HCF

HCF MYANMAR IN SINGAPORE

Wednesday, June 23, 2010

မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း (အပိုင်း ၁)


စစ်မှန်သော မိတ်ဆွေဖွဲ့ခြင်း

Building Right Relationships (Part 1)

Making True Friend

Practical Christian Living Course

Lesson 19

သော့ချက် ကျမ်းပိုဒ်။

ပညာရှိတို့နှင့်ပေါင်း ဘော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဘော်သောသူမူကား ပျက်စီးတတ်၏။ (သုတ္တံ၊ ၁၃း၂၀)


အထီးကျန်ခြင်းသည် လက်ရှိအချိန်ကာလတွင် အဖြစ်အများဆုံးပြသနာတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဤကမ္ဘာသည် အထီးကျန်သော လူများ နှင့်ပြည့်နှက်လျက်ရှိသည်။ လူတစ်ဦး၏နဘေးတွင် လူများစွာဝန်းရံ ထားသော်လည်း ထိုလူသည် အထီးကျန်နေနိုင်သည်။ အကြောင်းမှာ သူ၌မိတ်ဆွေ စစ်များမရှိသောကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့သည် မိတ်ဆွေများကို ဘာကြောင့် အလွန်းအမင်းလိုချင်တောင့်တသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပေါင်းသင်းဆက်ဆံမှုကို လိုအပ်သော လိုအပ်ချက်တစ်ခုဖြင့် ဖန်ဆင်ခြင်းခံထားရသော ကြောင့်ဖြစ်သည်။ ဘုရားသခင်က သူဖန်ဆင်းခဲ့သောလူနှင့်ပတ်သက်၍ ""ယောက်ျား (လူ)သည် တစ်ယောက်တည်းမနေကောင်း""ဟူ၍ ပြောခဲ့သည်။ (ကမ္ဘာ ၂း၁၈)

ကျွန်ုပ်တို့သည် လူမှု့ရေးဖန်ဆင်းခြင်းခံ သတ္တ၀ါ (Social beings) များဖြစ်ပြီး သူငယ်ချင်းများ၏ အဖော်သဟဲပြုမှု့နှင့် အားပေးမှု့များကို လိုအပ်သည်။ အထီးကျန်ဆန်စွာ ခံစားရခြင်းနှ့င့် ငြင်းပယ်ခံရခြင်း တို့သည် ဘ၀ကို မခံမရပ်နိုင်အောင် ဖြစ်စေနိုင်သည်။ ဤသင်ခန်းစာတွင် ပေါင်းသင်း ဆက်ဆံမှု့များနှင့် ပတ်သက်၍ အရေးကြီးသောမူဝါဒများကို လေ့လာကြမည်ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေးကို မည်သို့ တည်ဆောက်ရမည်ကို လေ့လာကြမည်ဖြစ်သည်။


မိတ်ဆွေသူငယ်ချင်းများ၏လွှမ်းမိုးမှု

ပေါင်းသင်းဆက်ဆံမှု့အားလုံးသည် မတူညီကြပါ။ ကျွန်ုပ်တို့၏အခြားသူများနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ ကွဲပြားသော ပေါင်းသင်း ဆက်ဆံရေး အမျိုးအစားများရှိသည်ကို နားလည်ရန်လိုသည်။

(၁) အနည်းငယ်သာသိကျွမ်းခြင်း

(၂) သာမန်ပေါင်းသင်းဆက်ဆံမှု

(၃) ရင်းနှီးသောပေါင်းသင်းဆက်ဆံမှု

(၄) အလွန်ရင်းနှီးကျွမ်းဝင်သော ပေါင်းသင်းဆက်ဆံမှု

ကျွန်ုပ်တို့သည် အနည်းငယ်သာသိကျွမ်းသူများနှင့် သာမန်မိတ်ဆွေများ၏ လွှမ်းမိုးမှု့ကိုမခံရပါ။ သို့သော် ကျွန်ုပ်တို့ရွေးချယ်ထားသော ရင်းနှီးသည့်မိတ်ဆွေများနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများ၏လွှမ်းမိုးမှုကို ခံရသည်။ ဤအချက်သည် ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်၍ အရေးကြီးသော သဘောတရားတစ်ခုကို သိစေသည်။ ထိုသဘောတရားမှာ ""ကျွန်ုပ်တို့၏ မိတ်ဆွေများအဖြစ် ရွေးချယ်ထားသောသူများကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာသည်။""

ကျွန်ုပ်တို့ မထိန်းချုပ်နိုင်သော မိတ်ဖွဲ့ခြင်းများရှိလိမ့်မည်။ ထိုမိတ်ဆွေဖွဲ့ခြင်းများက ကျွန်ုပ်တို့ အပေါ်တွင် လွှမ်းမိုးမှု့ အနည်းငယ်သာ ရှိလေ့ ရှိသည်။ သို့သော် ကျွန်ုပ်တို့၏မိတ်ဆွေများအဖြစ် ရွေးချယ်ထားသောသူများသည် ကျွန်ုပ်တို့အပေါ်သို့ လွှမ်းမိုးမှုများစွာရှိနိုင်သည်။ ထိုသူများနှင့် ကျွန်ုပ်တို့ ၏ အားလပ်သောအချိန်များကို အတူတကွကုန်ဆုံးစေကြမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤလွှမ်းမိုးမှုများသည် ထိုလူများ၏စရိုက်လက္ခဏာ ပေါ်တည်၍ ကောင်းသောလွှမ်းမိုးမှုများ (သို့) ဆိုးသောလွှမ်းမိုးမှု့များဖြစ်ပေလိမ့်မည်။ ကျမ်းစာက ""ပညာရှိတို့နှင့် ပေါင်းဘော်သော သူသည် ပညာရှိ တတ်၏။လူမိုက်တို့နှင့်ပေါင်း ဖော်သော သူမူ ကား ပျက်စီး တတ်၏။""ဟု ပြောထားသည်။ (သုတံ္တ၊ ၁၃း၂၀)


ပေါင်းသင်းဆက်ဆံရေးအချို့ကို ရှောင်ရှားသင့်သည်။

ပေါင်းသင်းဆက်ဆံမှုကို လိုအပ်သောကြောင့် လူအားလုံးနှင့် မိတ်ဆွေဖွဲ့ရန်လိုအပ်သည်ဟု ကျွန်ုပ်တို့ထင်နိုင်သည်။ ထိုကဲ့သို့ မဖြစ်သင့်ပါ။ မိတ်ဆွေဆိုးများ ရှိခြင်းထက် မိတ်ဆွေမရှိခြင်းက သာ၍ ကောင်းသောကြောင့်ဖြစ်သည်။ ကျမ်းစာက အချို့သော ပေါင်းသင်း ဆက်ဆံမှု့တို့ကို ရှောင်ရှား ရန် ရှင်းရှင်းပင်ပြောထားသည်။


(၁) မယုံကြည်သူများနှင့် ရင်းနှီးစွာ ဆက်ဆံမှု့ကို ရှောင်ရှားရမည်။

လူတစ်ဦးသည် ပထမဆုံးကယ်တင်ခံရပြီးသောအခါ သူ၌ကယ်တင်ခြင်းမခံရသေးသော မိတ်ဆွေများစွာရှိလိမ့်မည်။ ဤမယုံကြည်သူ မိတ်ဆွေများသည် ခရစ်ယာန်အသစ်တဦးအတွက် အန္တရာယ်ရှိနိုင်သည်။ အန္တရာယ်မှာ သူတို့သည် သူ့ကို ဘုရားသခင်နှင့်ဝေးရာ ဤလောကအတွင်းသို့ ပြန်ခေါ်သွားနိုင်သည်။ သင်သည် မယုံကြည်သူတစ်ဦးနှင့် နက်ရှိုင်းသောပေါင်းသင်းဆက်ဆံမှုရှိလိုသောအခါ သူ၏လွှမ်းမိုးခြင်းနှင့် သူ၏အမြင် တစ်ချို့ အား ဖလှယ်ရယူခြင်းကို ရှောင်ရှားနိုင်မည် မဟုတ်ပါ။ ကျမ်းစာက "မကောင်းသောသူတို့နှင့်ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်း တတ်၏။""ဟု ဆိုသည်။ (၁ကော ၁၅း၃၃)

သင်သည် သင်၏ယခင်မိတ်ဆွေကို ဆက်လက် ချစ်ကောင်းချစ်မည်ဖြစ်သော်လည်း ယခုတွင် သင်၏ ရည်ရွယ်ချက်သည် ထိုသူကို ခရစ်တော် ထံသို့ ပို့ဆောင်ပေးရန် ဖြစ်သင့်သည်။ အချိန်အတန်ကြာပြီး နောက်ထိုသူသည် ခရစ်တော်ကို ဆက်လက်ငြင်းပယ်နေပါက သူနှင့်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံမှု့ကို ရပ်စဲရမည် ဖြစ်သည်။ ဆက်လက်ပေါင်းသင်းပါက ထိုသူ၏ဆွဲချခြင်းကို ခံရမည်ဖြစ်သည်။

တစ်ခါက မိန်းမငယ်တစ်ယောက်သည် ကြီးမြတ်သော တရားဟောဆရာ Charles H Spurgeon အား တွေ့ရန်လာခဲ့သည်။ ထို့နောက် မယုံကြည်သော ယောက်ျားငယ်တစ်ဦးနှင့် နက်ရှိုင်းစွာပေါင်းသင်း ဆက်ဆံမှုရှိကြောင်းကို ပြောပြသည်။ သူမ၏ရည်ရွယ်ချက်မှာ သူ့အား ခရစ်တော်ထံ ပို့ဆောင်ပေးရန်ဖြစ်ကြောင်းနှင့် မကြာမီ စေ့စပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောပြသည်။ သူမသည် သူ၏အကြံဥာဏ်ကို တောင်းခံနေသောကြောင့် Spurgeon သည် မိန်းမငယ်ကို စားပွဲတစ်ခုအပေါ်တွင် မတ်တပ်ရပ်စေခဲ့သည်။ ထို့နောက် သူ့လက်ကိုဆုပ်ကိုင်စေ၍ သူမ၏ အား အကုန်သုံး၍ သူ့ကို စားပွဲပေါ်ဆွဲတင်ရန် ပြောခဲ့သည်။ သူမလည်း ဆွဲတင်ရန် ကြိုးစားသော်လည်း မဆွဲတင်နိုင်ခဲ့ပါ။ ထို့နောက် Spurgeon "ကဲအခု ငါမင်းကို ဆွဲတဲ့အခါ ဘာဖြစ်မလဲ ဆိုတာကြည့်"ဟု ပြောပြီး ဆွဲချလိုက်သောအခါ တစ်ချက်တည်းပါလာ သည်။ Spurgeon ဆက်ပြောသည်မှာ ""ဆွဲချဖို့က လွယ်ပေမယ့် ဆွဲတင်ဖို့ခက်တယ်"" ဟုပြောလိုက်သည် ချက်ချင်းပင် မိန်းမငယ်သည် ကယ်တင်ခြင်းမခံရသောလူငယ်နှင့် ပေါင်းသင်းဆက်ဆံခြင်း၌ ဘာတွေဖြစ် ပျက်လာမည်ကို သိမြင်သွားခဲ့သည်။

ကျွန်ုပ်တို့ထပ်ပြောမည်။ ကယ်တင်ခြင်းမခံရသော လူတစ်ဦးနှင့် နက်ရှိုင်းစွာ ပေါင်းသင်းဆက်ဆံမှု ကို မထိန်းသိမ်း မတည်ဆောက်ပါနှင့်။ ထိန်းသိမ်းတည်ဆောက်ပါက တစ်ခုသော ရလဒ်မှာ သင်သည် ဆွဲချခံရမည် ဖြစ်သည်။


(၂) ကျွန်ုပ်တို့သည် ပြက်ရယ်ပြုသူများ၊ လူမိုက်များနှင့် ပေါင်းသင်းဆက်ဆံမှုကို ရှောင်းရှားရမည် ဖြစ်သည်။

ပြက်ရယ်ပြုသူများ လူမိုက်များနှင့် ပေါင်းသင်းဆက်ဆံမှုကို ရှောင်ရှားရမည်ဟု ဘုရားသခင်က သတိပေးထားသည်။ ကျမ်းစာထဲတွင် ""လူမိုက် (Fool) ဆိုသောစကားလုံးသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း သူများကိုပြောခြင်းမဟုတ်ဘဲ ဘုရားသခင်နှင့် နှုတ်ကပတ်တော်တို့ကို ပုန်ကန် လိုသော သဘောထားရှိ သူများကို ဆိုလိုခြင်းဖြစ်သည်။ ပြက်ရယ်ပြုသူများ (Scoffers) များဆိုသည်မှာ ဘုရားသခင်နှင့်သက်ဆိုင် သောအရာများနှင့် သမ္မာကျမ်းစာကို ပြက်ရယ်ပြုသူများကို ဆိုလိုခြင်းဖြစ်သည်။ ထိုသူများနှင့်ရောယှက်စပ်နွယ်မှုကို ရှောင်ရှားရမည်ဖြစ်သည်။ ဒါဝိဒ်က ""မတရားသော သူတို့၏တိုက်တွန်းခြင်းသို့မလိုက်။ လူဆိုးတို့၏လမ်းတွင် မရပ်မနေ။ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်... သူသည်မင်္ဂလာ ရှိ၏။""ဟု ဆိုသည်။ (ဆာ ၁း၁)

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လိုလားပါက ကောက်ကျစ်သော သူတို့၏ အကြံ ဉဏ်ပေးမှု့ကို မတောင်းခံ မလက်ခံ သင့်ပါ။ ""လူဆိုးတို့၏လမ်းတွင် မရပ်မနေ""ဆိုသည်မှာ ""လူဆိုးများ (sinners) များ သွားသောနေရာများကို မသွားသင့်ကြောင်းကို ဆိုလိုသည်။ ""မထီမဲ့မြင်ပြုသော သူတို့၏အစည်းအဝေး၌ မထိုင်ဆိုသည်မှာ သမ္မာကျမ်းစာကို ပြက်ရယ်ပြုသူများနှင့် ဘုရားသခင်နှင့်သက်ဆိုင်သောအရာများကို ရွံ့ရှာသူများနှင့် မပေါင်းသင်းသင့်ကြောင်း""ကို ဆိုလိုခြင်းဖြစ်သည်။


(၃) ကျွန်ုပ်တို့သည် ကိုယ်ကျင့်စရိုက်လက္ခဏာ အချို့မကောင်းသူများနှင့်မပေါင်းသင်း သင့်ပါ

သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ပြက်ရယ်ပြုသူများ၊ လူမိုက်များနှင့် မပေါင်းသင်းရန်သတိပေးရုံ မက ကိုယ်ကျင့်စရိုက် လက္ခဏာ အချို့မကောင်းသူများနှင့်လည်း မပေါင်းသင်း၊ မဆက်ဆံရန် သတိပေးထား သည်။


++ အတင်းပြောတတ်ခြင်း

ဤလူအမျိုးအစားသည် သူတပါး၏မကောင်းသတင်းကို အခြားသူများအား ၀မ်းမြောက်စွာပြောပြ တတ်သူဖြစ်သည်။ ကျမ်းစာက ""လည်၍ စကားများ တတ်သောသူ(အတင်းပြောသူ) လျှို့ဝှက်အပ်သောအရာကို ဖော်ပြ၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဘော်နှင့်။" (သုတ္တံ ၂၀း၁၉)


++ ဝေဖန်တတ်ပြီး မကျေနပ်မရောင့်ရဲနိုင်ခြင်း

ခါးသီး၍ဝေဖန်တတ်သော စိတ်ရှိသူများ၊ အထူးသဖြင့် အာဏာရှိသူများကို နားကြည်းပုန်ကန်သော သူများနှင့် မိတ်ဆွေဖြစ်ခြင်း ကို သတိထားပါ။ သူတို့နှင့်ပေါင်းသင်းရောယှက်ပါက သူတို့၏ဝေဖန်တတ်သောစိတ်ကို သင့်ဆီ လက်ဆင့်ကမ်းပေးဝေမည် ဖြစ်သည်။


++ ဒေါသထွက်လွယ်ခြင်း

ဒေါသထွက်လွယ်သူသည် မိမိ၏ဒေါသကို မည်သို့ထိန်းချုပ်ရမည်ကို မသိပါ။ ထိုသူနှင့် ပေါင်းသင်းပါက သူ့နည်းနာများကို သင် သင်ယူ ပေလိမ့်မည်။ ကျမ်းစာက ""စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သော သူနှင့်အတူမလိုက်နှင့်။ လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကို သင်ရန်၊ ကိုယ့်အသက် ကျော့မိရာ ဖြစ်လိမ့်မည်။""ဟု ဆိုသည်။ (သုတ္တံ ၂၂း၂၄-၂၅)


++ ကိုယ်ကျင့်တရား မကောင်းသူများ

ကျမ်းစာက ကိုယ်ကျင့်တရားမကောင်းသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ရှောင်ကြည်ရန် သတိပေးထားသည်။ အကယ်၍ ကျွန်ုပ်သည် သူတို့ကဲ့သို့သော နှုတ်ကပတ်တော်နှင့်ဆန့်ကျင်သော ပြုမူ ဆောင်ရွက်မှု့များနှင့် စံနှုန်းများရှိသူတို့နှင့် ပေါင်းသင်းပါက ကျွန်ုပ်သည် ပျက်စီးခြင်းသို့ သွားရာ လမ်းထဲ သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျမ်းစာထဲတွင် ဤသတင်းစကားကို ထပ်ခါထပ်ခါပြောထားသည်။ သတင်း စကားမှာ ""ကျွန်ုပ်တို့မိတ်ဆွေအဖြစ် ရွေးချယ်ထားသော သူတို့ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာကြ သည်။""ပင်ဖြစ်သည်။


ငြင်းဆိုခြင်း ( NO) ဟုပြောရန်သင်ယူခြင်း

မှန်သောမိတ်ဆွေအမျိုးအစားများ ရရှိရန်အတွက် မှားယွင်းသော မိတ်ဆွေအမျိုးအစားထဲတွင် ပါသော သူများအား" NO" ဟု ပြောရမည် ဖြစ်သည်။ သုတ္တံကျမ်းထဲတွင် ဘုရားသခင်ကျွန်ုပ်တို့ကို သင်ယူစေလိုသောအရာမှာ "အခြားသူများသည် မှားသောအရာများကို ပြုလုပ်ရန် အတွက် သင့်ကို သွေးဆောင်ခြင်းကို ခွင့်မပြုနှင့်။" ပင်ဖြစ်သည်။ ကျမ်းစာက "ငါ့သားလူဆိုးတို့သည် သင့်ကိုသွေးဆောင် လျှင်မခံနှင့်။"ဟု ဆိုသည်။ (သုတ္တံ ၁း၁၀)

ကျွန်ုပ်တို့ပြောရန် သင်ယူရမည့်အရေးကြီးဆုံးစကားများထဲမှ တစ်ခုမှာစာလုံး(၂) လုံးသာရှိသော "NO" ပင်ဖြစ်သည်။ ထိုစကားလုံးကို နှစ်လိုဖွယ်၊ ခိုင်ခိုင်မာမာနှင့် နောက်ဆုံး၌ပြောနိုင်ရန် သင်ယူထားရ မည်ဖြစ်သည်။

အကယ်၍ဘုရားသခင်ပေးထားသော သင်၏သက်ဝင်ယုံကြည်မှုများကို ချိုးဖျက်မည့်အရာ တခုခုကို သင့်အားပြုလုပ်ရန် ပြောပါက " NO" ဟု ပြောပြီး တချိန်တည်းမှာပင် မိမိသည်ခရစ်တော်နှင့် သက်ဆိုင်သူဖြစ်ကြောင်းပြပါ။ ဤသို့လုပ်ပါက ထိုကိစ္စကို အဆုံးသတ်နိုင်ကောင်းသည်။ ကျွန်ုပ်တို့ ဆိုလို သောအရာကို သိနိုင်ရန် ဤဥပမာကို တင်ပြထားသည်။


မိတ်ဆွေ ။ ။ ""လာစမ်းပါ၊ ဒီဟာ ဟိုဟာလုပ်ကြရအောင်။""

သင် (ပြုံးလျက်) ။ "ကျေးဇူးပြု၍ မလုပ်ပါရစေနဲ့ " (No, thank you )

မိတ်ဆွေ။ ။ ဘာဖြစ်လို့လဲကွ

သင်(ပြုံးလျက်) ။ ""ဘာဖြစ်လို့လဲဆိုတော့ ငါ့ဘ၀ကို ယေရှုခရစ်တော်ထံဆက်ကပ်အပ်နှံထားလို့ပဲ""

"Tom" သည် ခရစ်ယာန်မဖြစ်မီက သူသည်သူတို့မြို့ရှိ ဘီယာဆိုင်တန်းတို့၌ သူငယ်ချင်းများနှင့် သောက်စားပျော်မွေ့ခဲ့သည်။ ထို့နောက်

"Tom"သည် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့ပြီး အနေအထားတို့သည် ပြောင်းလဲသွားခဲ့သည်။ သူသည်ဘီယာဆိုင်တန်းစီသို့ မသွားချင်တော့ပါ။ သူ့မိတ်ဆွေများက ဤအချက်ကို မနှစ်သက်သောကြောင့် သူအရှုံးမပေးအချင်း သူ့ကိုအမျိုးမျိုး ကျီစယ်နောက်ပြောင်ကြသည်။ နောက်ပိုင်းတွင် သူသည် သူ၏သောက်ဖော်သောက်ဖက်များနှင့် ပြန်အဖွဲ့ကျသွားခဲ့သည်။ ထိုအရာသည် စာတန် စောင့်မျှော်နေသော အခွင့်အရေးကို စာတန်အားပေးလိုက် ခြင်းဖြစ်သည်။

တစ်ညတွင် " Tom " နှင့် သူ့မိတ်ဆွေများသည် ကားပြိုင်မောင်းကြရာ " Tom " ရှုံးသွားခဲ့သည်။ ကားသည် မှောက်လဲ၍ ကြေမွပျက်စီး သွားခဲ့သည်။ " Tom " ၏မိတ်ဆွေများသည် သူ့ကိုကားထဲမှဆွဲထုတ် ၍မြေကြီးပေါ်တွင် ဆန့်ထားခဲ့သည်။ သူတို့သည် အလွန်မူးနေကြသဖြင့် " Tom" အား ရွေ့ရန် ဆေးလုပ်သားတို့အလာကို စောင့်ရမည်ကို မသိရှိခဲ့ကြပေ။

"Tom" ၏နောက်ကျောသည် လည်ပင်းအောက်နားလေး၌ပင် ကျိုးသွားခဲ့သည်။ လေးလံသော အလေးချိန်သည် သူ့တင်ပဆုံရိုး၊ ခြေထောက်များနှင့် လက်မောင်းပေါ်တွင် ကျရောက်လျက်ဆေးရုံပေါ်တွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ညှဉ်းဆဲသကဲ့သို့ ရပ်ပေါင်းများစွာနှင့် စိတ်ပျက်ဖွယ်ရှည်လျားသော ည ပေါင်းများစွာကို အဆက်မပြတ်ဖြတ်ကျော်ခဲ့ရသည်။

ယခုတွင် "Tom" သည် ဟိုဟိုဒီဒီသွားဖို့ ၀ီးချဲလ်ကို အသုံးပြုသည်။ သူဘယ်တော့မှလမ်းပြန် လျှောက်နိုင်မည်မဟုတ်ပါ။ သူလက်များ နေရာတွင် အစားထိုးထားသော လက်အတုများရှိသော်လည်း လက်အစစ်ကဲ့သို့ မလုပ်ဆောင်နိုင်ပါ။

သူသည် သခင့်ထံသို့ပြန်လာသလော။ ကျွန်မ မသိပါ။ ကျွန်မသိသည်မှာ သူသည် ဒုက္ခဝေဒနာကို ကြီးစွာခံစားရပြီး ကျွန်မလည်းသူနှင့်အတူ ခံစားခဲ့သည်။ ထိုဆေးရုံတွင် ကျွန်မသည်သူ၏ ညစောင့် သူနာပြု ဆရာမ ဖြစ်သည်။ (Joyce Dix)


ကျွန်ုပ်တို့ လိုအပ်သော ပေါင်းသင်းဆက်ဆံရေး

မိတ်ဆွေဆိုးများသည် ကျွန်ုပ်တို့ကို မည်သို့မှားယွင်းသော နည်းလမ်းဖြင့် လွှမ်းမိုးနိုင်သည်ကို လေ့လာခဲ့ပြီးဖြစ်သည်။ သို့သော် မိတ်ဆွေ ကောင်းများသည် ကျွန်ုပ်တို့အပေါ်တွင် ကောင်းမွန်သောလွှမ်းမိုး မှုများရှိသည်ဟု ပြောခြင်းမှာ မှန်ကန်သည်။ ထို့ကြောင့် မိတ်ဆွေကောင်းများကို မည်သို့ ရနိုင်မည်နည်း။

မိတ်ဆွေကောင်းများကို ရရန်အတွက် ကျွန်ုပ်တို့၏မိတ်ဆွေကောင်းများနှင့် တွေ့ဆုံမှုအပေါ်တွင် မူတည်သည်ဟု ကျွန်ုပ်တို့ ထင်လေ့ရှိကြ သည်။ သို့သော် ကျွန်ုပ်တို့ကိုယ်၌က အခြားသူတို့အတွက် မိတ်ဆွေကောင်းများဖြစ်ကြရန်အပေါ်တွင် သာ၍မူတည်နေသည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော် က ပြောထားသည်။ တနည်းအားဖြင့်ပြောလျှင် မိတ်ဆွေကောင်းများရရန်အတွက် ကျွန်ုပ်ကိုယ်တိုင်က (အခြားသူတို့ အတွက်) မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ရမည်ဟု ပြောခြင်းဖြစ်သည်။

ယခုတွင် စစ်မှန်သောမိတ်ဆွေတစ်ဦး၏ ကျွန်ုပ်တို့လိုလားတောင့်တသော ကိုယ်ရည်ကိုယ်သွေးများ ကိုကြည့်ကြပါစို့။ ဤကိုယ်ရည် ကိုယ်သွေးများ ကို ကြည့်ရှုဆင်ခြင်နေတုံး ""မိမိသည် ဤလူအမျိုးအစား ဖြစ် သလော"" ""ကျွန်ုပ်၏ဘ၀အသက်တာတွင် ဤကဲ့သို့သော ကိုယ်ရည် ကိုယ်သွေးများရှိရဲ့လား"" ဟု မေးကြ ပါစို့။


သခင်ယေရှုကိုချစ်သော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်

ကျွန်ုပ်၏မိတ်ဆွေအဖြစ် ရွေးချယ်ထားသောသူတို့ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာကြမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏အကောင်းဆုံး မိတ်ဆွေများ သည် သခင်ယေရှုကိုသိ၍ ချစ်သောသူများဖြစ်သလားဆိုတာကို ဂရုစိုက်ကြည့်ရမည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူ၊ ဒါဝိဒ်သည် သူ့မိတ်ဆွေများကို ဉဏ်ပညာရှိစွာ ရွေးချယ်ခဲ့သည်။ ဒါဝိဒ်က ""ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသော သြ၀ါဒ တို့ကို နားထောင်သူ ရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဖော်တတ်ပါ၏။""ဟု ဆိုထားသည်။ (ဆာလံ ၁၁၉း၆၃)


ကျွနုပ်ကိုချစ်၍ လက်ခံသော မိတ်ဆွေတစ်ဦး ကျွန်ုပ် လိုအပ်သည်။

ကျွန်ုပ်၏အနက်ရှိုင်းဆုံးသောလိုအပ်ချက်တစ်ခုမှာ ကျွန်ုပ်အတွက်အရေးပါသူတစ်ဦးသည် ကျွန်ုပ်ကိုချစ်၍ လက်ခံရန်ဖြစ်သည်။ ထင်ရှားသော စိတ်ပညာရှင်တစ်ဦးက"ကျွန်ုပ်တို့ဘ၀အသက်တာ၏ အချိန်တိုင်းတွင် ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး ကျွန်ုပ်တို့ကလည်းပြန်၍ ဂရုစိုက်သော အနည်းဆုံး လူ တစ်ဦး ရှိရမည်။ကျွန်ုပ်တို့တွင် ဤသို့သော လူတစ်ဦးမရှိပါက ကျွန်ုပ်တို့၏အခြေခံ အကျဆုံး လိုအပ်ချက်ကိုဖြည့်ဆည်းနိုင် မည်မဟုတ်ပါ။ ( William Glasser )

ကျွန်ုပ်တို့ဂရုစိုက်သကဲ့သို့ ကျွန်ုပ်တို့ကို ဂရုစိုက်သော၊ မိတ်ဆွေတစ်ဦးရှိချိန်တွင်၊ ဤအချက်က ပေါင်းသင်း ဆက်ဆံမှု၌ ၀မ်းမြောက်နိုင်ရန် အတွက် ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။ ဤမိတ်ဆွေမျိုး ရရန်အတွက် ကျွနုပ်ကိုယ်တိုင်က ဤမိတ်ဆွေမျိုးဖြစ်ရမည်။


ကျွန်ုပ်၏၀န်ထုတ်ဝန်ပိုးများကို ကူသယ်ပေးသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

စစ်မှန်သောမိတ်ဆွေတစ်ဦးသည် ကျွန်ုပ်၏ပြသနာများ၌ ပါဝင်ပတ်သက်မှု့ရှိပြီး ကျွန်ုပ်၏၀န်ကို ကူသယ်ပေးလိုသည်။ ကျွန်ုပ်သည် ဤမိတ်ဆွေမျိုး လိုချင်ပါက ကျွန်ုပ်ကိုယ်တိုင်က သူတပါးတို့၏၀န်ကို ကူသယ်ပေးလိုသော သူတစ်ဦးဖြစ်ရမည်။ ကျမ်းစာက ""ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။""ဟု ဆိုထားသည်။ (ဂလာတိ၊ ၆း၂)


ကျွန်ုပ်အပေါ်တွင် သစ္စာရှိသောမိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

စစ်မှန်သောမိတ်ဆွေတစ်ဦး၏ လက္ခဏာတစ်ခုမှာ သင့်သူ့ကိုလိုအပ်ချိန်၌ သူရှိနေခြင်းဖြစ်သည်။ သင် သူ့ အပေါ်တွင် ယုံကြည်စိတ်ချနိုင် သည်။ ကျွန်ုပ်သည် ဤကဲ့သို့သော လူစားမျိုးလား?


ကျွန်ုပ်ကို အားပေးတိုက်တွန်းသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

ကျွန်ုပ်တို့အားလုံးသည် အားပေးတိုက်တွန်းမှု့ကို လိုအပ်သည်။ တစ်စုံတစ်ဦးက "တိုက်တွန်းအားပေးခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်ကြ၍ ထို အရာမရှိပါက နှေးကွေးစွာ ၀မ်းနည်းစွာ ဒေါသကြီးစွာ သေဆုံး သွားမည်ဟု ပြောခဲ့သည်။ ကျွန်ုပ်သည် အခြားသူများကို အားပေးတိုက်တွန်းရမည်လော။


ယုံကြည်ကိုးစားထိုက်သော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

ခိုင်မာသောပေါင်းသင်းဆက်ဆံမှုသည် အပြန်အလှန်ယုံကြည်ကိုးစားနိုင်မှု့အပေါ်တွင် မူတည်သည်။ ကျွန်ုပ်ယုံကြည်နိုင်သော မိတ်ဆွေတစ်ဦး ကို ကျွန်ုပ်လိုချင်ပါက ကျွန်ုပ်လည်း ယုံကြည်ကိုးစား ထိုက်သူတစ်ဦးဖြစ်ရမည်။


ကျွန်ုပ်အပေါ်တွင် ရိုးသားသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

စစ်မှန်သောမိတ်ဆွေဆိုသည်မှာ ကျွန်ုပ်အပေါ်တွင် နှစ်လိုဖွယ်ရိုးသားသူ၊ ကျွန်ုပ်အတွက် ဂရုအလွန် စိုက်သဖြင့် မှားနေလျှင် အမှန် ပြင်ပေး မည့်သူ ကို ဆိုလိုသည်။ ကျမ်းစာက ""အဆွေခင်ပွန်းသည် ဒဏ်ပေး သောအခါ သစ္စာစောင့်လျက်ပေး၏။""ဟု ဆိုသည်။ (သုတ၊္တံ ၂၇း၆)


ကျွန်ုပ်အတွက် စဉ်းစားပေးသောမိတ်ဆွေတစ်ဦးကို ကျွန်ုပ်လိုအပ်သည်။

ကျွန်ုပ်တို့သည် သူတပါးတို့အတွက် စဉ်းစားပေးခြင်းဆိုသော ကိုယ်ရည်ကိုယ်သွေးကို အခြားသူတို့ တွင် ရှိစေလိုသည်။ ထိုနည်းတူပင် ကျွန်ုပ်တို့တွင်လည်း ထိုကိုယ်ရည်ကိုယ်သွေးရှိကြရန် အခြားသူများက မျှော်လင့်ကြပေမည်။ ကျွန်ုပ်သည် အခြားသူများအတွက် စဉ်းစားပေးသလော။


မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း

မိတ်ဆွေတစ်ဦး၌ ကျွန်ုပ်တို့ လိုလားတောင့်တသေ ကိုယ်ရည်ကိုယ်သွေးများအကြောင်းကို လေ့လာခဲ့ ပြီးဖြစ်သည်။ ယခုတွင် မှန်ကန်သော ပေါင်းဆင်းဆက်ဆံမှုကို တည်ဆောက်ရန်အတွက် ကျွန်ုပ်ဘက်မှ မည်သို့ သဘောထားများရှိသင့်သည်ကို စဉ်းစားလေ့လာကြမည်ဖြစ်သည်။


(၁) ကျွန်ုပ်သည် မိမိကိုယ်ကို လက်ခံသည်။

ကျွန်ုပ်သည် မိမိကိုယ်ကို လက်မခံပါက အခြားသူများနှင့်မိတ်ဆွေဖွဲ့ရန်၊ ကျွန်ုပ်၏ယုံကြည်ခြင်းကို အခြားသူများနှင့် မျှဝေရန်တို့မှာ ကျွန်ုပ် အတွက်ခက်ခဲလိမ့်မည်။ မိမိကိုယ်ကိုလက်ခံခြင်းဟု ဆိုရာ၌ ကျွန်ုပ် ဖြစ်ချင်သောအရာအားလုံး၊ ဖြစ်သင့်သောအရာအားလုံးသည် ကျွန်ုပ်၌ဖြစ်နေသည်ကို ကျွန်ုပ်ယုံကြည်ကြောင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ဤအရာက ရိုးရှင်းစွာဆိုလိုသည်မှာ ကျွန်ုပ်သည် ဘုရားသခင်က ဖန်ဆင်းရွေးနှုတ်ထား၍ ဘုရားသခင် အတွက် အဖိုးထိုက်သူ၊ တန်ဖိုးရှိသူတစ်ဦးဖြစ်သည်ဟု မိမိကိုယ်ကို မြင်ခြင်းဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကို ဤနည်းအတိုင်း ထင်မြင်ရန် သင်ယူသော အခါ ကျွုန်ုပ်သည် အခြားသူများကို လက်ခံလာနိုင်ပြီး ဘုရားသခင်၏ မေတ္တာတော်ကိုလည်း သူတို့အား ဖော်ပြလာနိုင်မည် ဖြစ်သည်။


(၂) ကျွန်ုပ် သင့်ကို လက်ခံသည်။

လူတိုင်းတွင် အခြားသူများ၏လက်ခံခြင်းကို ရရှိလိုသောနက်ရှိုင်းသောအတွင်းပိုင်း လိုအပ်ချက် တစ်ခုရှိသည်။ ကျွန်ုပ်သည် သူတို့ကို လက်ခံ ကြောင်းကို ကျွန်ုပ်၏သဘောထားနှင့် လုပ်ဆောင်မှု့များအားဖြင့် ပြသခြင်းအားဖြင့် သူတို့ကလည်းကျွန်ုပ်ကိုပြန်လည်လက်ခံလာစေရန် လမ်းဖွင့်ပေးသည်။


(၄) သင်သည် တန်ဖိုးရှိကြောင်းကို ကျွန်ုပ်ယုံကြည်သည်။

ပေါင်းသင်းဆက်ဆံမှု့များသည် ချစ်ခြင်းမေတ္တာဆိုသောအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျွန်ုပ်သည် မည်သူကို တွေ့သည် မဆို၊ ဘုရားသခင်သည် ထိုသူတို့ကိုချစ်ပြီး သူ၏မေတ္တာတော် ကို ထိုသူတို့အားဖော်ပြစေလိုသည်။


(၅) ကျွန်ုပ်သည် ဖော်ရွေမည်

မိတ်ဆွေလိုချင်ပါက ကျွန်ုပ်တို့သည် ဖော်ရွေရမည်။ ကျမ်းစာက ""မိတ်ဆွေများ ရှိသူတစ်ဦးသည် သူကိုယ်တိုင်က ဖော်ရွေကြောင်း ပြရ မည်"" ဟု ပြောထားသည်။ (သုတ္တံ ၁၈း၂၄)


(၆) ကျွနုပ်သည် သင့်ကို စိတ်ဝင်စားသည်။

သင်သည် အခြားသူများက သင့်ကိုစိတ်ဝင်စားလာအောင် လုပ်ဆောင်ခြင်းထက်၊ အခြားသူများအား အမှန်တကယ် စိတ်ဝင်စားလာခြင်း အားဖြင့် သာ၍များပြားသော မိတ်ဆွေများကို ရရှိလာမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် မိမိအကြောင်းနှင့် သူတပါးကမိမိကို ဘယ်လိုထင်မြင်မလဲဆိုသော အကြောင်းကို အဆက်မပြတ်တွေးတောပါက ကျွန်ုပ်တို့သည် လူများကြား၌ မသက်မသာဖြစ်နေမည်။ ချစ်ခြင်းမေတ္တာနှင့် ရိုးဖြောင့်သော စိတ်ဝင်စားမှု့ တို့ဖြင့် အခြားသူများထံသို့ သွားရောက်နိုင်ရန်အတွက် မိမိအတွင်း၌ မိမိပိတ်မိ နေခြင်းမှ လွတ်မြောက်စေရန် ဘုရားသခင်အား တောင်းဆိုရမည်ဖြစ်သည်။ အကယ်၍ သင်၏သဘော ထားသည် ပြောင်းလဲရန်လိုအပ်ပါက ဘုရားသခင်၏အကူအညီယူ၍ သင်ပြောင်းလဲနိုင်သည်။

လူများကို ဂရုစိုက်ကြောင်း ပြသရန်နည်းလမ်းတစ်ခုမှာ သူတို့ပြောတာကိုနားထောင်ပေးခြင်း ဖြစ်သည်။ ကောင်းမွန်သော ပေါင်းသင်း ဆက်ဆံမှု့၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ သူတို့၏ ၀န်ထုပ်ဝန်ပိုးကို ကူသယ်ရန်နှင့် ပြဿနာများကို အဖြေကူရှာပေးခြင်းဖြစ်သည်။ ဤသို့ လုပ်နိုင်ရန် သူတို့ ပြောတာကို ကြားဖြတ်မပြောဘဲ ဂရုတစိုက်နားထောင်ရန် လိုအပ်သည်။ ဤအရည်အသွေးကို ကျွန်ုပ်တို့ သင်ယူ ရရှိရန် လိုအပ်သည်။ ညံ့ဖျင်းသောနားထောင်သူများသည် မိတ်ဆွေကောင်းများ မရနိုင်ပါ။


(၇) ကျွန်ုပ်ကို ဆက်ဆံစေချင်သလိုမျိုး သင့်ကို ကျွန်ုပ်ဆက်ဆံမည်။

ယေရှုသည် အခြားသူများနှင့် ဆက်ဆံခြင်းနှင့်ပတ်သက်၍ ရွှေစည်းမျဉ်းကို ကျွန်ုပ်တို့အားပေးခဲ့ သည်။ ထိုစည်းမျဉ်းမှာ အဘယ်နည်း။ ရိုးရှင်းစွာပင် ""သင့်ကို ဆက်ဆံစေချင်သလိုမျိုး သူတပါးတို့အား ဆက်ဆံရန်ဖြစ်သည်။ ယေရှုက သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်း သူတပါး၌ပြုကြ လော့။"" ဟုဆိုသည်။ (မဿဲ၊ ၇း၁၂)


သင်သည် စစ်မှန်သောမိတ်ဆွေများကို လိုအပ်သည်။

သင်သည် သင်မှီခိုနိုင်သော ရင်းနှီးသောမိတ်ဆွေအချို့ကို လိုအပ်သည်။ သင့်တွင်ထိုသို့သော မိတ်ဆွေများမရှိပါက ဘုရားသခင် မိတ်ဖွဲ့ စေလိုသောသူများထံသို့ သင့်ကိုလမ်းပြပို့ဆောင်ပေးရန် ဘုရားသခင်အားတောင်းခံပါ။ သူတို့၏စစ်မှန်သော မိတ်ဆွေတစ်ဦးဖြစ်လာဖို့ ရည်ရွယ်ချက် ထား၍ လုပ်ဆောင်ပါ။ ထိုသို့လုပ်ပါက သူတို့သည် သင့်မိတ်ဆွေများဖြစ်လာသည်ကို သင်သိလာလိမ့်မည်။

ကျွန်ုပ်၏မိတ်ဆွေများကို ရွေးချယ်နေစဉ်အတွင်း ကျွန်ုပ်တို့ အဓိက သိရမည့်အချက်မှာ ကျွန်ုပ်တို့ အပေါ်သို့ နက်ရှိုင်းစွာ အကျိုးသက်ရောက် မှု့ရှိနိုင်သူများမှာ သခင်ယေရှုကို သိကျွမ်း၊ နာခံသူများ ဖြစ်သည်။ ၀ိညာဉ်ရေးအရ ကြီးထွား၍ ဘုရားသခင်နောက်လိုက်ပြီး အလိုတော်ကို လုပ်ဆောင်သူ နှစ်ဦး၏ ပေါင်းသင်းဆက်ဆံမှုသည် အခိုင်အမာဆုံးနှင့် အရှည်ကြာဆုံး ဆက်ဆံမှုတစ်ခုဖြစ်သည်။

သူငယ်ချင်းနှစ်ဦးသည် ဘုရားသခင်ထံ နီးကပ်စွာချဉ်းကပ်နေခြင်းအားဖြင့် အချင်းချင်းထံသို့ နီးကပ်စွာ ချဉ်းကပ်ကြသည်။ သခင်ယေရှုသည် မိတ်ဆွေအားလုံး၏ မိတ်ဆွေဖြစ်သည်ကို အမြဲတမ်းသတိရပါ။ ကျမ်းစာက ""မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ် တတ်၏။""ဟု ဆိုသည်။ (သုတ္တံ ၁၈း၂၄) ယေရှုခရစ်သည် ထိုသို့သောမိတ်ဆွေဖြစ်ပြီး သူသည်သာ သင်၏အနီးကပ်ဆုံးနှင့် အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သင့်သည်။ သင်သည် သူနှင့်အချိန်ယူကာ မိတ်ဖွဲ့ပါက သူနှင့်တူလာမည်ဖြစ်သည်။ ကျမ်းစာက ""ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ၀ိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏။""ဟု ဆိုသည်။ (၂ကော ၃း၁၈)


ရှာဖွေတွေ့ရှိရသော ရတနာ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရွေးချယ်သော ကျွန်ုပ်တို့၏မိတ်ဆွေများကဲ့သို့ ဖြစ်လာကြသည်။


မေးခွန်းများ

မှန်/မှား

၁။ ပေါင်းသင်းဆက်ဆံမှုနှင့်ပတ်သက်၍ အရေးကြီးသော အချက်တစ်ချက်မှာ ကျွန်ုပ်တို့၏မိတ်ဆွေ များအဖြစ် ရွေးချယ်ထားသော သူများ ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာသည်။

၂။ မယုံကြည်သူတစ်ဦးနှင့် နက်ရှိုင်းစွာပေါင်းသင်းဆက်ဆံပါက သင်သည်သူ၏လွှမ်းမိုးခြင်းကို ခံရပြီး သူ့အမြင်အချို့နှင့် လုပ်ဆောင်ချက်တို့ကို ဖလှယ်ရယူမည်ဖြစ်သည်။

၃။ အကယ်၍သင်သည် ယုံကြည်ခြင်းအရာ၌ ပြင်းပြသူတစ်ဦးဖြစ်ပါက မယုံကြည်သူတစ်ဦးနှင့် နက်ရှိုင်းစွာ ပေါင်းသင်းဆက်ဆံမှုကို ဆက်လက်ပြုနိုင်သည်။

၎။ ယုံကြည်သူတစ်ဦးသည် မယုံကြည်သူတစ်ဦးကို အများအားဖြင့် ""ဆွဲတင်""နိုင်သည်။

၅။ လူနှစ်ဦး၏ အခိုင်မာဆုံးနှင့် အရှည်ကြာဆုံးပေါင်းသင်းဆက်ဆံမှု့ကို ၀ိညာဉ်ရေးအရ ရင့်ကျက် ကြီးထွား၍ ဘုရားသခင် နောက်ကိုလိုက်လိုပြီး အလိုတော်ကို လုပ်ဆောင်ကြသော လူနှစ်ဦး၏ပေါင်းသင်း ဆက်ဆံမှု့မျိုးတွင် တွေ့ရှိရသည်။

၆။ အထီးကျန်ခြင်းကို ကျွန်ုပ်တို့၏ အချိန်ကာလတွင်အဖြစ်အများပြသနာဟုခေါ်ဆိုကြသည်။

၇။ ဆာလံ ၁း၁တွင် ဘုရားသခင်ကောင်းချီးပေးသောသူသည် မယုံကြည်သူထံမှ အကြံဉဏ်ကို မတောင်းခံ။ လက်မခံပါ။

၈။ ကျွန်ုပ်သည် မိမိကိုယ်ကို လက်မခံပါက အခြားသူများ မိတ်ဆွေဖြစ်ရန် ခက်ခဲမည်ဖြစ်သလို ကျွန်ုပ်၏ ယုံကြည်ခြင်းကို ဝေမျှရန်လည်း ခက်ခဲမည်ဖြစ်သည်။

၉။ မိတ်ဆွေကောင်းများရှိရန်အတွက် ကျွန်ုပ်ကိုယ်တိုင်က အခြားသူတို့အတွက် မိတ်ဆွေကောင်းဖြစ် ရမည်။

၁၀။ စစ်မှန်သော မိတ်ဆွေသည် ကျွန်ုပ်၏ပြသနာများ၌ ပါဝင်ပတ်သက်၍ ကျွန်ုပ်၏၀န်ထုပ်ဝန်ပိုးများ ကိုကူသယ်ပေးလိုသည်။

ဤသင်ခန်းစာ၏ အဓိကပေးလိုသော သမ္မာတရားမှာ ""ကျွန်ုပ်တို့၏မိတ်ဆွေများအဖြစ် ရွေးချယ်ထား သောသူတို့ကဲ့သို့ ကျွန်ုပ်တို့ ဖြစ်လာကြသည်။""ပင်ဖြစ်သည်။ ဆုတောင်းသောအခါ ဘုရားသခင်၌ ၀မ်းမြောက်၍ နှုတ်ကပတ်တော်ကို ဆင်ခြင် အောက်မေ့သော သူတို့ကို ကောင်းချီးပေးရန် ဆုတောင်းပါ။


ရဲလင်းထွန်း (အင်းစိန်)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support