HCF

HCF MYANMAR IN SINGAPORE

Saturday, January 22, 2011

စာတန်အပေါ် အောင်နိုင်ခြင်း


Victory Over Satan

New Life in Christ III

Lesson 14


ဖတ်ရန်ကျမ်းပုဒ်များ - ဧဖက် ၁း ၁၅ ၊ ဧဖက် ၂း ၇ ၊ ဧဖက် ၆း ၁၈


ခရစ်ယာန်အသက်တာသည် တိုက်ပွဲတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် တိုက်ပွဲကို ဆင်နွဲရန် သခင်ယေရှု၏ကောင်းသော စစ်သည်များ အနေဖြင့် ခေါ်ယူခြင်းခံရသည်။

ခရစ်ယာန်အသက်တာသည် တိုက်ပွဲတစ်ခုဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ကို ဖျက်ဆီးရန်ရှာဖွေခြင်းနှင့် ကြောက်ဖွယ်ကောင်းသော ရန်သူကြီး တစ်ယောက် ကျွန်ုပ်တို့၌ ရှိနေသောကြောင့်ဖြစ်သည်။ ထိုရန်သူမှာ ''စာတန်''ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်။ ''သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေ ကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာနတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်း ဟူ၍ လှည့်လည် ရှာဖွေလျက်ရှိ၏။'' (၁ပေ ၅း ၈)


ကျွန်ုပ်တို့၏ရန်သူ - စာတန်


စာတန်သည် ဖန်ဆင်းခြင်းခံရစဉ်က လူစီဖာအမည်ရသော လှပ၍ညဏ်ပညာကြွယ်ဝသူ ဖြစ်သည်။ သို့သော် မာန်မာနသည် သူ၏ နှလုံးသား ထဲဝင်ရောက်လာပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ အခြားသော ကောင်းကင်တမန်များလည်း စာတန်နောက်ကိုလိုက်၍ ဘုရားသခင်ကို ပုန်ကန်ခဲ့ ကြသည်။

စာတန်ကို ''လေထု၌ တန်ခိုးကို အစိုးရသောမင်းသား''ဟူ၍ ခေါ်ရခြင်းမှာ သူနှင့်သူ၏ကျဆုံးသော ကောင်းကင်တမန်တို့မှာ ကမ္ဘာမြေကြီး အထက်ရှိ လေထုထဲ၌ နေထိုက်ကျက်စားသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတို့ကို မမြင်နိုင်သော်လည်း စာတန်နှင့် အပေါင်းအပါတို့မှာ ဘုရားသခင် သားသမီးတစ်ဦး၏ ရန်သူများ အစစ်အမှန်ပင်ဖြစ်သည်။ သမ္မာကျမ်းစာက ''ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန် ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့ နှင့် ၄င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန် ကြ၏။''ဟု ဧဖက် ၆း ၁၂ တွင် ပြောထားသည်။


စာတန်၏အလုပ်မှာ အဘယ်နည်း။


စာတန်၏အဓိကရည်ရွယ်ချက်မှာ လူများကို ဖျက်ဆီးရန်ဖြစ်သည်။ သခင်ယေရှုက ''စာတန်ကို အစအဦးမှစ၍ လူသတ်သမား'' ဟူ၍ ဖော်ပြ ခဲ့ သည်။ လူများကို ဖျက်ဆီးရန်အတွက် စာတန်၌ နည်းလမ်း များစွာရှိသော်လည်း သူ၏အဓိကလက်နက်များမှာ လှည့်ဖျားမှုနှင့် လိမ်ညာမှုများ ဖြစ်သည်။

သဘာဝထက်လွန်ကဲ၍ ထူးခြားစွာ ဖြစ်ပေါ်မှုအားလုံးသည် ဘုရားသခင်ထံမှလာကြောင်း လူများကို ထင်မြင်စေခြင်းအားဖြင့် စာတန်သည် လူများကိုလှည့်ဖျားသည်။ သို့သော်လည်း အားလုံးသော အံ့သြဖွယ် လုပ်ဆောင်မှုများသည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်ပါ်။ စာတန် နှင့် နတ်ဆိုးများ သည် လူများ မလုပ်နိုင်သော အံ့သြဖွယ်အရာများကို လုပ်ဆောင်နိုင်ကြသည်။ ယေရှုက နောက်ဆုံးသောနေ့များ၌ ပရောဖက် အတုများ ရောက်လာ၍ ''အံ့သြဖွယ်နိမိတ်လက္ခဏာများနှင့် လုပ်ဆောင်မှု''များအားဖြင့် လူတို့ကို လှည့်ဖြားမည်ဟူ၍ ဆိုခဲ့သည်။


သတိပေးချက် ။ ။ နတ်ကတော်ပြပွဲ၊ ဗေဒင်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များ၊ စုန်းကဝေအတတ် ပညာများနှင့် ပတ်သက်မှု လုံးဝမရှိပါနှင့်။ ထိုအရာများသည် မှောင်မိုက်နိုင်ငံကို ကိုယ်စားပြုသည်။ သမ္မာ ကျမ်းစာက ''အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံကြနှင့်'' ဟူ၍ ဧဖက် ၅း၁၁ တွင်ပြောထား သည်။

စာတန်သည် ဘုရား၏လုပ်ဆောင်မှုကို တားဆီးသည်။ သတင်းကောင်းကို ဟောပြောသည့်အခါ စာတန်သည် သတင်းကောင်းကို ကြားရသူ တို့ စိတ်ထဲတွင် သံသယများနှင့် မယုံကြည်မှုများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သည်။

စာတန်သည် ခရစ်ယာန်များကို ဖိနှိပ်သည်။ သူသည် သံသယ၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှုများကို သူတို့၏စိတ်အတွင်းသို့ သွတ်သွင်းသည်။ ဘုရားသခင်အတွက် အသက်မရှင်နိုင်ရန်အတွက် ခရစ်ယာန်များကို စိတ်ပျက်အောင် လုပ်ရန်ကြိုးစားသည်။

စာတန်သည် ဆိုးရွာသောအပြစ်များကိုလုပ်ရန် ခရစ်ယာန်များကို သွေးဆောင်သည်။ ထိုအပြစ်တို့ ကို လုပ်ခြင်းမှာ မှားယွင်းခြင်း မရှိဟူ၍ ခရစ်ယာန်များထင်လာအောင် လှည့်ဖျားရန် စာတန်ကြိုးစားသည်။ ခရစ်ယာန်တို့၏စိတ်နှလုံးများကို ဘုရားသခင်ထံမှ သွေဖယ်စေရန် နှင့် သူ၏အလိုကို မလုပ်ဆောင်နိုင်ရန် အတွက် စာတန်သည် လောကအရာများကို အသုံးပြုသည်။ မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လုံးဝဥဿုန်အပ်နှံမှုမရှိစေရန် စာတန်သည် ခရစ်ယာန်များကို တားဆီးသည်။

ဤသင်ခန်းစာ၌ ဤကြောက်စရာကောင်းသော ရန်သူကို အောင်နိုင်ခဲ့သော ခရစ်တော်၏ အောင်နိုင်မှုကို လေ့လာ ကြမည်ဖြစ်သည်။ ခရစ်တော်၏ အောင်နိုင်မှုသည် ကျွန်ုပ်တို့၏ အောင်နိုင်မှုလည်းဖြစ်သည်ကို လေ့လာ မည်ဖြစ်သည်။


ခရစ်တော် ဘာကြောင့် ကြွလာသနည်း။


သခင်ယေရှု ဤလောကသို့ကြွလာခြင်းမှာ မာရ်နတ်၏လုပ်ဆောင်မှုကို ရိုက်ချိုးဖျက်ဆီးရန် ဖြစ်သည်။ သမ္မာကျမ်းစာက ''မာနတ်၏ အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏'' ဟူ၍ ၁ယော ၃း၈ တွင် ပြောထားသည်။

ကားတိုင်တော်သည် ခရစ်တော်၏လူများကို စာတန်၏တန်ခိုးအောက်မှ ကယ်တင်ခဲ့သောနေရာဖြစ်သည်။ စာတန်သည် အပြစ်ကြောင့် လူများကို ဖမ်းဆီးထားသည်။ သို့သော် သခင်သည် ကားတိုင်ထက်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပေးဆပ်ခဲ့သည်။ ကျွန်ုပ်တို့အပေါ်ရှိ စာတန်၏ အခွင့် အရေးအားလုံးကို အဆုံးသတ်စေခဲ့သည်။ ယခုတွင် လူများသည် သူတို့မည်သူ့ကို အစေခံမည်ဆိုတာကို ရွေးချယ်နိုင်သည်။ ယေရှုခရစ်ကို သူတို့၏ သခင်အဖြစ် ရွေးချယ်သူများသည် စာတန်၏တန်ခိုးအောက်မှ လွတ်မြောက်ကြသည်။ သမ္မာကျမ်းစာက ''မှောင်မိုက်တန်ခိုးမှာလည်း ငါတို့ကို နှုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံ ထဲသို့ သွင်းတော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့''ဟူ၍ ကော ၁း၁၂-၁၃ တွင် ပြောထား သည်။

ကားတိုင်တော်သည် စာတန်ရှုံးနိမ့်ခဲ့သောနေရာလည်းဖြစ်သည်။ သမ္မာကျမ်းစာက သခင်ယေရှုသည် ''အသေခံခြင်းအားဖြင့် သေခြင်းတန်ခိုး ရှိသူ စာတန်မာရ်နတ်ကို ဖျက်ဆီးမည့်အကြောင်း" ကျွန်ုပ်တို့ဇာတိကို သူ့အပေါ် ယူဆောင် ခဲ့သည်။

သခင်ယေရှုသည် ကားတိုင်ထက်၌ သေဆုံးသောအခါ မှောင်မိုက်တန်ခိုးသည် သခင်ကိုအောင်နိုင် သွားသည် ဟု ထင်ရသော်လည်း သုံးရက်မြောက်သောနေ့၌ သူသည် သင်္ချိုင်းတွင်းမှ ထမြောက်၍ စာတန်နှင့် မှောင်မိုက်တန်ခိုးများအပေါ်သို့ အကြီး အကျယ် အောင်နိုင်မှု ရရှိခဲ့သည်။

ရှင်ပြန်ထမြောက်ပြီးနောက် သခင်သည် ရက်ပေါင်း (၄ဝ)ကြာ လောက၌ရှိနေခဲ့သည်။ ကောင်းကင်ဘုံသို့ ပြန်မတက်မီ သူက ''ကောင်းကင်ပေါ်၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ ကို ငါခံရပြီ''ဟူ၍ မသဲ ၂၈း၁၈ တွင်ပြောခဲ့သည်။


မှောင်မိုက်တန်ခိုးများသည် ရှုံးနိမ့်သွားပြီဖြစ်သည်။


စာတန်နှင့် နတ်ဆိုးများ၏အခွင့်အာဏာအားလုံးမှာ ဖယ်ရှားခြင်းခံလိုက်ရပြီ ဖြစ်သည်။ သခင်ယေရှုသည် မှောင်မိုက်တန်ခိုးများကို အောင်နိုင်သူအဖြစ် ကောင်းကင်ဘုံသို့ ပြန်တက်သွားခဲ့သည်။ သူသည် ထိုအရာကို ထင်ရှားစွာ ထုတ်ဖော်ပြသခဲ့သည်။ သမ္မာကျမ်းစာက ''အထွဋ်အမြတ် အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ''ဟူ၍ ကော ၂း၁၅ တွင်ပြော ထားသည်။

သခင်ယေရှုသည် စာတန်နှင့် မှောင်မိုက်တန်ခိုးများကို အောင်နိုင်၍ ကောင်းကင်ထက်သို့တက်သွားသည့်မြင်ကွင်းမှာ မမြင်ရသော ဝိညာဉ် ကမ္ဘာ၌ ရှိသောသူများအတွက် အံ့ဖွယ်ကောင်းသော မြင်ကွင်းဖြစ်ပေ လိမ့်မည်။


ခရစ်တော်သည် ချီးမြှောက်ခြင်းခံရသည်။


ခမည်းတော်သည် သားတော်ကို အိမ်တော်၌ကြိုဆို၍ ဘုန်းအသရေနှင့် တန်ခိုးတော်၏ အမြင့်ဆုံးနေရာ ကိုပေးခဲ့သည်။ ယေရှုခရစ်တော်သည် မှောင်မိုက်တန်ခိုးများ၏အထက်ရှိ ကောင်းကင်နိုင်ငံ၏ ပလ္လင်တော် ပေါ်၌နေရာချထားခြင်းခံရသည်။ သမ္မာကျမ်းစာက ''ခပ်သမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်ဘုံ အရပ်၌ မိမိ လက်ျာတော်ဘက်၌ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူပြီး'' ဟူ၍ ဧဖက် ၁း ၂၁ တွင် ပြောထားသည်။


ခရစ်တော်အောင်နိုင်မှုသည် ကျွန်ုပ်တို့၏အောင်နိုင်မှုဖြစ်သည်။


ဤအရာသည် အံ့သြဖွယ်အမှန်တရားဖြစ်သည်။ ''မှောင်မိုက်တန်ခိုးအပေါ် ခရစ်တော်၏ အောင်နိုင် မှုသည် ကျွန်ုပ်တို့၏ အောင်နိုင်မှု လည်းဖြစ်သည်။'' ခရစ်တော်လုပ်ခဲ့ခြင်းသည် ကျွန်ုပ်တို့ကို ကိုယ်စားပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သူ၏သေခြင်း၊ မြုပ်နှံခြင်း၊ ရှင်ပြန် ထမြောက်ခြင်းတို့၌ ဝေမျှခံစားခဲ့ သလို စာတန်အပေါ်အောင်နိုင်မှု၌လည်း ဝေမျှခံစားကြသည်။ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက် စေ၍ သူ၏လက်ျာလက်ဘက်၌ နေရာချခဲ့သလို ကျွန်ုပ်တို့ကိုလည်း ထမြောက်စေခဲ့သည်။ သမ္မာကျမ်းစာ က ''ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ''ဟူ၍ ဧဖက် ၂း၆တွင် ပြောထားသည်။


ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ နေရာသစ်သည် အဘယ်နည်း။


မှောင်မိုက်တန်ခိုးများနှင့် ဝေးစွာသောအထက်အရပ်၌ ခရစ်တော်နှင့်အတူ နေရာချ ထားခြင်းခံရသည်။ ခရစ်တော်၌ရှိသော ကျွန်ုပ်တို့သည် ခပ်သိမ်းသောအရာတို့နှင့် ဝေးစွာသောအထက် နေရာရှိ တန်ခိုးနှင့်အောင်နိုင်ခြင်းစုဝေးရာနေရာ၌ သခင်နှင့်အတူ နေရာ ချထားခြင်း ခံရသည်။ သူ၏ပလ္လင် တော်ကို ဝေမျှခံယူနိုင်သည်။

ခရစ်တော်၏ ပလ္လင်တော်ကို ဝေမျှခံယူနိုင်သကဲ့သို့ သူ၏အခွင့်အာဏာကိုလည်း ဝေမျှရယူနိုင်သည်။ ကျွန်ုပ်တို့ရန်သူကို အောင်နိုင်ရန် အတွက် အခွင့်တန်ခိုးများကို ကျွန်ုပ်တို့အား ပေးထားသည်။ သခင်ယေရှုက သူ၏တပည့်တော်များကို ဤသို့ဆိုသည်။ ''သင်တို့သည် မြေ၊ ကင်းမြီးကောက် တို့ကို နိုင်ရ သောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေး၏။'' (လုကာ ၁ဝး ၁၉)

ခရစ်တော်ထံမှ ''အခွင့်အာဏာကိုရသည်''၏အဓိပ္ပာယ်မှာ သူ့ကိုကိုယ်စားပြုသူများ အနေဖြင့် ဆောင်ရွက်ရန် ကျွန်ုပ်တို့တွင် အခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူ၏နာမတော်အားဖြင့် ကျွန်ုပ်တို့ ပြောဆိုလုပ်ကိုင်နိုင်သည်။

''တန်ခိုး''နှင့်''အခွင့်အာဏာ''တို့တွင် ခြားနားမှုရှိသည်။ ကုန်တင်ကားတွင် တန်ခိုး (power) ရှိသည် သို့သော် ရဲတွင်မူ အခွင့် အာဏာ ရှိသည်။ ရဲအရာရှိနောက်၌ မြို့တော်အစိုးရ၏ အခွင့်အာဏာရှိသဖြင့် ကုန်တင်ကားမောင်သူသည် ဤအရာကို နားလည်လက်ခံ၍ ရဲအရာရှိကို နာခံသည်။

စာတန်နှင့်သူ၏နတ်ဆိုးများတွင် တန်ခိုး (power) ရှိသော်လည်း ခရစ်တော်သည် ကျွန်ုပ်တို့အား အခွင့်အာဏာကိုပေးသည်။ ကျွန်ုပ်တို့သာ ခရစ်တော်၌တည်၍ သူ၏နာမတော်အားဖြင့် ပြောဆိုမည်ဆိုပါက မှောင်မိုက်တန်ခိုးများသည် ကျွန်ုပ်တို့ကို နာခံမည်ဖြစ်သည်။ သူတို့သည် ကျွန်ုပ်တို့ နောက်၌ရှိသော ခရစ်တော်၏ အခွင့်အာဏာကို အသိအမှတ်ပြုကြသည်။




တိုက်ပွဲမှာ မပြီးဆုံးသေးပါ


စာတန်သည် ရှုံးနိမ့်သွားသော ရန်သူကြီးဖြစ်သည်။ တစ်နေ့တွင် သူနှင့်သူ၏ဝိညာဉ်များသည် မီးအိုင်တွင်းသို့ ပစ်ချခံရမည်ဖြစ်ပြီး ဘယ်တော့မှ ပြဿနာရှာနိုင်တော့မည် မဟုတ်ပေ။ သို့သော် ဤအချိန် ၌မူ သူသည်အလွန်သွက်လက်လှုပ်ရှား လျက်ရှိသည်။ စာတန်သည် ဟောက်သော ခြင်္သေ့ ကဲ့ သို့ သွေးဆောင် လှည့်ဖြား၊ ဖျက်ဆီးရန် လှည့်လည်သွားလာလျက်ရှိသည်။ ဘုရားသခင်၏ မည်သည့်သားသမီးကမှ စာတန်ကို မိမိဘာသာမိမိ ရင်မဆိုင် နိုင် ပေ။ ခရစ်တော်အားဖြင့်သာ ဤရန်သူကို အောင်မြင်ကျော်လွှားနိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ဤသို့ပြောသည်။ ''ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။'' (ဧဖက် ၆း ၁ဝ)


မိမိဘာသာ မိမိဆိုလျှင် ကျွန်ုပ်တို့သည် ခိုင်ခံ့ခြင်းရှိမည်မဟုတ်ပေ။ သခင်အားဖြင့်သာ ခိုင်ခံ့နိုင်မည်ဖြစ်သည်။ ခရစ်တော်သည် ''စာတန်အပေါ် အောင်နိုင်မှု'' ဖြစ်ပြီး သူ့အားဖြင့်သာ ကျွန်ုပ်တို့ခိုင်ခန့်ရန် ဖြစ်သည်။


ဘုရားသခင်၏အောင်နိုင်သူများ


ဗျာဒိတ်ကျမ်းတွင် အောင်နိုင်သူများအကြောင်း ဖော်ပြထားသည်။ စာတန်ကို အောင်နိုင်သူများ အကြောင်းဖြစ်သည်။ သူတို့သည် စာတန်ကို အောင်နိုင်မှု၏ လျှို့ဝှက်ချက်ကို သမ္မာကျမ်းစာက ဖော်ပြ ထားသည်။ လျှို့ဝှက်ချက် (၃)ခုရှိသည်။ သူတို့သည် စာတန်ကို ....


(၁) သိုးသငယ်၏အသွေးအားဖြင့် အောင်နိုင်သည်။

(၂) သူတို့၏သက်သေခံခြင်းအားဖြင့် အောင်နိုင်သည်။

(၃) အသေခံသည်တိုင်အောင် မိမိတို့၏အသက်ကို မနှမြောခြင်းအားဖြင့် အောင်နိုင်သည်။ (ဗျာဒိတ် ၁၂း၁၁)

ဤအချက်(၃)ချက်ကို သေချာလေ့လာ၍ စာတန်ကိုအောင်နိုင်ရန် မည်သို့အသုံးချနိုင်မည်ကို ကြည့်ကြပါစို့။


(၁) သိုးသငယ်၏အသွေးတော်


စာတန်သည် လှည့်ဖြားသူဖြစ်ပြီး လူသတ်သမားလည်းဖြစ်သည်။ သို့သော် သူ၏ခရစ်ယာန်များကို တိုက်ခိုက်မှုတစ်ခုမှာ စွပ်စွဲခြင်းအားဖြင့် ဖြစ်သည်။ ''ညီအစ်ကိုများကို စွပ်စွဲသူ''ဟူ၍ သူ့ကိုခေါ်ကြသည်။ ဘုရားရှေ့၌သူသည် ကျွန်ုပ်တို့ကို စွပ်စွဲပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌လည်း ကျွန်ုပ်တို့ကို စွပ်စွဲသည်။ ကျွန်ုပ်တို့သည် ဆိုးသည်ဟူ၍ သူပြောသည်။ ကျွန်ုပ်တို့သည် အားနည်း၍ အပြစ်ရှိပြီး ဤပုံစံအတိုင်း အမြဲ ဖြစ်နေမည်ဟု သူ ကျွန်ုပ်တို့ကို ပြောသည်။ စာတန်၏စွပ်စွဲချက်များကို ဆန့်ကျင်မည့် ကျွန်ုပ်တို့၏ အကာ အကွယ်က ဘယ်အရာနည်း။ ကျွန်ုပ်တို့၏အကာအကွယ်မှာ ''သိုးသငယ်၏အသွေးတော်''ဖြစ်သည်။ သခင်ယေရှု၏အသွေးတော်အားဖြင့် စာတန်၏ စွပ်ဆွဲချက်များ ကို ကျွန်ုပ်တို့အောင်နိုင်သည်။ ကျွန်ုပ်တို့ စာတန်ကို ဤသို့ ပြောနိုင်သည်။ ''ဟုတ်တယ်။ ငါ့မှာအပြစ်ရှိတယ်။ သို့သော် ဘုရားသားတော် ယေရှုခရစ်၏ အသွေးတော်သည် ကျွန်ုပ်၏အပြစ်အားလုံး ကို ဆေးကြောသန့်စင်စေသည်။''


(၂) သူတို့၏သက်သေခံချက်


ဘုရားသခင်သည် စာတန်၏စွပ်စွဲမှုများကို ဆန့်ကျင်ရန် အကာအကွယ်အနေဖြင့် သိုးသငယ်၏ အသွေးတော်ကို ကျွန်ုပ်တို့အား ပေးသည်။ သူသည် စာတန်ကိုယ်တိုင်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် လက်နက်တစ်ခုကိုလည်း ကျွန်ုပ်တို့အား ပေးသည်။ ထိုလက်နက်မှာ ''ကျွန်ုပ်တို့ သက်သေ ခံချက်၏ နှုတ်ထွက်စကားများ''ဖြစ်သည်။ ဆိုလိုသည်မှာ သူ့အပေါ် ခရစ်တော်အောင်နိုင်ခြင်း၏ ကြီးမားလှသော အချက်များကို စာတန်အား ပြောဆို ကြေငြာခြင်းဖြစ်သည်။ ''သင်သည် အရှုံးသမားဖြစ်သည်။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏သခင်ဖြစ်သည်။ ယေရှုသည် အောင်နိုင်သူဖြစ်သည်။ ယေရှုသည် ဘုရင်ဖြစ်သည်။ ငါသည် သူနှင့်အတူရှိသူတစ်ဦးဖြစ်သည်။'' ထိုအချက်များသည် ကြီးစွာသော အချက်များဖြစ်၍ စာတန်သည် ထိုအချက်များကို မငြင်းနိုင်ပေ။ ထိုအချက်များမှန်သည်ကို သူသိသည်။


(၃) သူတို့သည် သူတို့၏အသက်များကို မနှမြောကြပါ။


ကျွန်ုပ်တို့စာတန်ကို အောင်နိုင်လိုပါက မိမိကိုယ်ကို မချစ်ပါနှင့်။ မိမိကိုယ်ကိုချစ်ပါက ရှုံးနိမ့်သွား လိမ့်မည်။ သို့သော် တစ်ကိုယ်ကောင်းစိတ်က ကျွန်ုပ်တို့ကို အုပ်စိုးရန် ခွင့်ပြုစရာမလိုပေ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ကားတိုင်၌ အသေ သတ်ခြင်းကိုခံ၍ မိမိကိုယ်တိုင် မရှင် တော့ပဲ ကျွန်ုပ်တို့အတွက် အသေခံသောသူအားဖြင့် အသက်ရှင်နိုင်ပြီဖြစ်သည်။ တမန်တော်ပေါလုနှင့် အတူ ဤသို့ ပြောနိုင်သည်။ ''ငါသည် ကားတိုင်၌ ခရစ်တော်နှင့်အတူအသေခံပြီ။ သို့သော် ငါသည် ကိုယ်တိုင်မရှင်။ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏'' (ဂလာတိ ၂း ၂ဝ)

ကျွန်ုပ်တို့၏ ခရစ်တော်နှင့်အတူ သေခြင်း၊ မြုပ်နှံခြင်းနှင့် ထမြောက်ခြင်းအားဖြင့် ရန်သူတိုင်း၏ တန်ခိုးများမှ လွှတ်မြောက်ခြင်း ကျွန်ုပ်တို့ ခံရ သည်။ အပြစ်၊ တစ်ကိုယ်ကောင်းစိတ်၊ ကိုယ်ခန္ဓာတပ်မက်မှု၊ လောကအရာများနှင့် စာတန်ကိုယ်တိုင်ကို "မဆိုင်တော့ပါ" "NO" ဟူ၍ ကျွန်ုပ်တို့ ပြောနိုင်သည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ရန်သူများ၏ တန်ခိုးများမှ လွှတ်မြောက်ခြင်းသာမက ထမြောက်အောင်နိုင်သူ ခရစ်တော်ကိုယ်တော်တိုင် ကျွန်ုပ် တို့ အတွင်း၌ အသက်ရှင်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။ ''ချစ်သားတို့ သင်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ ရှိသောသူ(ခရစ်တော်)သည် လောကဘက်၌ရှိသောသူ(စာတန်)ထက်သာ၍ ကြီးတော်မူ၏။ (၁ယော ၄း၎)


တွေ့ရှိရသော ရတနာ

ခရစ်တော်သည် စာတန်ကိုရှုံးနှိမ့်စေခဲ့ပြီ။ ကျွန်ုပ်သည် ခရစ်တော်၌ရှိသောကြောင့် သူ၏အောင်မြင်ခြင်း၌ ကျွန်ုပ်လည်း ဝေမျှ ခံစားခွင့်ကိုရသည်။

ဆုတောင်းချက် ။ ။ ''အို..... ခမည်းတော်၊ စာတန်နှင့် မှောင်မိုက်တန်ခိုးများအပေါ် ကြီးစွာသော ခရစ်တော်၏ အောင်နိုင်မှု၌ ကျွန်ုပ်၏ ဝေမှ်ျ ခံစားခွင့် ကို မြင်နိုင်ရန်မစပါ။''


မှတ်ရန် ။ ။ စာတန်နှင့်သူ၏နတ်ဆိုးများမှာ ဝိညာဉ်များသာဖြစ်သည်။ သူတို့တွင် ကိုယ်ခန္ဓာမရှိပေ။ သို့သော်လည်း သူတို့သည် အစစ်အမှန် ရှိနေပြီး ကျွန်ုပ်တို့သည် မှောင်မိုက်တန်ခိုးများအပေါ် ခရစ်တော်၏ အောင်နိုင်မှုကို အလေးထား ပြောလျက်ရှိသည်။


မေးခွန်းများ


(၁) ကျွန်ုပ်တို့ကို ဖျက်ဆီးရန်ရှာဖွေလျက်ရှိသော ကြောက်စရာကောင်းသောရန်သူတစ်ဦး ကျွန်ုပ်တို့တွင်ရှိသည်။ ထိုရန်သူမှာ

(က) ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ

(ခ ) ဘုရားသခင်

(ဂ ) စာတန်


(၂) စာတန်၏ရည်မှန်းချက်မှာ

(က) လူများကို ဖျက်ဆီးရန်

(ခ) ကျွန်ုပ်တို့ဘုရားသခင်ကိုသိရန် ကူညီပေးရန်


(၃) သခင်ယေရှုသည် အောက်ပါအရာကိုလုပ်ရန် ဤလောကသို့ကြွလာသည်။

(က) ကျွန်ုပ်တို့ကို လာရောက်ကြည့်ရှုစစ်ဆေးရန်

(ခ) မာရ်နတ်၏ လုပ်ဆောင်မှုကို ရိုက်ချိုးဖျက်ဆီးရန်


(၄) ကားတိုင်တော်သည်.....

(က) ခရစ်တော်က စာတန်၏တန်ခိုးအောက်မှ လူများကိုကယ်တင်ခဲ့သောနေရာဖြစ်သည်။

(ခ) ကျွန်ုပ်တို့အပြစ်များအတွက် ခရစ်တော်ပးဆပ်ခဲ့သောနေရာဖြစ်သည်။

(ဂ ) အထက်ပါ နှစ်ခုစလုံး။


(၅) မှောင်မိုက်တန်ခိုးများအပေါ် ခရစ်တော်၏အောင်နိုင်မှုသည်.....

(က) ကျွန်ုပ်တို့၏ အောင်နိုင်မှုလည်းဖြစ်သည်။

(ခ) ကယ်တင်ခြင်းခံရရန်အတွက် လိုအပ်သည်။


(၆) မှား / မှန် ။

ကျွန်ုပ်တို့သည် သူ၏သေခြင်း၊ မြှုပ်နှံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့၌သာမက စာတန်အပေါ် အောင်နိုင်ခြင်း၌လည်း ဝေမျှခံစားနိုင်သည်။

(က) မှန် (ခ) မှား


(၇) ကျွန်ုပ်တို့၏ အသစ်သောဝိညာဉ်ရေးအရ ရပ်တည်မှုနေရာမှာ အဘယ်နည်း။

(က) ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရပြီး ကျွန်ုပ်တို့အပြစ်များအတွက် ပေးဆပ်ရန်လုံးဝမလို တော့ပေ။

(ခ) မှောင်မိုက်တန်ခိုး၏အထက်၌ ခရစ်တော်နှင့်အတူ နေရာချထားခြင်းခံရသည်။


(၈) ''ခရစ်တော်၏ ပလ္လင်တော်ကို ဝေမျှရယူနိုင်သည်''၏ အဓိပ္ပာယ်မှာ...

(က) သူ၏အခွင့်အာဏာကို ဝေမျှရယူနိုင်သည်။

(ခ) ခရစ်တော်၏ မိတ်ဆွေတစ်ယောက်ဖြစ်လာသည်။


(၉) စာတန်၏ စွပ်စွဲချက်များကို ဆန့်ကျင်ရန်အတွက် ကျွန်ုပ်တို့၏အကာအကွယ်မှာ....

(က) အပြစ်ထပ်မလုပ်ရန်ဖြစ်သည်။

(ခ) သိုးသငယ်၏ သွေးတော်ဖြစ်သည်။


(၁ဝ) သခင်ယေရှုသည် ကျွန်ုပ်တို့ကို ရန်သူထံမှ ရွေးနုတ်ရုံမက...

(က) နာခံရန်မလို (NO) ဟူ၍ အပြစ်ကိုပြောနိုင်သည်။

(ခ) ထမြောက်အောင်နိုင်သူခရစ်တော်သည် ကျွန်ုပ်တို့အတွင်း၌နေသည်။

(ဂ) (က) နှင့် (ခ) နှစ်ခုလုံး

အန်ဒရူး

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support