောင့်၊ ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ နာလည်မှုရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ နှင့်အတူ ရှိကြောင်းကို သိရခြင်းကပင် ကျွန်ုပ်တို့အား တည်ငြိမ်စေသည်။ ထို့ပြင် ဤအချက်က အရာရာ တို့ကို မှန်သော သဘော ထားရှုထောင့်မျိုးဖြင့် မြင်နိုင်ရန် အတွက်လည်း ကူညီပေးသည်။ ကျွန်ုပ်တို့အား အနှောင့်အယှက်ဖြစ်စေသောအရာတို့သည် နောက်ဆုံး၌ အရေး မကြီးကြောင်းကို အကြိမ် အတော် များများပင် ကျွန်ုပ်တို့ သိလာကြသည်။
ကျွန်ုပ်တို့သည် ဒေါသထွက်ခြင်း၏အပြစ်ကို ကိုင်တွယ်ရမည်။
ဒေါသထွက်ခြင်းဆိုသည်မှာ အမျက်ဒေါသသည် အထိန်းအကွပ်မဲ့သွားခြင်းဖြစ်သည်။ ဒေါသထွက်ခြင်းသည် အမြဲတစေပင် မှားယွင်းသည်။ ကျွန်ုပ်တို့သည် ဒေါသထွက်သောအခါ၊ ကျွန်ုပ်တို့လုပ်ရမည့် အရာတစ်ခုတည်းသာရှိသည်။ ဘုရားသခင်အား မိမိ၏ဒေါသကို အပြစ်အနေဖြင့် ၀န်ချ တောင်းပန်ပြီး စင်ကြယ်စေသောခရစ်တော်၏ အသွေးတော်ကို တောင်းခံရယူရမည်။ အကယ်၍ ကျွန်ုပ်တို့သည် အခြားလူ တို့ကို စော်ကား၊ နာကျင်စေ ခဲ့ပါက၊ သူတို့အား တောင်းပန်ရမည်။
သင်သည် ဒေါသအိုးအကြိမ်မည်မျှ ပေါက်ကွဲသည်ဖြစ်စေ၊ အကြိမ်တိုင်းတွင် အခြားသူတို့နှင့် ပြန်လည်သင့်မြတ်အောင် လုပ်ရ မည်။ ဤသို့ လုပ်ခြင်းအားဖြင့်၊ သင်သည် မိမိကိုယ်ကို နှိမ့်ချတတ်လာပြီး သင့်အမျက်ဒေါသက မည်သို့သော အပျက်အစီးမျိုးကို ဖြစ်စေခဲ့သည် ကို လည်း သင် သိရှိလာပေမည်။
သင်သည် စိတ်ဆိုး၊ စိတ်ပျက်နေသည့်အချိန်တွင် အခြားသူထံသို့ မသွားခြင်းသည် အကောင်းဆုံး ဖြစ်သည်။ အမျက်ပြေသွားသည့် အချိန်ကျ မှ ထိုသူထံသို့သွား၍ ပြေလည်အောင် လုပ်သင့်သည်။
ဒေါသထွက်ရခြင်း၏အကြောင်းအရင်းကို ကျွန်ုပ်တို့ကိုင်တွယ်ရမည်။
ကျွန်ုပ်တို့၏ ဒေါသကို မထိန်းချုပ်နိုင်သည့်အချိန်တိုင်းတွင် ဘုရားသခင်အား ကျွန်ုပ်တို့၏အပြစ် ကို သစ္စာရှိစွာ ၀န်ချတောင်းပန် သော်လည်း၊ ကျွန်ုပ်တို့တွင် ပြသနာတစ်ခုရှိသေးသည်။ ပြဿနာမှာ ကျွန်ုပ်တို့သည် တူညီသော အရာတစ်ခုတည်းကို ကြိမ်ဖန်များစွာ ပြုလုပ်ကြသည်။ ဒေါသ ထွက် လိုက်၊ တောင်းပန်လိုက်နှင့် ချာလပတ်လည်နေသည်။ ကျွန်ုပ်တို့သည် မည်မျှပင်ကြိုးစားသော်လည်း ဒေါသကို မထိန်း ချုပ်နိုင်ကြပါ။ ဤပြသနာကို ကုသရန် ဆေးရှိပါသလား? ရှိပါတယ်။ ကျွန်ုပ်တို့ ပထမဆုံး သိရှိရမည့် အရာမှာ ကျွန်ုပ်တို့ ဒေါသ ထွက်ရ ခြင်း၏ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိရန် ဖြစ်သည်။
ကျမ်းစာထဲတွင် အမျက်ထွက်ခြင်း အကြောင်းကို သိပ်မပြောထားပါ။ အကြောင်းမှာ ကျမ်းစာက အမျက်ထွက်ခြင်း သက်သက် သာမက ဒေါသထွက်ခြင်း၏ မူလရင်းမြစ် အကြောင်းအရင်းကို ပြောပြထား သည်။
အမျက်ထွက်ခြင်း၏ မူလအရင်းမြစ်အကြောင်းအရင်းမှာ အဘယ်နည်း? SELF (ဇာတိပကတိစိတ်)ပင်ဖြစ် သည်။ အမျက်ထွက်စေရန် SELF (ဇာတိပကတိစိတ်)က လှုံ့ဆော်သည်။ အမျက်ကို အပြင်ဘက်ပိုင်းတွင် ဖော်ထုတ်ပြသသည့်အချိန်တိုင်းတွင်၊ အတွင်းပိုင်း၌ ဒေါသထွက်နေသော SELF (ဇာတိပကတိစိတ်)တစ်ခုရှိနေ သည်ကို သေချာသိနိုင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အမျက်ကို ထိန်းချုပ်ရန် အပြင်းအထန်ကြိုးစား သော်လည်း၊ SELF (ဇာတိပကတိစိတ်)ကို မကိုင်တွယ်ပါက၊ ကျွန်ုပ်တို့သည် ဆက်လက်၍ စိတ်ဆိုးပြီး ဒေါသအိုး ပေါက်ကွဲနေမည်ဖြစ်သည်။
SELF (ဇာတိပကတိစိတ်)သည် အမျက်ထွက်ရခြင်း၏ မူလရင်းမြစ်အကြောင်းအရင်းဖြစ်သည်ကို ပို၍ ရှင်းလင်းစွာသိနိုင်ရန်အတွက် ဒေါသထွက် စေနိုင် သော အခြေအနေအချို့ကို လေ့လာကြပါစို့။
တစုံတဦးက ကျွန်ုပ်တို့အား သေးသိမ်စေခြင်း
အရှက်ခွဲခံရခြင်း (သို့)ကျွန်ုပ်တို့အား သေးသိမ်စေခြင်းသည် အမျက်ထွက်ရခြင်း၏ အဖြစ်အများ ဆုံးအကြောင်းအရင်း တစ်ခုပင် ဖြစ်သည်။ တစုံတဦးက ကျွန်ုပ်တို့အား ထိခိုက်နစ်နာစေသောအရာတို့ကို ပြောသောအခါ၊ ကျွန်ုပ်တို့၏ အတွင်းပိုင်း၌ ဒေါသထွက်လာသည်။ မိမိကိုယ်ကို အထင်ကြီးသောစိတ် (ဇာတိပကတိစိတ်)သည် ထိခိုက်သွားသည်။
ကိုယ်လမ်းကိုယ်မသွားနိုင်ခြင်း
ကျွန်ုပ်တို့သည် ခေါင်းမာ (ဇာတိပကတိစိတ်)ပြီး ကိုယ်လမ်းကိုယ်သွားလိုကြသည်။ တစုံတဦးက ကျွန်ုပ်တို့အား စိတ်ဆိုးစေပြီး ကျွန်ုပ်တို့ သည် ကိုယ့်အလိုအတိုင်း မလုပ်နိုင်ပါက သုန်မှုန်ငြူစူ၍ ဒေါသအိုး ပေါက်ကွဲကြမည်ဖြစ်သည်။ ဤအရာ၏ မူလရင်းမြစ် အကြောင်းအရင်းမှာ အဘယ်နည်း? SELF (ဇာတိပကတိစိတ်) ပင်ဖြစ်သည်။
တစုံတဦးသည် ကျွန်ုပ်တို့အပေါ်၌ ဂုဏ်ပြုခြင်းခံရခြင်း
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား အခြားသူတို့က အထ်ကြီးစေလိုပြီး ချီးမွမ်းစေလိုသည်။ ဤ အကြောင်းကြောင့် အခြားသူတို့ အောင်မြင် သောအခါ၊ ကျွန်ုပ်တို့သည် မနာလိုဖြစ်ကြသည်။ ကျွန်ုပ်တို့လို ချင်သောအလုပ်(သို့) ဂုဏ်ကို အခြားသူတို့ရသွားသောအခါ ကျွန်ုပ် တို့ ၏ မနာလိုခြင်းသည် အမျက်ဒေါသ အဖြစ် ကူးပြောင်းသွားသည်။ ထပ်မံ၍၊ ဤမှားသောခံစားချက်များ၏ မူလရင်းမြစ်အကြောင်းအရင်း မှာ SELF (ဇာတိပကတိစိတ်) ပင်ဖြစ်သည်။
အထက်ပါအရာတို့မှာ ဒေါသထွက်စေသော အခြေအနေအချို့ပင်ဖြစ်ပြီး အမျက်ထွက်ခြင်း၏ မူလ အရင်းမြစ်အကြောင်းအရင်းမှာ SELF (ဇာတိပကတိစိတ်)ဖြစ်ကြောင်းကို ပြသထားသည်။ ကျွန်ုပ်တို့သည် နားလည်ချင်မှ နားလည်မည်။ သို့သော် ကျွန်ုပ်တို့မရောင့်ရဲမကျေနပ်နိုင်ခြင်း၏ အကြောင်း အရင်းမှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုချစ်ပြီး နှစ်သက်စေလိုသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အရာအားလုံး၏ အရေးအကြီးဆုံးအဖြစ် သတ်မှတ်နေသမျှကာလပတ်လုံး၊ တစုံတဦးက ကျွန်ုပ်တို့အား စိတ်ဆိုးစေသောအခါ၊ အမျက်ဒေါသဖြင့် ပြန်လည် တုံ့ပြန်လိမ့်မည်။
65
အနှစ်ချုပ်ရသော် အမျက်ဒေါသသည် ကျွန်ုပ်တို့အတွင်းမှ လာသည်။ ဇာတိစိတ်မှ အမျက်သည် ထွက်လာသည်။ ဇာတိစိတ် ပြသနာ ကို မကိုင်မတွယ်မချင်း အမျက်ထွက်ခြင်း၏ ပြသနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။
မှတ်သားရန်။ ။ ကျွန်ုပ်လက်ခံရမည့် မိမိကိုယ်ကို(self)နှင့် ကျွန်ုပ်ငြင်းပယ်ရမည့် SELF (ဇာတိပကတိစိတ်)ဟူ၍ ရှိသည်။ ကျွန်ုပ်သည် ဘုရားသခင် ဖန်ဆင်းထားသော အထူးအတုမရှိသော ပုဂိ္ဂုလ်အဖြစ် မိမိကိုယ်ကို (self) လက်ခံရမည်။ သို့သော်ကျွန်ုပ်သည် အပြစ်ရှိသော ဇာတိပကတိ အသက်တာ (self-life)ကို ငြင်းပယ်ရမည်။
အပြစ်ရှိသောဇာတိအတွက် ဘုရားသခင်၏ကုသရန်ဆေး
ဇာတိသဘာဝသည် ဘုရားသခင်အတွက် ရွံရှာမုန်းတီးဖွယ်ဖြစ်ပြီး ကျွန်ုပ်တို့အား ပျက်စီးစေသော ကြောင့် ဘုရားသခင်က ဇာတိနှင့် ပတ်သက် ၍ တစုံတခုကိုလုပ်ဆောင်ခဲ့သည်။
ဘုရားသခင်က ဇာတိပကတိနှင့် ပတ်သက်၍ ဘာကိုလုပ်ခဲ့သနည်း? ဘုရားသခင်က ကျွန်ုပ်တို့အား ကားတိုင်ထက်ရှိ ခရစ်တော် အတွင်းသို့ ထည့်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်သားဇာတိကို ကိုင်တွယ်သည်။ ခရစ်တော်သည် ကားတိုင်ထက်၌ အသေသတ်ခြင်းကို ခံရသော အခါ၊ ကျွန်ုပ်တို့ သည်လည်း သူနှင့် အတူ အသေသတ်ခြင်းကိုခံရသည်။
ဘုရားသခင်သည် ဘာကြောင့်ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ ကားတိုင်ထက်၌ သေစေခဲ့ သနည်း? အကြောင်းမှာ ကျွန်ုပ်တို့ သည် အပြစ်သားဇာတိ၏ လွှမ်းမိုးအုပ်စိုးခြင်းကို နောက်ထပ်မခံရစေ ရန်ဖြစ်သည်။ ကျမ်းစာက ""ထိုမှတပါး ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ ကားတိုင်၌ အသေ သတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ်တရား၏ အစေခံကို မခံ စေခြင်းငှာ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည်အကြောင်းတည်း။ ရောမ ၆း ၆
ခရစ်ယာန်တိုင်းအတွက် မှန်ကန်သော အချက် (၂)ချက်ရှိသည်။
(၁) ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။
(၂) ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေသည်။
ခရစ်တော်၏သေခြင်း၊ မြုပ်နှံခြင်းနှင့် ထမြောက်ခြင်းတို့၌ သူနှင့်ကျွန်ုပ်တို့၏ ပေါင်းစည်းခြင်းဟူသော သမ္မာတရားတို့ကို သင်ခန်းစာ (၃)တွင် ပြည့်စုံစွာ ရှင်းပြထားပြီးဖြစ်သည်။ အောင်နိုင်သော အသက်တာကို ရရန်အတွက် ဤသမ္မာတရားတို့ကို သိရန် မရှိမဖြစ် လိုအပ်သည်။
ခရစ်တော်၌ ကျွန်ုပ်တို့၏အသက်တာဟောင်း သေဆုံးသွားကြောင်းကို ဘုရားသခင်က ကျွန်ုပ်တို့ အား သိစေလိုသည်။ ကျွန်ုပ်တို့သည် အရင်က လူဟောင်း မဟုတ်တော့ပါ။ ကျွန်ုပ်တို့သည် ""ဖန်ဆင်းခြင်း အသစ်တစ်ခု""ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်ဟောင်းများအား အရှုံးပေးရန် မလိုတော့ပါ။ ကျွန်ုပ်တို့သည် အမျက်ထွက်ခြင်းအပြစ်အပါအ၀င် ကျွန်ုပ်တို့၏အပြစ်များအားလုံးအတွက် ကျွန်ုပ်တို့ သေခဲ့ပြီဖြစ်သည်။ ကျမ်းစာက ""အပြစ်တရား၌ စုတေသော သူတို့သည် ထိုတရား၌အဘယ်သို့ ရှင်ရဦးမည်နည်း? ရော ၆း ၂
ကျွန်ုပ်တို့လက်တွေ့လုပ်ဆောင်ရမည့်အရာများ
ကျွန်ုပ်တို့သည် အမျက်ထွက်ခြင်း၏ မူလအရင်းမြစ်အကြောင်းအရင်းမှာ SELF (ဇာတိပကတိစိတ်) ဖြစ်ပြီး ဘုရားသခင်က ဤဇာတိနှင့် ပတ်သက်၍ မည်သို့ကိုင်တွယ်ခဲ့သည်ကို လေ့လာခဲ့ပြီးဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့လက်တွေ့လုပ်ဆောင်ရမည့် အရာအချို့ကို ကြည့်ကြပါစို့။
(၁) ကျွန်ုပ်တို့၏လိုအပ်ချက်ကို သိရမည်။
လူများစွာတို့သည် အမျက်ထွက်ကြသောအခါ၊ သူတို့အမျက်ထွက်ကြောင်းကို ၀န်မခံလိုကြပေ။ သူတို့က ""အမျက်ဘယ်တော့မှ မထွက်ဘူး"" ဟုပြောကြသည်။ အခြားသူတို့က သူတို့သည် အမျက်ထွက်ကြောင်းဝန်ခံ ပြောဆိုကြသော်လည်း၊ သူတို့၏အမျက်ကို ကြီးသော အပြစ်အဖြစ် မမှတ်ယူ ကြပေ။
အမှန်မှာ၊ အမျက်ထွက်ခြင်းသည် အဆိုးဆုံးအပြစ်များထဲမှ တစ်ခုဖြစ်သည်။ ကျမ်းစာက သောက်စားမူးယစ်ခြင်း၊ စုန်းကဝေပညာ၊ သူမယားနှင့်ဖောက်ပြားခြင်း၊ လူ့အသတ်ကိုသတ်ခြင်း စသည့် အပြစ်တို့နှင့် အမျက်ထွက်ခြင်းအပြစ်တို့ကို စားရင်းတစ်ခုထဲတွင် သွင်းထားသည်။ (ဂလာတိ ၅း ၁၉-၂၁ တွင်ကြည့်ပါ။) ခရစ်ယာန်တဦး၏ အသက်တာတွင် အမျက်ထွက်ခြင်းကို ရိုးရှင်းစွာပင် လက်မခံနိုင်ပါ။ ကျမ်းစာက ""ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသေရေပျက်အောင် ပြောဆိုခြင်း တို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်း တို့ကို ၄င်း၊ သင်တို့မှ ပယ်ရှားကြ လော့""ဟု ဆိုသည်။ ဧဖက် ၄း ၃၁
ကျွန်ုပ်တို့သည် အမျက်ထွက်ခြင်းအပြစ်၏ အရေးပါမှုကို အလေးအနက်မထားမချင်း၊ ၄င်းအပြစ်မှ လွှတ်မြောက်ခြင်းကိုခံရန် စိတ်ပိုင်း မဖြတ် မချင်း၊ ဤအပြစ်ကို ကျော်လွှားနိုင်မည်မဟုတ်ပါ။ မိမိတို့အသက်ရှင်နေသည့် ပုံစံအတိုင်း ဆက်လက်အသက်ရှင်ရခြင်းကို ကျေနပ်နေပါက၊ အမျက်ထွက်ခြင်း အပြစ်အပေါ်တွင် ဘုရားသခင်၏အောင်နိုင်မှုနှင့်ပတ်သက်၍ ဘာကိုမှ သိရှိနိုင်မည်မဟုတ်ပါ။
(၂) ကျွန်ုပ်တို့အမျက်ဒေါသအတွက် တာဝန်အပြည့်အ၀ယူရမည်။
ကျွန်ုပ်တို့၏အမျက်ဒေါသအတွက် အခြားသူတဦးဦးအပေါ်တွင် အပြစ်ပုံချပြီး မိမိ၏အပြစ်မှ ရှောင်ရှားခြင်းကို ကျွန်ုပ်တို့ လုပ်လေ့ရှိကြသည်။ ကျွန်ုပ်တို့က ""ငါ့ကိုသာ သူကဟိုလို-ဒီလို မပြောခဲ့ဘူးဆိုရင် ငါအမျက်ထွက်ခဲ့မှာမဟုတ်ဘူး"" ဟူ၍ ပြောလေ့ရှိကြသည်။ တနည်းအားဖြင့် ပြောရလျှင်၊ ကျွန်ုပ်တို့၏ အမျက်ထွက်ခြင်းသည် အပြင်ဘက်ပိုင်းမှ လှုံ့ဆော်မှုတစ်ခုခုအားဖြင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု ဆိုလိုကြခြင်းဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်ပိုင်းပြသနာဟု ထင်လေ့ရှိကြသည်။
အမှန်စင်စစ်၊ အမျက်ထွက်ခြင်းသည် အတွင်းပိုင်းပြသနာတစ်ခုဖြစ်သည်။ အမျက်သည် ကျွန်ုပ်တို့ အတွင်းမှ ထွက်သည်။ အပြင်မှမဟုတ်ပါ။ အခြားသူတို့သည် ကျွန်ုပ်အားစိတ်ဆိုး၊ စိတ်အနှောင့်အယှက် ဖြစ်စေသောအရာတို့ကို ပြော၊ လုပ်သော်လည်း ကျွန်ုပ် ကိုယ်တိုင်မှ လွဲ၍ မည်သူကမှ ကျွန်ုပ်၏ဒေါသအိုး ပေါက်ကွဲစေရန် မလုပ်ဆောင်နိုင်ပါ။
(၃) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခရစ်တော်နှင့်အတူ သေခြင်းကို သိမှတ်ယုံကြည်ရမည်။
ဘုရားသခင်က သူသည် ကျွန်ုပ်တို့၏ခရစ်တော်နှင့်အတူ သေခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်၏တန်ခိုးနှင့် ဇာတိပကတိမှ လွှတ်မြောက် ကယ်တင်ခဲ့ပြီးဖြစ်ကြောင်းကို ရှင်းလင်းစွာ ပြောပြထားသည်။ ဘုရား သခင်က ဤကြီးမြတ်သောအချက်အလက်တို့ကို မှီခိုအားကိုးရန် ပြောထားသည်။ ကျမ်းစာက ""ထိုနည်းတူ၊ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာကား၊ အသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့် ဆိုင်သော အရာကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း၊ ကိုယ်ကိုကိုယ်ထင်မှတ်ကြလော့။ ရော ၆း ၁၁
66
ကျွန်ုပ်တို့သည် ဘုရားသခင်၏သမ္မာတရားကို လက်တွေ့ကျင့်သုံးရမည်။ ကျွန်ုပ်တို့သည် စိတ်ဆိုး ဒေါသထွက်လာပါက၊ ဤသို့ပြောနိုင်သည်။ (ဒေါသကို) ထိန်းထား ကျွန်ုပ်ဟာ အရင်ကလို လူဟောင်း မဟုတ်တော့ပါ။ လူဟောင်းနှင့်ခြားနားစွာပြုမူရမည်။ ဒေါသကြီးသောလူဟောင်းအား ခရစ်တော်နှင့်အတူ ကားတိုင်ထက်၌ အသေသတ်ခြင်းကိုခံခဲ့ပြီ။ အမျက်ဒေါသကို အရှုံးပေးစရာမလိုတော့ပါ။ ကျွန်ုပ်သည် ခရစ်တော်၌ လူသစ်ဖြစ်ပြီး ခရစ်တော်သည် ကျွန်ုပ်စိတ်နှလုံးအတွင်း၌ အသက်ရှင်ကာ သူသည် ကျွန်ုပ်၏ ဘ၀ဖြစ်သည်။
(၄) ကျွန်ုပ်တို့သည် SELF (ဇာတိပကတိစိတ်) ကိုငြင်းပယ်ရမည်။
ကျွန်ုပ်တို့၏ဒေါသအိုးပေါက်ကွဲသွားလား၊ မသွားလားဆိုတာကို အပြင်ဘက်ပိုင်းတွင်ဖြစ်သော အရာများမှ အဆုံးအဖြတ်မပေးပါ။ အတွင်းပိုင်းမှ ထိန်းချုပ်နေသောအရာမှ အဆုံးအဖြတ်ပေးသည်။
ခရစ်တော်တဦးတည်းကသာကျွန်ုပ်တို့၏ဘ၀၌အုပ်စိုးပိုင်ခွင့်ရှိသော်လည်း၊ SELF (ဇာတိပကတိစိတ်) ကလည်း အုပ်ချုပ်ရန် ကြိုးစား ပေမည်။ ခရစ်ယာန်တိုင်းသည် ခရစ်တော်၏အုပ်စိုးခြင်းကိုခံမည်လော၊ (သို့) ဇာတိပကတိစိတ်၏အုပ်စိုးခြင်းကိုခံမည်လော၊ ဤနှစ်ခုထဲမှ တစ်ခုခုကိုရွေးချယ်ရမည်။
ဘုရားသခင်၏ရည်ရွယ်ချက်မှာ ခရစ်တော်အား ကျွန်ုပ်တို့၏နှလုံးသားတိုင်း၏ ပလ္လင်ပေါ်၌ အုပ်စိုးစေရန်ဖြစ်သည်။ သူက အုပ်စိုး ရန် အတွက်၊ ဇာတိပကတိကို ကားတိုင်ပေါ်၌ သခင်နှင့်အတူ အသေသတ်ရမည်ဖြစ်သည်။ ခရစ်တော်နှင့်အတူကားတိုင်ထက်၌ အသေ သတ်ခြင်းကို ခံခြင်း ဆိုသည့် သင်ကြားချက်ကို နားလည်တာကသက်သက်၊ ထိုသင်ကြားချက်ကို လက်တွေ့ကျင့်သုံးပြီး ဇာတိပကတိစိတ် ကိုငြင်းပယ်တာက သက်သက် ဖြစ်သည်။ သို့သော် ဤအရာသည် ကျွန်ုပ်တို့လုပ်ရမည့်အရာဖြစ်သည်။ ယေရှုက "ငါ၌ ဆည်းကပ် လို သော သူဖြစ်လျှင်၊ ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကားတိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။"" ဟုဆိုသည်။ လု ၉း ၂၃
အမျက်ဒေါသကို အောင်နိုင်ရန်အတွက် ဇာတိပကတိစိတ်ကို ငြင်းပယ်ရမည်။ ဇာတိပကတိစိတ်ကို ငြင်းပယ်ခြင်းက ဘာကို ဆိုလိုသနည်း၊ ဇာတိပကတိစိတ်ကိုငြင်းပယ်ခြင်းဆိုသည်မှာ မိမိ၏အလိုအစား ဘုရားသခင်၏အလိုတော်ကို လက်ခံခြင်းဖြစ်သည်။ ဇာတိပကတိစိတ်ကို ငြင်းပယ်ခြင်း ဆိုသည်မှာ ""ကိုယ့် လမ်းအတိုင်းကိုယ်သွားစရာမလိုဘူး။ ဘုရားသခင်၏လမ်းခရီးတော်အတိုင်း လျှောက်လှမ်းမည်"" ဟူ၍ ပြောခြင်းဖြစ်သည်။ လောက က""သင့်အတွက်သာ သင်ကြည့်လုပ်"" ဟုပြောသော်လည်း ယေရှုက ""သင့်ကို သင်ငြင်းပယ်"" ဟုပြောသည်။ ကျွန်ုပ်တို့သည် မိမိ၏အလိုကိုစွန့်ပြီး ဘုရားသခင်၏အလိုအတိုင်း မလုပ် မချင်း၊ မိမိတို့၏အမျက်ဒေါသကို ထိန်းချုပ်နိုင်မည် မဟုတ်ပါ။
သေးသိမ်စေခြင်းကိုခံရသော၊ ကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံခြင်းမခံရသော၊ သက်တောင့် သက်သာမဖြစ်သော အခြေအနေများ အတွင်း သို့ ကျွန်ုပ်တို့ကျရောက်ခြင်းကို ဘုရားသခင်က ခွင့်ပြုခြင်းမှာ ကျွန်ုပ်တို့၏ဇာတိပကတိစိတ်နှင့် အမျက်ကိုကိုင်တွယ်ရန်ဖြစ်သည်။ ဤအခြေအနေများ အားလုံး၌ ဘုရား သခင်၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့သည် စိတ်ရှည်သည်းခံတတ်စေရန်နှင့် ဇာတိပကတိစိတ်ကိုငြင်းပယ်ပြီး ကျွန်ုပ်တို့ ၏ဘ၀တွင် ဘုရားသခင်၏ အကြံအစည်တို့ကို ၀မ်းမြောက်စွာ လက်ခံတတ်စေရန်ဖြစ်သည်။ တစုံတဦးက သင့်ကိုအကြာကြီးစောင့်စေခဲ့ပါက၊ သင်သည် အမျက် ထွက်ရန် မလိုပါ။ သင်က ""သခင်၊ ကျွန်ုပ်သည် သည်းခံခြင်းကိုသင်ယူရန် လိုအပ်ကြောင်းကိုသခင်သိပါ၏။ သခင်သည် ကျွန်ုပ်၏ဘ၀၏ အခြေအနေ အရပ်ရပ်တို့ကို ထိန်းချုပ်လျက်ရှိသောကြောင့်၊ ကျွန်ုပ်သည် သည်းခံခြင်းကို သင်ယူရန်အတွက်၊ ဤသို့ သောအခြေအနေမျိုးကို ခွင့်ပြုခြင်းဖြစ်ပါသည်။""
တစုံတဦးက သင်၏မာနကို ထိခိုက်စေသောအရာတစုံတခုကို လုပ်ပါက၊ သင်သည် စိတ်ဆိုး ဒေါသထွက်ရန်မလိုပါ။ သင်က ""သခင်၊ ကျွန်ုပ်သည် မည်မျှ မာနကြီးသည်ကို သခင်သိပါ၏။ ကျွန်ုပ်၏ အပြစ်ရှိသော မာန်မာနစိတ်ကို ကိုင်တွယ်သည့်အတွက် သခင့်ကို ကျေးဇူးတင်ပါ၏။"" ဟုပြောနိုင်သည်။
အခြားသူများက သင်လုပ်စေလိုသောအရာတို့ကို မလုပ်ပါက (သို့) သင်၏အလိုအတိုင်းမလုပ် ဆောင်နိုင်ပါက၊ ဤ အခြေအနေ မျိုးသည် သင်၏ဇာတိပကတိ၌ သေနိုင်ရန်အခွင့်ကောင်းပင်ဖြစ်သည်။ သင်က ""သခင်၊ ကျွန်ုပ်သည် မိမိအလိုအတိုင်းလုပ်ဆောင်လိုခဲ့ပြီး ကိုယ့်လမ်း ကိုယ်သွား လိုခဲ့ပါတယ်။ သို့သော် သခင်က ကျွန်ုပ်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်သည်ကို သိသောကြောင့် သခင်၏ အကြံအစည်ကိုလက်ခံပါ၏"" ဟု ပြောနိုင်သည်။
မည်သို့သောအခြေအနေတွင်မဆို၊ သခင်က ကျွန်ုပ်တို့အတွက် ပြင်ဆင်စီမံပေးသောကြောင့်၊ ကျွန်ုပ်တို့က ""သခင်၊ ဤအရာ သည် သခင်က ကျွန်ုပ်အတွက် ပြင်ဆင်စီမံပေးထားသောအရာဖြစ်ပြီး ကျွန်ုပ်၏ဇာတိပကတိစိတ်နှင့်အမျက်ကို ကိုင်တွယ်ရန်အတွက် သခင်၏ နည်းလမ်းပင်ဖြစ်သည်။ သခင်ဆီမှ ဤ အရာကိုလက်ခံရယူပြီး ဤအရာအတွက် ကျေးဇူးတင်ပါ၏။"" ဟုပြောနိုင်သည်။
ရှာဖွေတွေ့ရှိရသောအဖိုးထိုက်ရတနာ
အမျက်ထွက်ခြင်း၏မူလရင်းမြစ်အကြောင်းအရင်းမှာ ဇာတိပကတိစိတ် ကြောင့် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်အား ခရစ်တော်နှင့် အတူ ကားတိုင်ထက်၌ အသေခံစေခဲ့ခြင်းမှာ ကျွန်ုပ်၏အပြစ်ရှိ သော အမျက်ဒေါသမှ လွှတ်မြောက်ခြင်းခံရရန် ဖြစ်သည်။
မေးခွန်းများ
(၁) ဘုရားသခင်က ဘယ်တော့မှဒေါသမထွက်ရဟု ကျွန်ုပ်တို့အား ပြောထားသည်။
(၂) အမျက်သည် လူစိတ်ခံစားမှုများထဲတွင် အကြမ်းတမ်းဆုံး စိတ်ခံစားမှုတစ်ခုပင်ဖြစ်သည်။
(၃) အမျက်ထွက်ခြင်းဆိုသည်မှာ အထိန်းအချုပ်ကင်းမဲ့သွားသော အမျက်ကိုဆိုလိုသည်။
(၄) ဒေါသကြီးသူတစ်ဦးသည် မိမိကိုယ်ကို မကူညီနိုင်ပါ။
(၅) ဇာတိပကတိစိတ်ကို ငြင်းပယ်ခြင်းဆိုသည်မှာ မိမိ၏အလိုအစား ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရန်အတွက် ရွေးချယ်ဆုံးဖြတ်ခြင်းဖြစ်သည်။
(၆) ကျွန်ုပ်တို့၏ အမျက်ကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အဘယ်နည်း။
(၇) ကျွန်ုပ်တို့၏ ဒေါသအိုးပေါက်ကွဲခြင်းသည် အမြဲတစေမှားယွင်းပါသလား?
(၈) အမျက်ထွက်ခြင်း၏ ရင်းမြစ်အကြောင်းအရင်းမှာ အဘယ်နည်း?
(၉) ကျွန်ုပ်တို့၏ အမျက်ထွက်ခြင်းသည် အတွင်းပိုင်းပြသနာလော (သို့) အပြင်ပိုင်းပြသနာ တစ်ခုလော?
(၁၀)မှား/မှန် ခရစ်ယာန်တိုင်းနှင့် ပတ်သက်၍ မှန်ကန်သောကြီးမြတ်သည့် အချက် (၂)ချက်မှာ .....
(၁) ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံသည်။
(၂) ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေသည်။
ရဲလင်းထွန်း (အင်းစိန်)
67
0 comments:
Post a Comment