HCF

HCF MYANMAR IN SINGAPORE

Friday, September 10, 2010

ကျေနပ် ရောင့်ရဲ တတ်ရန်အတွက် သင်ယူခြင်း


Learning to be Content

Practical Christian Living Courses

Lesson 15


သော့ချက်ကျမ်းပုဒ် ။ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်သော စည်းစိမ်ရှိသည် အတိုင်း ၊ သင်တို့ အလိုရှိသမျှ တို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ ဖိ ၄း ၁၉

ဘုရားသခင်က ကျွန်ုပ်တို့အား မိမိတို့၏ ဘ၀ကို ၀မ်းမြောက်ခြင်းအပြည့်၊ ယုံကြည်ချက်အပြည့်တို့ ဖြင့် ရင်ဆိုင်စေလိုသည်။ ဤသို့ ရင်ဆိုင်နိုင်ရန်အတွက်၊ ဘ၀အခြေအနေအရပ်ရပ်၌ ကျေနပ်ရောင့်ရဲတက်စေရန်အတွက် သင်ယူရမည်။ ဤသင်ခန်းစာတွင် ကျွန်ုပ်တို့၏ ဘ၀ကို ပြောင်းလဲသွားစေနိုင်သော ကြီးမြတ်သည့် သမ္မာတရားတခုကို သင်ယူကြမည်။ ယင်းမှာ အဘယ်နည်း? ယင်းသမ္မာတရားမှာ ဘုရားသခင်နှင့် သူ ကျွန်ုပ်အတွက် ပြင်ဆင်ချပေးထားသောအရာတို့သည် ကျွန်ုပ်လိုအပ်သောအရာအားလုံးပင်ဖြစ်သည်။


ပြင်ဆင်ချပေးသူ ဘုရားသခင်

စင်္ကြ၀ဠာတစ်ခုလုံးကို တဦးတည်းပိုင်စိုးသူ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့အမှန် တကယ် လိုအပ်သောအရာ အားလုံးကို ပြင်ဆင်ချပေးမည်ဟု ကတိပေးထားကြောင်းကို ကျမ်းစာက ကျွန်ုပ် တို့အား သင်ကြားထားသည်။ သူက ကျွန်ုပ်တို့လိုချင်သော အရာအားလုံးကို ချပေးမည်ဟု ကတိမပေးသော်လည်း ကျွန်ုပ်တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားသည်။ တမန်တော် ပေါလုက ""ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း သင်တို့အလိုရှိသမျှ တို့ကို ယေရှုခရစ်အား ဖြင့် ပြည့်စုံ စေ တော်မူ လိမ့်မည်ဟု""ပြောထားသည်။ ဖိ ၄း ၁၉

(၁) ဘုရားသခင်သည် လောကအရာ ရုပ်ဝတ္ထုတို့ကိုလည်း ထောက်ပံ့ပေးသည်။

မသဲ အခန်းကြီး ၅ တွင် သခင်ယေရှုက ရုပ်ဝတ္ထုများဖြစ်သော အစားအသောက်၊ အ၀တ်အထည်နှင့် အခြားဘ၀တွင် လိုအပ်သောအရာတို့ အတွက် မစိုးရိမ်မပူပန်ဖို့ ပြောထားသည်။ ယေရှုက ""ထို့ကြောင့် ငါဆိုသည်ကား အဘယ်သို့စား သောက်ရ မည်ဟုအသက်အ ဘို့မစိုး ရိမ်ကြနှင်။ အဘယ်သို့ ၀တ်ရ မည် ဟု ကိုယ်အဘို့မစိုးရိမ် ကြနှင့်။ ... ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ သည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော် မူ လတံ္တ့""ဟု ဆိုသည်။ မသဲ ၆း ၂၅, ၃၂-၃၃

(၂) ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးသားအတွင်း လိုအပ်မှုများကိုလည်း ထောက်ပံ့ပေးသည်။

ယခင် သင်ခန်းစာနှစ်ခု၌ အရေးပါမှုနှင့်လုံခြုံမှုတို့အတွက် ကျွန်ုပ်တို့ လိုအပ်မှုကို ဘုရားသခင် ပြင်ဆင်ပေးခဲ့ကြောင်း သိခဲ့ရပြီ။ သူသည် ကျွန်ုပ်တို့ကို ခရစ်တော်၏ခန္ဓာ၌ သင်းဝင်သူများ ဖြစ်စေပြီး ခရစ်တော်၏ခန္ဓာရှိ သင်းဝင်သူတိုင်းသည် အရေးပါသူများဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကို ချစ်တော်မူသော သားတော်၌ လက်ခံတော်မူ၏"။ သူသည် ကျွန်ုပ်တို့ကို ထာဝရမေတ္တာနှင့်ချစ်တော်မူသည်။ ဘုရားသခင်က ကျွန်ုပ်တို့အားဆိုသည်မှာ

"ထာဝရဘုရားသည် အဝေးကထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။" ယေ၊ ၃၁း၃

(၃) ဘုရားသခင်သည် ကျွန်ုပ်တို့၏၀ိညာဉ်ပိုင်းဆိုင်ရာ လိုအပ်မှုများကိုလည်း ထောက်ပံ့ပေးသည်။


ခရစ်တော်၌ ၀ိညာဉ်အသက်တာ လိုအပ်သောအရာများကို ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးခဲ့ပြီးဖြစ်သည်။ ကျမ်းစာက"ငါတို့သည် ဘုရားသခင့်ရှေ့တော်၌မေတ္တာအားဖြင့် သန့်ရှင်းလျက်၊အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊-ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူ သော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။" ဟု ဆိုသည်။ ဧ၊ ၁း၃-၎

(၄) ဘုရားသခင်သည် အရာအားလုံး ကျွန်ုပ်တို့ကို ရက်ရောစွာ အခမဲ့ပေးသည်။

ဘုရားသခင်သည် သားတော်အား ကျွန်ုပ်တို့ကို ပေးခြင်းအားဖြင့် အကြီးမြတ်ဆုံးသော ဆုလက်ဆောင်ကို ပေးခဲ့ပြီးဖြစ်သည်။ အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်သည့် သူ့သားတော်ကို ကျွန်ုပ်တို့အား ပေးခဲ့ ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်သော မည်သည့်အရာကို မဆို သူပြင်ဆင်ပေးမည်ဖြစ်ကြောင်းကို သေချာသိနိုင်သည်။

ကျမ်းစာက ""မိမိသားတော်ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှအလိုငှာ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားပေးဘဲ အဘယ်သို့နေတော်မူမည်နည်း""ဟု ပြောထားသည်။ ရော ၈း ၃၂

ကျွန်ုပ်တို့၏လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည့်တာဝန်ကို ယူထားသော ကျွန်ုပ်တို့၏အဘ ကောင်းကင်ဘုံရှင် ရှိကြောင်းကို သိရခြင်းက ၀မ်းမြောက်ဖွယ်ကောင်းလှသည်။ A. W. Tozer က ""ဘုရားသခင် ၏ကောင်းမြတ်ခြင်းက ကျွန်ုပ်တို့၏အမြင့်မားဆုံး အကျိုးစီးပွားကို လိုလားပြီး ဘုရားသခင်၏ဥာဏ်ပညာ တော်က ထိုအကျိုးစီးပွားကိုရရန် အစီအစဉ်ချသည်။ ဘုရားသခင်၏ တန်ခိုးတော်က ထိုအကျိုးစီးပွားကို ရရှိအောင် စွမ်းဆောင်ပေးသည်။ ကျွန်ုပ်တို့ဘာများလိုအပ်သေးသနည်း? ကျွန်ုပ်တို့သည် ဖန်ဆင်းခြင်းခံ သတ္တ၀ါများတွင် ဘုရားသခင်၏ အနှစ်သက်အမြတ်နိုးဆုံးသော သတ္တ၀ါများ ဧကန်အမှန်ပင်ဖြစ်သည်"" ဟုဆိုခဲ့သည်။ (A.W.Tozer. The Knowledge of The Holy)


သွေးဆောင်ဖြား ယောင်း သူ စာတန်

ဘုရားသခင်က ကျွန်ုပ်တို့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသော်လည်း ကျွန်ုပ်တို့အား မုန်းတီးပြီး ဖျက်ဆီးလိုသော ရန်သူ တဦး ကျွန်ုပ်တို့၌ရှိသည်ကို သတိပြုရကြမည်။ ကျမ်းစာက ""သမ္မာသတိရှိလျှက် မအိပ်ဘဲစောင့်ကြလော့"" သင်တို့၏ရန်သူတည်းဟူသော မာနတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟု လှည့်လည်ရှာဖွေလျက်ရှိ၏""ဟုဆိုသည်။ ၁ပေ ၅း ၈

စာတန်က ကျွန်ုပ်တို့အား မည်သို့ သွေးဆောင်သည်ကိုသိရန်လိုအပ်သည်။ စာတန်၏ သွေးဆောင် မှုအားလုံး (သို့) အများစု၌ ကျွန်ုပ်တို့၏ စိတ်ထဲသို့ အတွေးအခေါ်မှားများကို ထည့်ပေးရန်ဆိုသည့် ဗျူဟာကို သုံးထားသည်။ စာတန်သည် ဤသို့သော အတွေးမှားများ ကို ကျွန်ုပ်တို့စိတ်ထဲသို့ ထည့်လေ့ရှိသည်။ ""ဘုရားသခင်ဟာ မင်းလိုအပ်တာအားလုံးကို မထောက်ပံ့ပေးပါဘူး။ မင်းဟာ ဘုရားသခင်နှင့် သူပြင်ဆင်ချ ပေးတဲ့အရာတွေအပြင် အခြားအရာတစ်ခုကိုလည်း လိုအပ်သေးတယ်။"" ဤအတွေးမျိုးကို ထည့်ခြင်းအားဖြင့် စာတန်သည် ပထမဆုံးးလူယောက်ျားနှင့် လူမိန်းမကို ဖြားယောင်း သွေးဆောင်ခဲ့ခြင်းဖြစ်သည်။

အာဒံနှင့်ဧ၀ကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး ဘုရားသခင်ပြင်ဆင်ဖန်တီးထားပေးသော ဥယျာဉ်ကြီးထဲ၌ သူတို့ကို နေရာ ချပေးခဲ့ သည်။ ဧဒင်ဥယျာဉ်ကြီးထဲတွင် အမြင်အာရုံကို ဖမ်းစားပြီး စားချင်စဖွယ် ကောင်းသော သီးပင်များစွာရှိသည်။ ဘုရားသခင်သည် အာဒံနှင့် ဧ၀ကို အလုပ်ပေးထား ခဲ့သည်။ ထိုအလုပ်မှာ ဘုရားသခင် စိုက်ပျိုးထားသော ဥယျာဉ်ကြီးကို စောင့်ရောက်ရန်ဖြစ်သည်။ သူတို့သည် ဘုရားသခင် နှင့် နေ့စဉ်မိတ်သဟာယ ဖွဲ့ခဲ့သည်။ သူတို့သည် ပြီးပြည့်စုံသော ပတ်ဝန်းကျင်၌နေခဲ့ရသည်။

စက်ဝိုင်းပုံတစ်ခုကို ပုံဖော်ကြည့်လိုက်ပါ။ ထိုစက်ဝိုင်းသည် အာဒံနှင့်ဧ၀အတွက် ဘုရားသခင်ဖန် ဆင်းပေးထားသောကမ္ဘာကြီးကို ကိုယ်စားပြုသည်ဟု ဆိုကြပါစို့။ ကမ္ဘာထဲတွင် အာဒံနှင့်ဧ၀ နေထိုင်ပြီး သူတို့လိုအပ်သောအရာအားလုံး သူတို့တွင်ရှိသည်။ သူတို့သည် အခြား အရာ တခုခုကို လိုအပ်ပါက ဘုရားသခင်သည် သူတို့အတွက် သေချာပေါက် ပြင်ဆင်စီမံပေးလိမ့်မည်။ အာဒံနှင့်ဧ၀သည် ဤသို့ အမှန် တကယ်ပင် ပြောနိုင် သည်။ ""ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ချပေးထားသောအရာ တို့သည် ကျွန်ုပ်တို့ လိုအပ်သော အရာ အားလုံးပင်ဖြစ်သည်""

စာတန်သည် ပြီးပြည့်စုံသောပတ်ဝန်းကျင်တစ်ခု၌ နေထိုင်လျက်ရှိသောသူတစ်ဦးကို မည်သို့သွေး ဆောင်ခဲ့သနည်းဟု ကျွန်ုပ်တို့ တွေးတောကြပေလိမ့်မည်။ သို့သော် ဧ၀အားစာတန်၏သွေးဆောင်မှုသည် အလွန်ပင်ရိုးရှင်းသည်။ စာတန်က ဧ၀အားသူမနှင့် သူမယောက်ျား သည် ဘုရားသခင်နှင့်သူပြင်ဆင်ချပေး ထားသောအရာတို့အပြင် အခြားအရာတစုံတခုကိုလည်း လိုအပ်သေးသည်ဟု အကြံပေးခဲ့သည်။ စာတန်သည် ဧ၀အားဤသို့တွေးစေလိုခဲ့သည်။ ""ဘုရားသခင်ဟာ ကောင်းတဲ့အရာတခုခုကို ငါတို့အားမပေးလိုဘူး။"" ဧ၀သည် စာတန်၏ လိမ်ညာမှုကို လက်ခံ ခဲ့သည်။ ဤလိမ်ညာမှုကသူမ၏စိတ်ထဲတွင် ယုံကြည်ချက် တစ်ခုဖြစ်လာပြီး ဤယုံကြည်ချက်အတိုင်း ပြုမူ လုပ်ဆောင် ခဲ့သည်။ သူမသည် တားမြစ် ထားသောအသီးကို စားခဲ့သည်။ သစ်သီးအချို့ကို ယောက်ျားဖြစ်သူအား ပေးခဲ့ပြီး သူကလည်းစားခဲ့သည်။ သူတို့၏နာမခံခြင်းသည် အပြစ်နှင့် သေခြင်းကို ဤလောကအတွင်းသို့ သယ်ဆောင်လာခဲ့သည်။ အပြစ်၏ရလဒ်များဖြစ်သော ၀မ်းနည်းခြင်း၊ ဒုက္ခဝေဒနာများနှင့် ခေါင်းကိုက်စရာများ သည်လည်း အပြစ်နှင့်အတူ ဤလောကအတွင်းသို့ ၀င်ရောက်လာခဲ့သည်။


စာတန်က ကျွန်ုပ်တို့အား မည်သို့သွေး ဆောင်သနည်း။

ထပ်မံ၍၊ ကျွန်ုပ်တို့တဦးစီတိုင်းသည် စက်ဝိုင်းပုံတစ်ခုကို ပုံဖော်ကြည့်ကြပါစို့။ ထိုစက်ဝိုင်းက ဘုရားသခင်ကျွန်ုပ်တို့အတွက် ပြင်ဆင် စီမံထားပေးသော ဘ၀အဖြစ်အပျက်တို့ကို ကိုယ်စားပြုသည်ဆို ပါစို့။ စက်ဝိုင်း၏အထဲ၌ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထား သော အမှန် တကယ်လိုအပ်သည့်အရာများရှိသည်။ ကျွန်ုပ်တို့၏သေးငယ်သော စက်ဝိုင်းထဲ၌ အမှုကိစ္စတို့သည် ပြီးပြည့်စုံစွာ ကောင်းမွန်လိမ့်မည် မဟုတ်သလို ကျွန်ုပ်တို့၏ ဤဘ၀၌လည်း အမှုကိစ္စတို့သည် ပြီးပြည့်စုံ မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အပြစ်၏ကျိန်ခြင်း အောက်၌ ရောက်နေသော ကမ္ဘာတစ်ခုအတွင်း၌ အသက်ရှင်လျက်ရှိသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်း များနှင့် ပြဿနာများကို ရင်ဆိုင်ရလိမ့် မည်။ ဤဘ၀သည် ကျွန်ုပ်တို့အတွက် လွယ်ကူသောဘ၀တစ်ခုဖြစ်မည်(သို့) ကျွန်ုပ်တို့ လိုချင်တာ အားလုံးကိုသူက ပြင်ဆင်ချပေးမည်ဟု ဘုရားသခင်က ကတိ မပေးထားပါ။ သို့သော် ကျွန်ုပ်တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကျွန်ုပ်တို့နှင့်အမြဲအတူရှိမည်ဟု ကတိပေးထားသည်။ ကျွန်ုပ်သည် ဤသို့ သေချာပေါက် ပြောနိုင်သည်။ ""ဘုရားသခင်နှင့် ကျွန်ုပ်အတွက် ဘုရားသခင်ပြင်ဆင်ချပေးထားသော အရာတို့သည် ကျွန်ုပ် လိုအပ်သော အရာ အားလုံးပင်ဖြစ်သည်။

ကျွန်ုပ်တို့၏ရန်သူတော်ကြီးစာတန်သည် အာဒံနှင့်ဧ၀အားသွေးဆောင်ခဲ့သလိုမျိုး ကျွန်ုပ်တို့အား လှည့်ဖြားရန် ရှာဖွေ ကြံစည် ပေမည်။ ကျွန်ုပ်တို့၏စိတ်ထဲသို့ အတွေးမှားများ ထည့်နိုင်ရန် ကြိုးပမ်း လိမ့်မည်။ ကျွန်ုပ်တို့၏ "စက်ဝိုင်း"အပြင်ဘက်ရှိ အရာတစ်ခုခုကို စာတန်ကညွှန်ပြပြီး ဤသို့အကြံပေး လိမ့်မည်။ ""ဒီအရာကိုမင်းလိုအပ်တယ်။ တကယ်တမ်းကျတော့၊ ဒီအရာကိုသာ မင်းမရရင် မင်းပျော်ရွှင် နိုင် မှာမဟုတ်ဘူး။


အတွေးအခေါ်မှားများအား လက်ခံခြင်း၏အန္တရာယ်

အတွေးအ ခေါ်မှားကို ကျွန်ုပ်တို့အား အကြံပြုတင်ပြခြင်းမပြုရန်အတွက် စာတန်အားမတောင်းဆို နိုင်ပါ။ သို့သော်ကျွန်ုပ်တို့သည် အတွေးအခေါ်မှားများအား လက်ခံခြင်းကိုမူ ငြင်းပယ်နိုင်သည်။ မှားသော အတွေးအခေါ်များ၏ အန္တရယ်ကိုမြင်နိုင်ရန်အတွက်၊ ဤသမ္မာ တရား ကို မှတ်မိရမည်။ ""ကျွန်ုပ်တို့၏ အတွင်းပိုင်း စိတ်နှလုံးထဲက မြင်၊ ယုံကြည်သည့်အရာများက ကျွန်ုပ်တို့ကို ထိန်းချုပ်သည်။ ကျွန်ုပ်တို့ ဘာလုပ်မလဲ၊ ဘယ်လိုခံစားမလဲဆိုတာကို ကျွန်ုပ်တို့ယုံကြည်သောအရာများက အဆုံးအဖြတ်ပေးသည်။

ကျွန်ုပ်တို့သည် အတွေးအခေါ်မှားတခုကို လက်ခံပါက၊ ဤအရာသည် မှားသောယုံကြည်ချက်တခု ဖြစ်လာပြီး မှားသော ယုံကြည်ချက်များက မှားသောလုပ်ဆောင်မှုများနှင့် ခံစားမှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ဤမှားသောခံစားချက်များသည် အတွင်းပိုင်း ပြဿနာများကို အများအားဖြင့် ပေါ်ပေါက်စေလေ့ ရှိသည်။

မှားသောယုံကြည်ချက်ဘုရားသခင်သည် ကျွန်ုပ်အပေါ်တွင် မကောင်းပါ။ အကြောင်းမှာ အကောင်းဆုံးအရာကို ကျွန်ုပ်အား မပေးသေး သောကြောင့် ဖြစ်သည်။

မှန်သောယုံကြည်ချက်း
ကျွန်ုပ်သည် ဤအရာကိုနားမလည်သော်လည်း၊ ကျွန်ုပ်အတွက် ဘုရားသခင် ပြင်ဆင်ချပေးထားသော အရာသည် သာ အကောင်းဆုံး ဖြစ်သည်။


ကျွန်ုပ်တို့၏အတွင်းပိုင်း ပြဿနာများ ကိုင်တွယ်ခြင်း

နာကြည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ငြင်းပယ်ခြင်းကို ခံစားရခြင်းစသည့်အတွင်းပိုင်း ပြဿနာများသည် မယုံကြည်သူများသာမက ခရစ်ယာန်များတွင်လည်းရှိသည်။ ဤပြဿနာများကို ကျော်လွှားနိုင်ရန်၊ ဤပြဿနာများကို ဖြစ်စေသောအရာများနှင့် ဤပြဿနာများအား ဖြေရှင်းရန်နည်းလမ်းတို့ကို ရှာဖွေတွေ့ရှိရမည်။

အတွင်းပိုင်းပြဿနာများ၏ မူလရင်းမြစ်အကြောင်းအရင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် သူ ပြင်ဆင် စီမံ ထားပေးသော အရာတို့အပြင် အခြားအရာတစ်ခုခုကိုလည်း လိုအပ်သေး သည်ဟူသော မှားသောယုံကြည်ချက်ပင်ဖြစ်သည်။

ယခုတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာအချို့နှင့် ယင်းပြဿနာများကို ဖြစ်စေသာမှားယွင်းသော အတွေးအခေါ်များအား လေ့လာ ကြည့်ကြပါစို့။


(၁) နာကြည်းခြင်း

ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်စီမံထားပေးသောအရာတို့သည် အကောင်းဆုံးမဟုတ်ပါဟု ကျွန်ုပ်တို့ယုံကြည်လာချိန်တွင် နာကြည်းခြင်းသည် ဖြစ်တည်လာသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့် စပ်လျဉ်း၍ တစုံတရာကို နာကြည်းလိမ့်မည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘ၀အခြေအနေနှင့် ဘုရားသခင် ကိုတောင်မှ နာကြည်းကောင်း၊ နာကြည်းလိမ့်မည်။

ဤပြဿနာကိုဖြေရှင်းရန်နည်းလမ်းမှာ ကျွန်ုပ်တို့လိုအပ်သောအရာအားလုံးတို့သည် ဘုရားသခင်နှင့် သူချပေးသောအရာတို့သာ ဖြစ်သည်ဟု ယုံကြည်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏အခြေအနေကို နားလည်ချင်မှ နားလည်လိမ့်မည်။ သို့သော် ဘုရားသခင် လုပ်သော(သို့) မလုပ်သောအရာတို့အတွက် စိတ် မပျက်ရပါ။ ယေရှုက ""ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏။""ဟု ဆိုခဲ့သည်။ မဿဲ ၁၁း၆


(၂) ကြောက်ရွံ့ထိတ်လန့်ခြင်း

ကျွန်ုပ်သည် ကြောက်ရွံ့ထိတ်လန့်နေလျှင်၊ ဘုရားသခင်က ကျွန်ုပ်အားစောင့်ရှောက်ပေးမည်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကိုသိပြီး ကျွန်ုပ်တို့သည် ကြောက်ရွံ့တတ်ကြသည်ကိုလည်း သူသိသည်။ ကျမ်းစာထဲတွင် အကြိမ် ရာပေါင်းများစွာ သူကကျွန်ုပ်တို့ အား ဤသို့ပြောထားသည်။ ""မကြောက်ရွံ့နှင့်"" ကျွန်ုပ်တို့ မကြောက်ရွံ့သင့်သည့် အကြောင်း အရင်းမှာ သူကိုယ်တိုင်က ကျွန်ုပ်တို့နှင့်အတူရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်က "မစိုးရိမ်နှင့်၊ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက် နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင်မမည်။ ငါ့သစ္စာလက်ဖြင့် ထောက်ပင့်မည်။"ဟု ဆိုခဲ့သည်။ ဟေရှာ ၄၁း၁၀


(၃) စိုးရိမ်ပူပန်ခြင်း

ဘုရားသခင်က ကျွန်ုပ်တို့အား စောင့်ရှောက်၍ လိုအပ်ချက်များအား ဖြည့်ဆည်းပေးမည်ဆိုသည့် အချက်ကို မယုံကြည် သော ကြောင့် ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။

စိုးရိမ်ပူပန်မှုသည် ကျွန်ုပ်တို့အား ပျက်စီးစေပြီး ဘုရားသခင်ရှေ့၌ အပြစ်တစ်ခုလည်းဖြစ်သည်။ စိုးရိမ်ပူပန်ခြင်းသည် အပြစ် ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏မေတ္တာတော်၊ ဉဏ်ပညာနှင့် တန်ခိုး တော်တို့ကို သံသယရှိသောကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် စိုးရိမ်ပူပန်ခြင်းအား ကုစားရန်ဆေးကိုရှာတွေ့ခဲ့ သည်။ သူက ""ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။""ဟု ဆိုခဲ့သည်။ ဆာလံ ၂၃း၁

မှားသောယုံကြည်ချက် ဘုရားသခင်သည် ကျွန်ုပ်၏လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းငှာ မတက်စွမ်းနိုင်ပါ။

မှန်သောယုံကြည်ချက် ဘုရားသခင်သည် ကျွန်ုပ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေး လိမ့်မည်။


(၄) အပြစ်ရှိသည်ဟု မိမိကိုယ်ကို စီရင်ခြင်း

ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များအကြောင်းကို စဉ်းစားချိန်တွင် ကျွန်ုပ်တို့၌ အပြစ်များစွာရှိပြီး အပြစ်ကျိန်စာသင့်နေသည်ဟု မိမိကိုယ်ကို ခံစားမိကြသည်။ ကျွန်ုပ်တို့၏အပြစ်များအား အဆက်မပြတ် သတိရနေခြင်းသည် ကျွန်ုပ်တို့အား အကြီးအကျယ် စိတ်ပျက် စေမည်ဖြစ်သည်။

ဤပြဿနာဖြစ်ရခြင်း၏ မူလရင်းမြစ်အကြောင်းအရင်းမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို လုံးဝ ဥသုန်အပြစ်လွှတ်ခဲ့ပြီးပြီဆိုသည့် အချက်အား မဖက်တွယ်နိုင်၊ နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ သူသည် ပြီးပြည့်စုံသော ကယ်တင်ရှင်ယေရှုခရစ်တော်ကို ပြင်ဆင် ချပေးခဲ့သည်။ ကျမ်းစာက ""ထို့ကြောင့် ညီအစ်ကိုတို့ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြား သည်ကို ၄င်း၊ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကို ၄င်း၊ သိမှတ် ကြလော့""ဟု ဆိုသည်။ တမန် ၁၃း ၃၈-၃၉

ခရစ်တော်အားဖြင့် ကျွန်ုပ်တို့၏ အပြစ်ရှိသမျှသည် လွှတ်ခြင်းခံရသည်ဟု ဘုရားသခင်က ပြော ထားသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် မိမိကိုယ်ကို အပြစ်ရှိကြောင်း ဆက်လက်စီရင် ချက်ချနေခြင်းသည် ဘုရားသခင်အား မယုံကြည်ခြင်းပင် ဖြစ်သည်။ ကျမ်းစာက "".... ယေရှုခရစ်၌ တည်သောသူတို့သည် .... အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏"" ဟုဆိုသည်။ ရောမ ၈း ၁

မှန်သောယုံကြည်ချက် ကျွန်ုပ်တို့၏အတိတ်ကာလရှိအပြစ်များအတွက် မိမိကိုယ်ကို အပြစ်ဒဏ် ပေးရမည်။

မှန်သောယုံကြည်ချက် ဘုရားသခင်က ကျွန်ုပ်၏အပြစ်အားလုံးကို ခွင့်လွှတ်ခဲ့ပြီးဖြစ်သည်။ ခရစ်တော်၌ရှိသောသူများအတွက် အပြစ်စီရင်ခြင်းမရှိပါ။


(၅) ငြင်းပယ်ခံရသောကြောင့် ဖြစ်ပေါ်လာသော ခံစားချက်

တခါတရံတွင် လူတဦးအပေါ်၌ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုသည် တိုးပွားလာပြီး ကျွန်ုပ်တို့ပျော်ရွှင် နိုင်ရန်အတွက် ထိုသူ၏မေတ္တာ ကိုရမှဖြစ်မည်ဟု ခံစားရလေ့ရှိသည်။ သို့သော်လည်း ထိုသူက ကျွန်ုပ်တို့ အား ဂရုစိုက်ပုံမပေါ်ပါ။ အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ သည် ငြင်းပယ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ခံစားချက်ဆိုးမျိုးကို ခံစားရ၍ စိတ်နာကျင်ကြမည်ဖြစ်ပြီး ဒေါသပင် ထွက်ကောင်း ထွက် လိမ့်မည်။

ဤပြသနာ၏ အရင်းအမြစ်မှာ ကျွန်ုပ်တို့၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်တွက် ထိုသူ၏မေတ္တာကိုရမှ ဖြစ်မည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ဤယုံကြည်ချက်သည် မှားသည်။ ကျွန်ုပ်၏လိုအပ် ချက်အားလုံးအား ဖြည့်ဆည်းပေးရန် ဘုရားသခင် ကတိပေးထားသည်။ ထိုသူ၏မေတ္တာဖြင့် ဘုရားသခင်သည် ကျွန်ုပ်အား မပတ်စည်းခြင်းမှာ ထိုမေတ္တာကို ကျွန်ုပ် အမှန်တကယ် မလိုအပ် သောကြောင့်ဖြစ်သည်ဟု ဆိုလိုသည်။ ထိုသူ၏မေတ္တာကို ရရန်လိုအပ်သည်ဟု ကျွန်ုပ်ခံစားရနိုင်သည်။ မရနိုင်သည့်အခါ ကျွန်ုပ်သည် ၀မ်းနည်းပူဆွေးပြီး စိတ်နာကျင်ကောင်းနာကျင်လိမ့်မည်။ သို့သော် ကျွန်ုပ်သည် ဤကြီးမြတ်သော သမ္မာတရားဆီသို့ ခြေဦးပြန်လှည့်ရမည်။ ""ဘုရားသခင်နှင့် ကျွန်ုပ်အတွက် ဘုရားသခင်ပြင်ဆင်ချပေးထားသော အရာတို့သည် ကျွန်ုပ်လိုအပ်သောအရာအားလုံးပင်ဖြစ်သည်။

သင်သည် တစ်စုံတဦးကို ချစ်သော်လည်း သူ၏တုံ့ပြန်မှုကို မရသောကြောင့် ၀မ်းနည်းပူဆွေးခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ပါ။ သို့သော် သင်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ထိုသူ၏ မေတ္တာကိုရမှဖြစ်မည်ဟု ဘယ်တော့မှ မယူဆသင့်ပါ။

အမှန်စင်စစ်၊ ခရစ်တော်တဦးတည်းကသာ ကျွန်ုပ်တို့၏စိတ်နှလုံးအား အပြည့်အ၀ကျေနပ်စေနိုင်သည်။ မည်သည့်လူကမှ ဤသို့ မလုပ်နိုင်ပါ။ ခရစ်တော်ထံတွင်သာ ရှာတွေ့နိုင်သောအရာကို လူများထံမှ ရှာဖွေရန် ကြိုးပမ်းနေပါက၊ ကျွန်ုပ်တို့သည် စိတ်ပျက်ခြင်းနှင့် တွေ့ကြုံရလိမ့်မည်။ ခရစ်တော်၏ ချစ်ခြင်း မေတ္တာတော်ကသာ ကျွန်ုပ်တို့၏ စိတ်နှလုံးအား ကျေနပ်မှုကိုပေးစွမ်းနိုင်သည်။

မှားသောယုံကြည်ချက် ကျွန်ုပ်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ထိုသူ၏မေတ္တာကို ရရမည်။

မှန်သောယုံကြည်ချက် ဘုရားသခင်နှင့် ဘုရားသခင်က ကျွန်ုပ်အတွက် ရွေးချယ်၍ပေးသော အရာတို့သည် ကျွန်ုပ် လိုအပ်သော အရာ အားလုံးပင် ဖြစ်သည်။

ဤအတွင်းပိုင်းပြသနာများသည် တခုနှင့်တခုကွဲပြားသော်လည်း၊ တူညီသောအရင်းအမြစ် အကြောင်းအရင်းရှိသည်။ ပြသနာ တစ်ခုစီ၏ အရင်းအမြစ်မှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် သူပြင်ဆင်ချပေးထားသောအရာတို့အပြင် အခြားအရာတို့ကိုလည်း လိုအပ် သေးသည် ဟူသော မှားယွင်း သောယုံကြည်ချက်ပင်ဖြစ်သည်။ ဤပြသနာတခုစီအား ကုသရန် ဆေးမှာ ဤသမ္မာတရားဖြစ်သည်။ ""ဘုရားသခင်နှင့် သူပြင်ဆင် ချပေး ထားသောအရာတို့သည် ကျွန်ုပ်လိုအပ်သောအရာအားလုံးပင်ဖြစ်သည်။""


စိတ်ကျေနပ်ရောင့်ရဲမှု၏လျှို့ဝှက်ချက်

တမန်တော်ပေါလု၏ဘ၀သည်မလွယ်ကူခဲ့ပါ။ သူသည် ဆင်းရဲဒုက္ခများစွာဖိနှပ်မှုများစွာကို ခံစားခဲ့ရသည်။ သူသည်ဆင်းရဲပြီး မကြာခဏ စိတ်ပျက်ဖွယ် အခြေအနေများအတွင်းသို့ ကျရောက်လေ့ရှိသည်။ သူ့တွင် သက်သာခြင်းမရရှိသော ခန္ဓာပိုင်းပြသနာများလည်း ရှိသည်။ အချိန်အတော်များများ ထောင်ထဲတွင် နေခဲ့ရသည်။ သို့သော်ငြားလည်း သူသည် ကျေနပ်ရောင့်ရဲမှုရှိသော ခရစ်ယာန်တဦး ဖြစ်ခဲ့သည်။ ပေါလုက ""... အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ့သောစိတ်ရှိအံ့သောငှာ သင်မိပြီ""ဟု ဆိုသည်။ ဖိ ၄း ၁၁

သူတွင် များများရှိသည်ဖြစ်စေ၊ နည်းနည်းရှိသည်ဖြစ်စေ၊ ထောင်ထဲတွင်ရှိသည်ဖြစ်စေ၊ ထောင်ပြင်ပတွင် ရှိသည် ဖြစ်စေ၊ ကြွယ်ဝ နေသည်ဖြစ်စေ၊ စိတ်ပျက်ဖွယ်အခြေအနေမျိုးတွေ့ကြုံရသည်ဖြစ်စေ၊ ပေါလုသည် ကျေနပ်ရောင့်ရဲတတ်ရန် သင်ယူနိုင်ခဲ့သည်။ ဘုရားသခင် နှင့် သူ့အတွက် ဘုရားသခင် ပြင်ဆင်ချ ပေးသောအရာတို့သည် သူလိုအပ်သောအရာအားလုံးပင် ဖြစ်သည်ဆိုသည့်အချက်ကို လေ့လာ သင်ယူခဲ့သည်။ ပေါလုက ""ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်းခံတတ်၏။ ၀စွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ် တို့ တွင်အရာရာ၌သင်မိပြီ""ဟုဆိုသည်။ ဖိ ၄း၁၂

ကျေနပ်ရောင့်ရဲခြင်း၏ လျှို့ဝှက်ချက်မှာ အဘယ်နည်း? လျှို့ဝှက်ချက်မှာ ဘုရားသခင်နှင့် ကျွန်ုပ် အတွက် ဘုရားသခင် ပြင်ဆင် ချပေးထားသော အရာတို့သည် ကျွန်ုပ်လိုအပ်သော အရာအားလုံးပင်ဖြစ်သည် ဟူသော အချက်ကို သက်ဝင်ယုံကြည်ခြင်းပင်ဖြစ်သည်။ မည်သို့သော ""စက်ဝိုင်း"" မျိုးကိုမဆို ဘုရားသခင်က ကျွန်ုပ်အတွက် ပြင်ဆင်ပေးသည်ဖြစ်စေ၊ ကျေနပ်ရောင့်ရဲ့တက်ရန် သင်ယူ ရမည် ဖြစ်သည်။ တပ်မက်ခြင်းမရှိဘဲ အသက်ရှင်ရမည် ဘုရားသခင်က ပြောထားသည်။ တပ်မက်ခြင်းဆိုသည်မှာ သူတပါးပိုင်ဆိုင် သောအရာ တစ်ခုကို အလွန်းအမင်းရယူလိုခြင်းပင် ဖြစ်သည်။ လိုချင်တပ်မက်စိတ်မရှိဘဲ မိမိတို့တွင်ရှိသော အရာများအားဖြင့်သာ ကျေနပ်ရောင့်ရဲမည်ဟု ကျွန်ုပ်တို့အား မိန့်မှာထားသည်။ ကျမ်းစာက ""သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်။ သင့်ကိုအလျှင်း ပြစ်၍မထားဟု ကတိတော်ရှိ၏""ဟုဆိုသည်။ ဟေဗြဲ ၁၃း ၅

ဤကျမ်းပိုဒ်တွင် ကျွန်ုပ်တို့ဘာကြောင့် ကျေနပ်ရောင့်ရဲသင့်သလဲဆိုတာကို ဘုရားသခင်က ပြောထားသည်။ ကျွန်ုပ်တို့သည် ကျေနပ် ရောင့်ရဲ မည်။ အကြောင်းမှာ (၁) သခင်ကိုယ်တိုင် ကျွန်ုပ်တို့စိတ်နှလုံး အတွင်း၌ အသက်ရှင်နေသောကြောင့်ဖြစ်သည်။ (၂) ကျွန်ုပ်တို့ အတွက် သူပြင်ဆင် ချပေး ထားသောအရာ များ ကျွန်ုပ်တို့တွင်ရှိသည်။ ဤအရာတို့သည် ကျွန်ုပ်တို့လိုအပ်သောအရာ အားလုံးပင်ဖြစ်သည်။


ရှာဖွေတွေ့ရှိရသော အဖိုးထိုက်ရတနာ

ဘုရားသခင်နှင့် ကျွန်ုပ်အတွက် ဘုရားသခင် ပြင်ဆင်ချပေးထားသောအရာတို့သည် ကျွန်ုပ်လိုအပ်သောအရာ အားလုံးပင် ဖြစ်သည်။


မေးခွန်းများ

မှန်/မှား

(၁) ကျွန်ုပ်တို့လိုအပ်သောအရာနှင့် လိုချင်သည့်အရာအားလုံးကို ပြင်ဆင်ချပေးဖို့ ဘုရားသခင်က ကတိပေးထားသည်။

(၂) ဘုရားသခင်သည် ကျွန်ုပ်တို၏ ၀ိညာဉ်ရေးရာလိုအပ်ချက်များကို ထောက်ပံ့ပေးသည်။

(၃) စာတန်၏ ဖြားယောင်းသွေးဆောင်မှုအများစု (သို့) အားလုံးတွင် ကျွန်ုပ်တို့၏စိတ်ထဲသို့ မှားသော အတွေးအခေါ်များအား ထည့်ပေးရန်ဆိုသည့် ဗျူဟာ မပါဝင်ပါ။

(၄) ကျွန်ုပ်တို့မည်သို့ ပြုမူလုပ်ဆောင်မည်၊ ခံစားမည်ဆိုတာကို ကျွန်ုပ်တို့ယုံကြည်သောအရာများက အဆုံးအဖြတ်ပေးသည်။

(၅) ကျေနပ်ရောင့်ရဲခြင်း၏ လျှို့ဝှက်ချက်မှာ ဘုရားသခင်နှင့် ကျွန်ုပ်အတွက် သူပြင်ဆင်ချပေးသော အရာတို့သည် ကျွန်ုပ်လိုအပ်သော အရာအားလုံးပင်ဖြစ်သည်ဆိုသည့်အချက်ကို ယုံကြည်ခြင်းဖြစ် သည်။

(၆) ကျွန်ုပ်၏ အတိတ်ကာလရှိ အပြစ်များအတွက် မိမိကိုယ်ကို အပြစ်ဒဏ်ပေးရမည်။

(၇) ကျွန်ုပ်သည် ကြောက်ရွံ့တုန်လှုပ်နေပါက၊ ကျွန်ုပ်အား ကာကွယ်စောင့်ရှောက်ပေးမည့် ဘုရားသခင် ကိုယုံကြည်သောကြောင့် ဖြစ်သည်။

(၈) ခရစ်တော်၌ ကျွန်ုပ်တို့၏အပြစ်အားလုံးသည် လွှတ်ခြင်းခံရသည်။

(၉) သင်က တစုံတဦးကို ချစ်သော်လည်း၊ ထိုသူ၏တုံ့ပြန်မှုကို မရသည့်အခါ ၀မ်းနည်းပူဆွေးခြင်း သည် မှားယွင်းသော လုပ်ရပ် ဖြစ်သည။

(၁၀)ကျွန်ုပ်တို့သည် ကျေနပ်ရောင့်ရဲနိုင်သည်။ အကြောင်းမှာ သခင်ကိုယ်တိုင်က ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်လျက်ရှိပြီး ကျွန်ုပ်တို့အတွက် သူ ပြင်ဆင် ပေးထားသောအရာတို့သည်လည်း ကျွန်ုပ်တို့ တွင် ရှိသောကြောင့်ဖြစ်သည်။


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support